အခြေခံပညာ အတန်းများ၏ ပထမနှစ် စာမေးပွဲများကို ၂၅ မှတ်ဖိုးမေးခွန်းဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးလင်းက ပြောကြားသည်။
အခြေခံပညာ အတန်းများ၏ ပထမနှစ် စာမေးပွဲများကို သီတင်းကျွတ် ကျောင်းပိတ်ရက်မတိုင်မီ စစ်ဆေးရမည် ဖြစ်ကြောင်း ဦးအေးလင်းက ဆိုသည်။
“မနှစ်က ညွှန်ကြားထားတဲ့ အတိုင်းပဲ။ ဘားမှတော့ထပ်ပြီး ညွှန်ကြားထားတာ မရှိသေးဘူး” ဟု ညွှန်ကြားရေးမှူး ဦးအေးလင်းက စာမေးပွဲကျင်းပရန် ညွှန်ကြားထားမှုနှင့် ပက်သက်၍ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အောက်တိုဘာလတွင် ကျင်းပမည့် နှစ်ဝက်ဆုံးစာမေးပွဲများကို တစ်နေ့တစ်ဘာသာနှုန်းဖြင့် စာသင်ချိန် တစ်ချိန်စာ မေးရန် မနှစ်ကတည်းက ညွှန်ကြားထားကြောင်း သိရသည်။
အောက်တိုဘာတွင် ကျင်းပမည့် နှစ်ဝက်ဆုံး စာမေးပွဲတွင် ဇွန်လမှ စက်တင်ဘာလအထိ သင်ကြားမှုများကို စစ်ဆေးရမည် ဖြစ်သည်။
မူလတန်း သင်ရိုးသစ်အတန်းများကို စာမေးပွဲစစ်ဆေးမည် မဟုတ်ဘဲ အလယ်တန်း သင်ရိုးသစ်တန်းကို စာမေးပွဲ စစ်ဆေးသွားမည်ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။
မူလတန်းအဆင့် သင်ရိုးသစ်အတန်းများဖြစ်သော KG၊ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့တွင် စာသင်ခန်းတွင်း အကဲဖြတ်ခြင်းဖြင့် ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။
အလယ်တန်းအဆင့် ဆဋ္ဌမတန်း သင်ရိုးသစ်အတွက် တတ်မြောက်မှု စစ်ဆေးရာတွင် စာပေဘာသာရပ်များ ဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီ၊ သိပ္ပံ၊ သမိုင်းတို့ကို တတ်မြောက်မှု စာမေးပွဲစစ်ဆေး အကဲဖြတ်ရမည်ဖြစ်ပြီး ကျန်ဘာသာများဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ (ပန်းချီ၊ ဂီတ) တို့ကို Performance Based Assessment ဖြင့် ကျောင်းသူ ကျောင်းသားများ၏ တတ်မြောက်မှုကို အကဲဖြတ်ရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။
ကျန်သင်ရိုးဟောင်း အတန်းများကို ပုံမှန်အတိုင်း သင်ကြားပြီးသည့် စာမေးပွဲများ စစ်ဆေးမည်ဟု သိရသည်။ အခြေခံပညာ ကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းကို လေးကြိမ်ကျင်းပရမည်ဟု ညွှန်ကြားထားသည်။ အခန်းဆုံး စစ်ဆေးခြင်းကို ဇူလိုင် သို့မဟုတ် သြဂုတ်တွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် ပထမနှစ်ဝက် စာမေးပွဲတစ်ကြိမ်၊ ဒီဇင်ဘာလတွင် အခန်းဆုံး စစ်ဆေးခြင်း တစ်ကြိမ်နှင့် နှစ်ဆုံးစာမေးပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်သည်။
ယခုနှစ် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် KG၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် ဆဋ္ဌမတန်းတို့ကို သင်ရိုးသစ်ဖြင့် သင်ကြားလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိပြီး ယင်းအခြေခံပညာ ကျောင်းများ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား ကျောင်းသူ ကိုးသန်းကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။















