ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဟာဇက်သည် ယနေ့ကစားမည့် လီဗန်တေးနှင့်ပွဲတွင် လာလီဂါပွဲဦးထွက်အဖြစ် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
စက်တင်ဘာလ(၁၃)ရက်က ပြုလုပ်ခဲ့သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
'' အားလုံးက အေဒင်(ဟာဇက်)ကစားတာကို တွေ့မြင်လိုပါတယ်။ ဒီအရာဟာ သူ့အတွက် ဖိအားများသလို၊ သူ့အပေါ်မျှော်လင့်ချက်ကလည်း ကြီးမားပါတယ်။ ဒါပေမဲ့ သူ အဆင်သင့်ဖြစ်နေပြီး ဒါက အရေးကြီးဆုံးအရာပါပဲ'' ဟု ဇီဒန်းက ပြောကြားခဲ့သည်။

ဟာဇက်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ကနဦး ယူရိုသန်း(၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဆယ်လ်တာဗီဂိုနှင့် လာလီဂါအဖွင့်ပွဲတွင် ပါဝင်ကစားရန် မျှော်လင့်ခဲ့သော်လည်း လေ့ကျင့်ရေးတွင် ပေါင်ဒဏ်ရာရရှိသွားမှုကြောင့် (၃)ပတ်ကြာ အရေးယူခဲ့ရသည်။
ဇီဒန်းက '' ဟာဇက်ရဲ့အနေအထားနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမှာပါ။ သူ (၃)ပတ်ကြာ ဒဏ်ရာရခဲ့တယ်။ ပြန်ကောင်းလာတာ (၁)ပတ်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ (၂၁)ရက်အတွင်း (၇)ပွဲကစားဖို့ရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ကစားချိန်ကလည်း အကန့်အသတ်ရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သူ့ကို ကာလရှည်ခရီးအတွက် လိုအပ်ပါတယ်။ ပွဲများစွာအတွက်ဖြစ်ပြီး တစ်ပွဲတည်း မဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။















