လန်ဒန်မြို့တော် ကော်ပိုရေးရှင်းသည် အစောပိုင်းက ချမှတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedp, ဂုဏ်ပြုဆုကို အပြီးရုပ်သိမ်းရန် ဆုံးဖြတ်ချက်အား ပြန်လည်ပြောင်းလဲလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဘင်္ဂါလီများ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) များအပေါ် ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုများအား ပြစ်တင်ရှုတ်ချရန် ပျက်ကွက်ခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံမှ အဆိုပါဆုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။
ကော်ပိုရေးရှင်း၏ လွတ်လပ်ခွင့်လျှောက်ထားရေးကော်မတီသည် ၎င်းအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးအား ချီးမြှင့်နိုင်သည့် အမြင့်ဆုံးဆုဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုဆုကို အပြီးရုပ်သိမ်းခြင်း ထက် ဆိုင်းငံ့အဖြစ် ယာယီသာ ရုပ်သိမ်းထားသင့်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် မြို့တော်ကောင်စီဝင်များအကြား မဲခွဲဆုံးဖြတ်ခဲ့ရာ၌ အပြီးရုပ်သိမ်းရန်အဆိုက အနိုင်ရရှိခဲ့သော်လည်း ယခုအခါ ပြန်လည် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အနေအထားများနှင့် အထူးသဖြင့် ဂုဏ်ပြဆုချီးမြှင့်ခံရသူ၏ အခြေအနေအမှန်ကို အလုံအလောက်သိရှိနိုင်ရန် အတားအဆီးများရှိနေသောကြောင့် ဆုကို ဆိုင်းငံ့အဖြစ် ယာယီသာ ရုပ်သိမ်းထားသင့်သေးသည်ဟု Freedom ကော်မတီက ပြောကြားခဲ့သည်။
သူ့ထံမှ ဂုဏ်ပြုဆုကို အပြီးရုပ်သိမ်းကြောင်း မူလက ပေးပို့ခဲ့သည့် စာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရရှိခဲ့ခြင်း ရှိ မရှိ ဟူသည်မှာလည်း မသေချာကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်ထံမှ တုံ့ပြန်မှုကို ၎င်းတို့အနေဖြင့် လက်ခံရရှိခဲ့ခြင်း မရှိ၍ဖြစ်ကြောင်းလည်း ကော်မတီက ပြောကြားခဲ့သည်။
ယခုဆုံးဖြတ်ချက်ကို ကောင်စီဝင်အချို့က ဒေါသတကြီး တုံ့ပြန်ခဲ့ကြကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ထံမှ ဆုကို အပြီးရုပ်သိမ်းရန် မူရင်းအဆိုကို တင်သွင်းခဲ့သည့် ပို့ဆိုကင် ကောင်စီဝင် မန်ဆာအလီက ယခုကဲ့သို့ ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်သည် ကော်ပိုရေးရှင်း၏ မူရင်းရပ်တည်ချက်ကို အဖျားရှူးသွားစေခြင်းမှလွဲ၍ ဘာမျှ ပို၍ ကောင်းမလာဟု City A.M သတင်းဌာနသို့ ပြောကြားခဲ့သည်။
အခြားကောင်စီဝင် တစ်ဦးက “ဒါဟာ နိုင်ငံတကာ ဖိအားပေးမှု ကျရောက်လာတိုင်း ကော်ပိုရေးရှင်းက ဒူးမခိုင်တဲ့ သာဓကတစ်ခု ပါပဲ” ဟု ပြောကြားလျက် အခြားကုန်သွယ် ဖက်နိုင်ငံများနှင့် နိုင်ငံခြားရေးရုံးတို့က အပြီး ရုပ်သိမ်းရန် ဆုံးဖြတ်ချက်အား ဝေဖန်ခဲ့မှုကို ထောက်ပြခဲ့သည်။
“ဒါဟာ ကော်ပိုရေးရှင်းက သက်သောင့်သက်သာ ဖြစ်မယ့်အနေအထားဆီ ပြန်လည်ဆုတ်ခွာလိုက်ပြီး အာဏာရှိသူတွေကို မျက်နှာလုပ်တဲ့ တကယ်ကို မနှစ်မြို့ဖွယ်ကောင်းတဲ့ အမြင်ပါပဲ”ဟုလည်း ၎င်းတို့က ဆိုသည်။
ကော်ပိုရေးရှင်းသည် ဆုကို အပြီးရုပ်သိမ်းရန် မူရင်းမဲခွဲမှုပြီးနောက် ဆုအပြီးရုပ်သိမ်းရေး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သို့သော် ယင်းလုပ်ငန်းစဉ်အတွင်း အပြီးရုပ်သိမ်းခြင်းထက် ယာယီရုပ်သိမ်းရေးဆီ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
စက်တင်ဘာ ၁၂ ရက်တွင် နောက်ထပ် မဲခွဲမှုတစ်ရပ် ပြန်လည်ပြုလုပ်ကာ ကောင်စီဝင်များ မဲပေးခဲ့ရာ၌ ဆုကို ဆိုင်းငံ့အဖြစ် ယာယီရုပ်သိမ်းထားရန်ဘက်က ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
Freedom ကော်မတီ၏ ဥက္ကဌ ဆာဒေးဗစ်ဝုတန်က “မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို စိန်ခေါ်မှုတွေ မခံရဘဲ နေရအောင် ခွင့်မပြုနိုင်ဘူးဆိုတာကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ဒီနေ့မှာ ရှင်းလင်းတဲ့ မက်ဆေ့ချ်တစ်ရပ် ပေးလိုက်ပါပြီ”ဟု ပြောကြားခဲ့သည်။
“ကော်မတီဟာ အခု ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အသိပေး အကြောင်းကြားသွားမှာပါ”ဟုလည်း ၎င်းက ဆိုသည်။
၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အကြောင်းပြချက်များ ပေးသည့်အခါ ကော်မတီက “မြန်မာနိုင်ငံရဲ့အနေအထားကို အပြည့်စုံဆုံး စကားရပ်တွေနဲ့ ပြစ်တင်ရှုတ်ချရမှာပါ။ ဒါပေမဲ့ သူ့ရဲ့ တာဝန်ရှိမှုအဆင့်ကို မသိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်အရ အကဲဖြတ်ဖို့က ခက်ခဲပါတယ်”ဟု ပြောကြားခဲ့သည်။
ကော်ပိုရေးရှင်းသည် Freedom ဂုဏ်ပြုဆုကို ၂၀၁၇ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည်။ ထိုအချိန်က ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့မှုနှင့် ပြည်သူများ ငြိမ်းချမ်းစွာ၊ ဘေးကင်းလုံ ခြုံစွာနှင့် လွတ်လပ်စွာ နေထိုင်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ပေးရန် ရည်သန်လျက် သူ၏ တစိုက်မတ်မတ် အားထုတ်မှုတို့အား အသိအမှတ်ပြုသည့် အနေ ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။














