တပ်မတော်၏ အပစ်ရပ်သက်တမ်းတိုးရန်မှာ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ပိုင်းလေးဖွဲ့နှင့် ကျိုင်းတုံမြို့၌ ပြုလုပ်မည့် ဆွေးနွေးပွဲရလဒ်ပေါ်မူတည်ပြီး ရလဒ်မကောင်းပါက အလားအလာသည် စိုးရိမ်ရကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

တပ်မတော်၏ အပစ်ရပ်သက်တမ်းတိုးရန်မှာ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ပိုင်းလေးဖွဲ့နှင့် ကျိုင်းတုံမြို့၌ ပြုလုပ်မည့် ဆွေးနွေးပွဲရလဒ်ပေါ်မူတည်ပြီး ရလဒ်မကောင်းပါက အလားအလာသည် စိုးရိမ်ရကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
သြဂုတ် ၃၁ ရက်က ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် လေးဖွဲ့တို့၏ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေစဉ်
သြဂုတ် ၃၁ ရက်က ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် လေးဖွဲ့တို့၏ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေစဉ်
Published 14 September 2019
နေရိုင်း၊ မင်းနိုင်စိုး၊ အောင်မင်းသိန်း

တပ်မတော်၏ အပစ်ရပ်သက်တမ်းတိုးရန်မှာ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ပိုင်း လေးဖွဲ့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့၌ ပြုလုပ်မည့် ဆွေးနွေးပွဲရလဒ်ပေါ် မူတည်ပြီး ရလဒ်မကောင်းပါက အလားအလာသည် စိုးရိမ်ရကြောင်း  နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ် ဖက်တပ်ပိုင်းဆိုင်ရာကိုယ်စားလှယ်များ ပါဝင်လာမည်ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်က သမ္မတအိမ်တော်တွင် သတင်းထောက်များနှင့်တွေ့ဆုံသည့် Press Briefing ၌ မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့နှင့်တွေ့ဆုံမည့် ကျိုင်းတုံမြို့ ဆွေးနွေးပွဲနှင့်ပတ်သက်၍  မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်ကိုယ်စားလှယ်ကလည်း ကျွန်တော်တို့ပြောရရင် ဒုတိယဗိုလ်ချုပ်ကြီး Level တွေရှိပါတယ်။ လာမယ့်လူတွေက။  အဲဒီအဖွဲ့တွေလည်း လာမယ်။ ကျွန်တော်တို့ ဘက်ကဆိုရင် NRPC ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီးသွားမှာဖြစ်တယ်။ ဆိုလိုတာက ၁၇ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲကို ကျွန်တော်တို့ တော်တော်လေး အလေးထားတယ်။ ဒါအရေးကြီးပါတယ်။ ဒီရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်ကြေညာတဲ့ ၂၁ ရက်နေ့ Extension (တိုးချဲ့) ဆိုတာ အဲဒီအပေါ်မှာ မူတည်နေတယ်။ အကယ်၍ ဒီဆွေးနွေးပွဲရ လဒ်မကောင်းဘူးဆိုရင် ကျွန်တော်တို့ အလားအလာက နည်းနည်းလေး စိုးရိမ်ရတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် တစ်ဖက်သတ်အပစ်ရပ်ထားသည်မှာ ရှစ်လကြာမြင့်ပြီဖြစ်ပြီး စတင်ကြေညာချိန်မှစ၍ နှစ်လတစ်ကြိမ်သက်တမ်းတိုးခဲ့ရာ ယခုနောက်ဆုံးသက်တမ်းတိုးမှုမှာ စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် ကျိုင်းတုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလမ်းမကြီးအား မတိုက်ခိုက်ရန်နှင့် အရပ်သားပစ်မှတ်များအား မတိုက်ခိုက်ရန် မြောက်ပိုင်းလေးဖွဲ့ကို ပြောဆိုခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေးက “နောက်ဆုံးဖြစ်နိုင်ရင် ခင်ဗျားတို့ဘက်ကနေပြီးတော့ အပစ်ရပ်ကြေညာပေးပါ၊ ကျွန်တော်တို့ပြောတယ်။ ပြောပြီးတော့ ဒီပစ်မှတ်တွေကို မလုပ်ပါဘူး။ ခင်ဗျား တို့ဘက်ကလည်း ဒီလိုမလုပ်ဘူးဆို အပြု သဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ ပိုပြီးတော့ကောင်းမယ်။ နောက်တစ်ကြိမ်ကျရင် တွေ့တဲ့အခါမှာ အဆင်ပြေပြေဖြစ်မယ်ဆိုပြီး ကျွန်တော်တို့က ပြောခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကိုတောင်မှ ဝေဖန်ခံရတယ်။ ကျိုင်းတုံမှာ သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်။ အခု မကြာသေးခင်ကပဲ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန် ကြေညာတာတွေရှိပါတယ်။ သူတို့ဘက်ကလည်း သူတို့ ဒီသဘောထားတွေ ပြတဲ့အခါမှာ တော့ Positive လို့ ကျွန်တော်တို့ကတော့ မြင်တယ်” ဟု ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA) ၊ တအာင်းအဖွဲ့(TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်အဖွဲ့(AA) တို့အကြား Bilateral စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံမြို့၌ပင် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲတွင် စက်တင်ဘာ ၁၆ ရက်သို့မဟုတ် ၁၇ ရက်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

 ဦးဇော်ဌေးက”နောက်တစ်ခုက NCA ယန္တရားတွေဖြစ်တဲ့ JMC ၊ UPDJC နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပေါ့၊ Political Framework နောက် NCA အပေါ်မှာ ကျွန်တော်တို့ကြားမှာ တူညီတဲ့ဖွင့်ဆိုချက်တွေ၊ တူညီတဲ့နားလည်မှုတွေရှိအောင်လုပ်ဖို့ ကျွန်တော်တို့ NCA  Definition (အဓိပ္ပာယ်ဖွင့် ဆိုချက်)တွေ ဖွင့်ဆိုဖို့ဆိုတာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေဖြစ်တယ်။ အဲဒါတွေကို အစိုးရက ဆောင်ရွက်ဖို့ရှိပါတယ်။ နောက် တစ်ခုကတော့ NCA-Non ၊ လက်မှတ်မထိုးရတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ KIA+3 အနေနဲ့ ကျွန်တော်တို့ပြောနေတယ်။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ခုကတော့ ဒီလက်မှတ်မထိုး ထားတဲ့ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့ ခုနစ်ဖွဲ့လုံး NCA ထီးအောက်ကို ရောက်လာပြီးတဲ့အချိန်ပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ တပ်မတော်ကနေပြီးတော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အဆင်ပြေအောင် တစ်ဖက် သတ်အပစ်ခတ်ရပ်စဲမှု ကြေညာထားတဲ့ကာလရှိတယ်။ လာမယ့် ၂၁ ရက်နေ့ဆိုရင်ပြည့်ပြီ။ ဒီကာလ၊ နောက်ထပ်လည်း ဆွေးနွေးမှုတွေအပေါ်မှာ မူတည်ပြီးတော့ တပ်မတော်ကလည်း CaseFire ကာလကို Extension လုပ်ပေး ခဲ့တဲ့သဘောရှိတယ်။အဲဒီတော့ လာမယ့် ၁၆၊ ၁၇ ကျွန်တော်တို့ ၁၇ ရက်နေ့တွေ့မှာ ဖြစ်ပါ တယ်။ ၁၇ ရက်နေ့တွေ့ပြီးရင် တွေ့ဆုံမှုရလဒ် အပေါ်မှာ မူတည်ပြီးတော့ တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ထပ်ပြီးတော့ သက်တမ်းတိုးပေါ့။ ဒီကာလတွေပြီးတဲ့အချိန်မှာ ဒီခုနစ်ဖွဲ့လုံးနဲ့ ကျွန်တော်တို့ NCA ပေါ့။ NCA ရေးထိုးဖို့ အခြေအနေဘယ်အနေအထား ရောက်နေလဲဆိုတာ ဆက်ကြည့်ရမယ့်အလား အလာတစ်ခုဖြစ်တယ်” ဟု ပြောကြားသည်။

ယခုထပ်မံပြုလုပ်မည့် ကျိုင်းတုံဆွေးနွေးပွဲသည် အလားအလာများစွာကောင်းရန် မျှော်လင့်ထားကြောင်း၊ ဖြစ်နိုင်ပါက ပဏာမ သဘောတူညီချက်ကို မြောက်ပိုင်းလေးဖွဲ့လုံး နှင့်ရေးထိုးနိုင်သည့် အနေအထားတစ်ခုရောက် အောင်သွားရန် မျှော်လင့်ထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

“အခါတိုင်းတော့ တပ်မတော်က မပါလာတဲ့အခါကျတော့ (တပ်ပိုင်းဆိုင်ရာကိစ္စ) ဆွေးနွေးလို့မရ၊ ဆုံးဖြတ်လို့မရ၊ တစ်ဖက်နဲ့ တစ်ဖက်ပြောလို့လည်း မရဘူးပေါ့။ အခုတော့ တပ်မတော်က ပါလာပြီဆိုတော့ ဟိုဘက်ကလည်း တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ ပါလာမယ်လေ။ ပါတဲ့အခါ တွေ့ဆုံပြီးတော့ ညှိနှိုင်းတဲ့အချိန်မှာ အဖြေကတော့ အလား အလာကောင်းမလား၊ မကောင်းဘူးလားဆို တာ အဲဒီဆွေးနွေးပွဲအပေါ်မှာပဲ မူတည်သွားပါမှာ”ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု ရလဒ်ကောင်းပါက Bilateral လက်မှတ်ရေးထိုးရေး မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာမည်ဖြစ်ပြီး ဆွေးနွေးမှုရလဒ် အနည်းငယ်အဆင်မပြေပါက Bilateral လက်မှတ် ရေးထိုးရေး အနည်းငယ် ကြန့်ကြာမည်ဟု ၎င်းကဆိုသည်။

 ကျိုင်းတုံမြို့တွင် သြဂုတ် ၃၁ ရက်၌ ပြုလုပ်ခဲ့သော NRPC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော် က ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ ထိုသို့တွေ့ဆုံချိန် တွင်လည်း တိုက်ပွဲများဖြစ်ပွားနေခဲ့သည့်အ တွက်တွေ့ဆုံရန်နေရာပင် အခက်အခဲရှိခဲ့ကြောင်း ဦးလမိုင်ဂွန်ဂျာက ဆိုသည်။

ထို့ပြင် ကျိုင်းတုံတွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် NRPC ဘက်က ယခု တစ်ကြိမ်တွေ့ဆုံပွဲကို ကျိုင်းတုံတွင်သာ ဆက် လက်ပြုလုပ်ရန် အဆိုပြုခဲ့ပြီး မြောက်ပိုင်း လေးဖွဲ့ကမူ တရုတ်နိုင်ငံ (သို့မဟုတ်) ပန်ဆန်းတွင် ပြုလုပ်ရန် အဆိုပြုခဲ့သည်။

“တပ်မတော်က လာနိုင်တဲ့အခြေအနေကိုလည်း ပြန်ကြည့်ရသေးတယ်လေ။ အဲဒါ ကြောင့်မို့လို့ ကျိုင်းတုံက တပ်မတော်က လာနိုင်တဲ့အခြေအနေဖြစ်တော့ NRPC ကလည်း ကျိုင်းတုံမှာ တွေ့ဆုံဖို့ အဆိုပြုတဲ့အပေါ်မှာ ဟိုဘက် မြောက်ပိုင်းအဖွဲ့တွေကလည်း လက်ခံခဲ့တယ်။ ဒီတစ်ခေါက်တော့ တပ်မတော်လည်း ပါလာပြီးတော့မှ တွေ့ဆုံဆွေးနွေးမယ် ဆိုတော့ ပိုပြီးတော့ကောင်းတာပေါ့ဗျာ”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းမှု အဆင်ပြေပါက Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်ထိပ်ပိုင်းခေါင်း ဆောင်များပါဝင်၍ မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် လက်မှတ်ရေးထိုးကြမည်ဆိုသည်ကို ညှိနှိုင်းကြမည်ဖြစ်ကြောင်း ဦးလမိုင် ဂွန်ဂျာက ပြောကြားခဲ့သည်။

၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာ လများအတွက် မိမိတို့အားလုံးအကြား တူညီ သည့်မျှော်မှန်းချက်များရရှိရန် လုပ်ဆောင် နေကြောင်း၊ ထို့ပြင် NCA Process ၊ Informal Process ကို အဆင်ပြေချောမွေ့အောင် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း နိုင်ငံရေးသဘောတူညီချက်များရရှိအောင် ဆက် လက်ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် မည်သို့သော ဖယ်ဒရယ်ပြည်ထောင်စုကိုသွား မည်ဆိုသော ဆွေးနွေးမှုများကိုလည်း အသေးစိတ်အစီအစဉ်များချမှတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၂၀ တွင် ရွေးကောက်ပွဲများနှင့်အတူ အစိုးရအပြောင်းလဲများလည်းရှိလာနိုင်သည့်အတွက် ရွေးကောက် ပွဲအလွန်ကာလ တွင် ငြိမ်းချမ်းရေးကို မည်သို့ဆက်သွားမည်ဆိုသည်ကိုလည်း အသေးစိတ်ဆွေးနွေးညှိနှိုင်းသွားရန် ဆောင်ရွက်ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

 

 

Most Read

Most Recent