ဖျာပုံခရိုင်အတွင်း ကျောင်းသား-ဆရာ အချိုးမှာ ၁ အချိုး ၂၈ ဖြစ်သော်လည်း သွားလာရခက်ခဲသည့် နေရာများတွင် ကျောင်းသား-ဆရာ အချိုးမှာ များစွာကွာဟနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖျာပုံခရိုင်အတွင်း ကျောင်းသား-ဆရာ အချိုးမှာ ၁ အချိုး ၂၈ ဖြစ်သော်လည်း သွားလာရခက်ခဲသည့် နေရာများတွင် ကျောင်းသား-ဆရာ အချိုးမှာ များစွာကွာဟနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 22 September 2019
မင်းသူဝင်းထွဋ်

ဖျာပုံခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသားဆရာ အချိုးမှာ ၁ အချိုး ၂၈ ဖြစ်သော်လည်း သွားလာရ ခက်ခဲသည့်နေရာများတွင် ကျောင်းသားဆရာ အချိုးမှာ များစွာ ကွာဟနေကြောင်း ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ပြောကြားသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရာကော်မတီ၏ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များသို့ ကော်မတီရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကွင်းဆင်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် ဖျာပုံခရိုင်အတွင်း အထက်တန်းကျောင်း ၅၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၃ ကျောင်း၊ အလယ်တန်းကျောင်း ၇၇ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၁၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၆၅ ကျောင်း၊ မူလတန်းကျောင်း ၆၈၆ ကျောင်း၊ မူလတန်းကျောင်းခွဲ ၅၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၄၂ ကျောင်း၊ စုစုပေါင်း ၁၂၂၉ ကျောင်းရှိပြီး ခန့်အပ်ပြီး ဆရာဆရာမများမှာ အထက်တန်းပြ ခန့်အပ်  ၆၆၇ ဦး၊ လစ်လပ် ၂၁၅၇ ဦး ရှိပါတယ်။ ကျောင်းသား ကျောင်းသူ အင်အားမှာ ၂၀၇၈၃၀ ဦး ဖြစ်သည့်အတွက် ကျောင်းသားဆရာ အချိုးမှာ ၁ အချိုး ၂၈ ဖြစ်ကြောင်း၊ ဖျာပုံခရိုင် ပညာရေးဌာနရဲ့ တင်ပြမှုအစီရင်ခံစာအရ သိရှိရပါတယ်။ ဖျာပုံခရိုင်အနေဖြင့် ကျောင်းသားဆရာ အချိုးမှာ ၁ အချိုး ၂၈ ဖြစ်သော်လည်း မြို့ပေါ်ကျောင်းများတွင် ဆရာ၊ ဆရာမများ ပြည့်မီနေပြီး သွားလာရခက်ခဲသော နေရာများတွင် ကျောင်းသားဆရာ အချိုးမှာ ကွာဟမှုများစွာ ရှိနေကြောင်း သုံးသပ်ပါတယ်”ဟု ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဘိုဘိုမင်းဇော်က ပြောကြားသည်။

ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ်တွင် ကျောင်းသားဆရာ အချိုးမှာ ၁ အချိုး ၃၆၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသားဆရာ အချိုးမှာ ၁ အချိုး ၄၀၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသားဆရာ အချိုးမှာ ၁ အချိုး ၂၇၊ ဘိုကလေးမြို့နယ်တွင် ကျောင်းသာဆရာ အချိုး မှာ ၁ အချိုး ၂၉ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent