မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ရှိ မြန်မာ့ဘောလုံးလောကအနေအထားမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
ဦးဇော်ဇော်သည် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် RGK+Z&A ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုသည့်အခမ်းအနားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာဘောလုံးအသင်းများ ရှုံးပွဲများ ဆက်တိုက်ကြုံတွေ့နေခြင်း၊ ကလပ်အသင်းအများစု ဖျက်သိမ်းလိုနေခြင်း၊ ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရခြင်း၊ နိုင်ငံတကာပြိုင်ဘက်အသင်းများ ခြေစွမ်းပိုင်းတိုးတက်လာမှုအနေအထားများအပေါ် သုံးသပ်ကာ ဦးဇော်ဇော်က မြန်မာ့ဘောလုံးလောကအနေဖြင့် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရ ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဇော်က ''၂၀၀၅ ခုနှစ်မှာ MFF ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်အထိ ဖီဖာရဲ့ထောက်ပံ့ငွေ၊ စပွန်ဆာငွေကြေးတွေနဲ့ လည်ပတ်နေရတာဖြစ်ပါတယ်။ နိုင်ငံရဲ့အနေအထားအရ နိုင်ငံတော်က ပံ့ပိုးတဲ့ ဘတ်ဂျက်မရှိခဲ့ပါဘူး။ မြန်မာ့ဘောလုံးအောင်မြင်မှုမရတဲ့အခါ မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ အားမလိုအားမရဖြစ်တာကို ကျွန်တော် နားလည်ပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်လည်း ဥက္ကဋ္ဌရာထူးကို အချိန်အကြာကြီးယူထားမှာမဟုတ်ဘဲ နောင်တစ်ချိန်မှာ ဥက္ကဋ္ဌဆောင်ရွက်လိုတဲ့ လူငယ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ MFF မှာ စီမံခန့်ခွဲမှု အားနည်းမှုတွေရှိပြီး တာဝန်အရှိဆုံးက ကျွန်တော်ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အလုပ် ပိုလုပ်ဖို့၊ ပိုကြိုးစားဖို့ လိုလာပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် မနေ့က MNL အသင်းပိုင်ရှင်(၃)ဦးနဲ့တွေ့ ပြီး ဆက်မလုပ်ချင်တော့ဘူးဆိုပြီး ပြောကြပါတယ်။ အခုဆိုရင် (၃၊ ၄)သင်းလောက် ပြန်အပ်ဖို့ ဆန္ဒရှိနေပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ညှိနှိုင်းပြီး ဆက်လုပ်ပေးဖို့နဲ့ လိုအပ်တာတွေကို ထပ်မံပံ့ပိုးပေးမယ်ဆိုပြီး ညှိနှိုင်းထားရပါတယ်။ ကလပ်အသင်းတွေက ငွေတွေအများကြီးသုံးပြီး မြန်မာ့ဘောလုံးက ဘာမှဖြစ်မလာတဲ့အခါ သူတို့အနေနဲ့ ဆက်လုပ်ဖို့ အခက်အခဲရှိလာတယ်ဆိုတာ နားလည်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လိဂ်မရှိတော့ရင် နိုင်ငံသိက္ခာကျနိုင်တဲ့အတွက် သူတို့ကို မေတ္တာရပ်ခံပြီး လိဂ်ကိုဆက်သွားဖို့ ကြိုးစားနေရပါတယ်။ ဘောလုံးအသင်းတွေက ရှုံး၊ အသင်းတွေက ဖျက်ချင်နေတဲ့အချိန်၊ ငွေကြေးအခက်အခဲတွေ ရှိနေတဲ့အချိန်၊ နိုင်ငံတကာအသင်းတွေက ကောင်းလာတဲ့အချိန်၊ ဒီကာလက အခက်အခဲပေါင်းစုံကို စုပေါင်းပြီး ရင်ဆိုင်နေရတဲ့အချိန် ဖြစ်နေပါတယ်''ဟု ထည့်သွင်းပြော ကြားခဲ့သည်။

ဦးဇော်ဇော်သည် MFF ဥက္ကဋ္ဌအဖြစ် (၁၄) နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်နေပြီး ယခု နောက်ပိုင်းနှစ်များတွင် အဖွဲ့ချုပ်၏ စီမံဆောင်ရွက် မှုများအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများမှာလည်း ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံတကာပြိုင်ပွဲအများစု၌ အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိသည်။















