ယူအက်စ်အိုးပင်းဗိုလ်လုပွဲသို့ ရာဖေးလ်နဒါးလ် ငါးကြိမ်မြောက်တက်ရောက်ခွင့်ရပြီး ရုရှားကစားသမား မက်ဗီဒက်ဗ်နှင့် ယှဉ်ပြိုင်ရမည်

ယူအက်စ်အိုးပင်းဗိုလ်လုပွဲသို့ ရာဖေးလ်နဒါးလ် ငါးကြိမ်မြောက်တက်ရောက်ခွင့်ရပြီး ရုရှားကစားသမား မက်ဗီဒက်ဗ်နှင့် ယှဉ်ပြိုင်ရမည်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 8 September 2019

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ယှဉ် ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နဒါးလ် (ဆီဒင် ၂) က အီတလီကစားသမား ဘာရက်တီနီ (ဆီဒင် ၂၄) ကို ၇-၆ (၈-၆)၊ ၆-၄၊ ၆-၁ ဖြင့် သုံးပွဲပြတ်၊ မက်ဗီဒက်ဗ် (ဆီဒင် ၅) က ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ် (ဆီဒင်မဲ့) ကို ၇-၆ (၇-၅)၊ ၆-၄၊ ၆-၃ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့သည်။

 

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲသို့ နာမည်ကြီး စပိန်ကစားသမား ရာဖေးလ်နဒါးလ်  ငါးကြိမ်မြောက်တက်ရောက်ခွင့်ရပြီး ရုရှားကစားသမား မက်ဗီဒက်ဗ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ယှဉ် ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နဒါးလ် (ဆီဒင် ၂) က အီတလီကစားသမား ဘာရက်တီနီ (ဆီဒင် ၂၄) ကို ၇-၆ (၈-၆)၊ ၆-၄၊ ၆-၁ ဖြင့် သုံးပွဲပြတ်၊ မက်ဗီဒက်ဗ် (ဆီဒင် ၅) က ဘူလ်ဂေးရီးယားကစားသမား ဒီမီထရော့ဗ် (ဆီဒင်မဲ့) ကို ၇-၆ (၇-၅)၊ ၆-၄၊ ၆-၃ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့သည်။ နဒါးလ်သည် ပထမပွဲတွင် ဘာရက်တီနီ၏ Set Point နှစ်ကြိမ်ကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ခြင်းဖြစ်ပြီး လက်ကျန်နှစ်ပွဲတွင်မူ အခက်အခဲမရှိဘဲ ပွဲပြတ်အနိုင်ရခဲ့သည်။ 

ကွာတား ဖိုင်နယ်တွင် ၀ါရင့်ကစားသမား ရော်ဂျာဖက်ဒါရာကိုကျော်ဖြတ်လာသည့် ဒီမီထရော့ဗ်မှာမူ ယခုပွဲတွင် အမှားများသောကြောင့် မက်ဗီဒက်ဗ်ကို သုံးပွဲပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် နဒါးလ်သည် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ငါးကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး သုံးကြိမ် အနိုင်ရဗိုလ်စွဲဖူးသည်။ ၎င်းနှင့်ယှဉ်ပြိုင်ရမည့် မက်ဗီဒက်ဗ် (၂၃ နှစ်) မှာမူ ဂရင်းစလင်းပြိုင်ပွဲများ၌ အမြင့်ဆုံးအဖြစ် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်း ဖြစ်ကြောင်း သိရသည်။

နဒါးလ်နှင့် မက်ဗီဒက်ဗ်သည် ယခုပွဲ မတိုင်မီ သြဂုတ်လအတွင်းကျင်းပသည့် Rogers Cup (ကနေဒါအိုးပင်း) ဗိုလ်လုပွဲတစ်ကြိမ်တည်းသာ ဆုံတွေ့ဖူးပြီး နဒါးလ်က ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ရဗိုလ်စွဲထားသည်။ ၎င်းတို့နှစ်ဦးယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် စက်တင်ဘာ ၉ ရက် နံနက် ၂ နာရီ ခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။