အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနေပြီး အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများအား တရားဝင်နှင့် ယာယီအိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးလျက်ရှိ

အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနေပြီး အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများအား တရားဝင်နှင့် ယာယီအိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးလျက်ရှိ
စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 17 September 2019
ပြည့်ဖြိုးအောင်



အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား တရားဝင်နှင့် ယာယီ အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၁၇ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၏ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံအကျဆုံး စည်ပင်သာယာရေး နေ့စားဝန်ထမ်းများအတွက် နိုင်ငံသား ကတ်ပြားများကို စီမံချက်ချပြီး ကွင်းဆင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းအား ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအပြင် နောက်လာမယ့်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတိုင်းမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်လျက်ရှိတဲ့ လူဦးရေဆိုင်ရာ အချက်အလက်တွေ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များအား ရေးဆွဲဆောင်ရွက်လျက် ရှိပြီးတော့ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူတွေကို တရားဝင်အိမ်ထောင်စု လူဦးရေစာရင်း ဒါမှမဟုတ် ယာယီအိမ်ထောင်စု လူဦးရေစာရင်းနဲ့ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းတွေကို လက်ရှိကာလမှာ ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ထို့ပြင် အိမ်ထောင်စု လူဦးရေစာရင်း မရှိသည့် ရွှေ့ပြောင်းနေထိုင်သူများအား တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း၊ ယာယီအိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ နေထိုင်မှုပုံစံ၊ နေထိုင်မှုစံနှုန်းများအရ လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေ စာရင်းဖြင့် တရားဝင်နေထိုင်ခြင်း ရှိမရှိ မေးမြန်းစိစစ်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း ရရှိကိုင်ဆောင်ခဲ့ပြီး လက်ရှိဒေသတွင် သုံးနှစ်အထက် နေထိုင်ပြီးသည့် သာမန်ရွှေ့ပြောင်း နေထိုင်သူများအား တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်း၊ အခြားသော နေထိုင်မှုပုံစံများအတွက် ယာယီအိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

“တရားဝင်အိမ်ထောင်စု လူဦးရေစာရင်း ရရှိပြီးသွားရင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း၊ ယာယီအိမ်ထောင်စုစာရင်း ရရှိပြီးရင် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်မိတ္တူဆောင်ရွက်ပေးခြင်း၊ မိဘနှစ်ပါးရဲ့ ကိုင်ဆောင်လက်မှတ် ရှိသူတွေကို မွေးတိုးထည့်သွင်းပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးကိုလည်း ဆက်လက်စိစစ် ဆောင်ရွက်ပေးနေပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေး၊ သန့်ရှင်ရေးတာဝန်ခံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် စည်ပင်နေ့စားဝန်ထမ်းများအနက် ကိုင်ဆောင်လက်မှတ် မရှိသေးသည့် စည်ပင်နေ့စား ဝန်ထမ်း ၅၂ ဦးကို တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း၊ ယာယီအိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းများလည်း စီမံချက်ရေးဆွဲ၍ ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလအလယ်ခန့်မှစပြီး ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် အခြားမြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော စည်ပင်သာယာ နေ့စားဝန်ထမ်းများအတွက် သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်၍ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent