ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ယခုလကုန်တွင် တရားဝင် မှတ်ပုံတင်မည်

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ယခုလကုန်တွင် တရားဝင် မှတ်ပုံတင်မည်
Published 12 September 2019
ဉာဏ်လင်းထွန်း

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကို အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ စက်တင်ဘာကုန်တွင် တရားဝင် မှတ်ပုံတင်မည်ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌ (ယာယီ) မုံရွာ (ဦး) အောင်ရှင်က ပြောကြားသည်။

စက်တင်ဘာ ၁၂ ရက်က တော်ဝင်နှင်းဆီ၊ ငြိမ်းချမ်းခန်းမတွင် ပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသားဟောင်းများ၊ ဘဝတူ စာနယ်ဇင်းသမားများအား ၃၈ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

“တရားဝင် မှတ်ပုံတင်လိုက်တဲ့ အတွက်ကြောင့် နိုင်ငံတကာက ပေးမယ့် အကူအညီတွေ၊ ပြည်တွင်းကပေးမယ့် အကူအညီတွေက ပိုပြီးတော့ တရားဝင်တာပေါ့” ဟု မုံရွာ (ဦး) အောင်ရှင်က ပြောကြားသည်။

လက်ရှိတွင် ဟံသာဝတီ ဦးဝင်းတင်အမည်ဖြင့် လုပ်ငန်းအချို့ ဆောင်ရွက်နေသည့် အဖွဲ့အစည်းအချို့ကို တွေ့ရှိရပြီး ၎င်းတို့ကို ကန့်ကွက်မည် မဟုတ်သော်လည်း ဖောင်ဒေးရှင်းအနေဖြင့် တစ်ခုသာရှိသည်ကို ရှင်းလင်းလိုသည်ဟု ၎င်းက ပြောကြားသည်။

“ဆရာ ဦးဝင်းတင် ဖောင်ဒေးရှင်း နှစ်ပိုင်းကွဲနေတာတို့၊ သုံးပိုင်း ကွဲနေတာတို့ မဟုတ်ဘူး။ ဆရာ ဦးဝင်းတင် ဖောင်ဒေးရှင်းသည် တစ်ခုတည်းပဲ ရှိတယ်။ မူရင်းက ဆရာ ဦးဝင်းတင် ရှိတုန်းကတည်းက ဖွဲ့ခဲ့တဲ့ ဖောင်ဒေးရှင်းဖြစ်တယ်။ အဲဒါကိုပဲ သိစေချင်တာ” ဟု  မုံရွာ (ဦး) အောင်ရှင်က ပြောကြားသည်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ကို ဟံသာဝတီဦးဝင်းတင် သက်ရှိထင်ရှားရှိ စဉ် ၂၀၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဘဝတူ စာနယ်ဇင်းသမားများ၏ မိသားစုများအတွက် ကျန်းမာရေး၊ ပညာရေးစရိတ် ထောက်ပံ့ငွေ ပေးအပ်ကူညီမှုများကို အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဖောင်ဒေးရှင်းကို ဟံသာဝတီဦးဝင်းတင် သက်ရှိထင်ရှားရှိစဉ်ကတည်းက တရားဝင် မှတ်ပုံတင်ရန် ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံရေးကင်းရှင်းရမည် ဆိုသည့်အတွက် မှတ်ပုံတင်ခြင်းကို မလုပ်ဆောင်ခဲ့ခြင်းဖြစ် သည်ဟု ဖောင်ဒေးရှင်း အလုပ်အမှုဆောင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြော ကြားသည်။

လက်ရှိတွင် ပြည်သူ တင်မြှောက်သည့် အစိုးရဖြစ်ခြင်းနှင့် ယခင်ထက် ကျပ်တည်းမှုများ ဖြေလျော့လာခြင်း တို့ကြောင့် တရားဝင် မှတ်ပုံတင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဘဝ တူ စာနယ်ဇင်းသမားများအား ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ခုနစ်ဦး၊ ဘဝတူ စာနယ်ဇင်းသမားတစ်ဦး တို့ကို ငွေကျပ် နှစ်သိန်းစီ၊ NLD  လူငယ်ဘုံ ရိပ်သာ (ရန်ကုန်) ကို ငွေကျပ် သုံးသိန်း စုစုပေါင်းငွေကျပ် ၂၁ သိန်း ထောက်ပံ့ပေးအပ် ခဲ့သည်။

ဖောင်ဒေးရှင်းအနေဖြင့် ထောက်ပ့ံငွေ ပေးအပ်ခြင်းကို ယခင်က နှစ်လတစ်ကြိမ်၊ လက်ရှိတွင် သုံးလတစ်ကြိမ် ပြုလုပ်ခဲ့ရာ ၃၈ ကြိမ်မြောက် ထောက်ပ့ံငွေပေးအပ်ပွဲအထိ နိုင်ငံရေးအကျဉ်းသား ၁၇၀၊ နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်း သမား ၇၁၂ ဦး စုစုပေါင်း ၈၈၃ ဦးတို့အတွက် ငွေကျပ် ၂၁၀၈ သိန်း ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပုဇွန်တောင်မြို့နယ် လမ်း ၅၀ တွင် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်းကို ဖွင့်လှစ်၍ အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိပြီး ဟံသာဝတီ ဦးဝင်းတင် သက်ရှိထင်ရှားရှိစဉ် ကာလက ဖောင်ဒေးရှင်း ရပ်တည်ရေးအတွက် ရန်ပုံငွေလှူဒါန်းမှု အများအပြားရှိသော်လည်း ၎င်းကွယ်လွန်ပြီးနောက် အလှူငွေရရှိမှု နည်းပါးလာသည့်အတွက် ဖောင်ဒေးရှင်း ဆက်လက် ရပ်တည်ရေး ရန်ပုံငွေ လိုအပ်လျက်ရှိကြောင်း သိရသည်။

ဖောင်ဒေးရှင်းသို့ လှူဒါန်းလိုပါက ၀၉- ၄၅၀၄၅၀၀၀၊ ၀၉-၅၀၂၆၄၅၀၊ ၀၉- ၂၅၃၄၃၆၈၀၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Most Read

Most Recent