သရုပ်ဆောင် တေးသံရှင် နန့်ချစ်နဒီဇော် ငယ်ဘဝ ဖြတ်သန်းရာ

သရုပ်ဆောင် တေးသံရှင် နန့်ချစ်နဒီဇော် ငယ်ဘဝ ဖြတ်သန်းရာ
Published 6 September 2019
လင်းလင်းခိုင်

          ပရိသတ်လက်ခံအားပေးမှုများစွာရရှိခဲ့တဲ့ မျက်နှာသစ်တေးသံရှင်တွေကို မွေးထုတ်နိုင်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတွေထဲမှာ အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိပ်မက်ဆုံရာကနေ မွေးဖွားလာခဲ့ပြီး ပရိသတ် စတင်သတိထားမိစေခဲ့သလို စာမျက်နှာသစ် Musical Drama ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့သူက သရုပ်ဆောင် တေးသံရှင် နန့်ချစ်နဒီဇော်ပဲဖြစ်ပါတယ်။ ကရင်တိုင်းရင်းသူလေးဖြစ်သလို ရိုးသားပွင့်လင်းတဲ့ အပြုံးမျက်နှာလေးကို အမြဲပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်တေးသံရှင် နန့်ချစ်နဒီဇော် ပြောပြတဲ့ ငယ်ဘဝအမှတ်တရတချို့ကို လက်ဆင့်ကမ်းဖော်ပြပေးချင်ပါတယ်။

          သရုပ်ဆောင် တေးသံရှင် နန့်ချစ်နဒီဇော်ကို ရန်ကုန်မြို့မှာပဲ မွေးဖွားခဲ့ပြီး မွေးချင်းမောင်လေး တစ်ဦးရှိပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အနေအေးသူတစ်ယောက်ဖြစ်သလို သူငယ်ချင်းအပေါင်း အသင်းလည်း မက်လေ့မရှိဘဲ တစ်ယောက်တည်း နေတတ်တာပိုများတယ်လို့ နန့်ချစ်ကဆိုပါ တယ်။ ငယ်စဉ်ဘဝရဲ့အမှတ်တရကတော့ ကြော်ငြာသီချင်း တွေအားလုံးအလွတ်ရပြီး လိုက်ဆိုတတ်သလို သီချင်းနား ထောင်နေရရင် ငြိမ်နေတာပဲလို့ နန့်ချစ်က ပြောပြခဲ့ပါတယ်။

          ကျောင်းပညာရေးအနေနဲ့တော့ နေထိုင်ကြီးပြင်းရာ ထောက်ကြံ့မြို့နယ်မှာပဲ တက်ရောက်ခဲ့ပြီး ကျောင်းစာမှာတော့ အဆင့် (၁) ကနေ ၁၀ အထိဝင်ပါတယ်လို့လည်း ဆိုခဲ့ပါတယ်။ ကျောင်းတက်နေစဉ် တစ်လျှောက်လုံးမှာ စာကြိုးစားသလို ကျောင်း ကပွဲလိုအနုပညာလှုပ်ရှားမှုတိုင်းမှာလည်း ပါဝင်ဖြစ်တယ်လို့ နန့်ချစ် က အမှတ်တရဆိုပါတယ်။

          “နန့်ချစ်က ငယ်ငယ်က စာကြိုးစားတယ်။ ကျောင်းမှာလည်း အဆင့် (၁) ကနေ ၁၀ အထိတော့ ဝင်အောင်လုပ်တယ်။ ကျောင်းပွဲ တိုင်းမှာလည်းအမြဲပါတယ်။ အထူးသဖြင့်တော့ နန့်ချစ်က သီချင်းဆို တတ်တော့ သီချင်းဆိုရတာများတယ်။ ကချင်တဲ့သူ ဘာညာက များပြီး သီချင်းဆိုတဲ့သူကနည်းတော့ သီချင်းဆိုပေးရတာပဲများတယ်။ ငယ်ငယ်ကတည်းက အဲဒီလိုတော့လုပ်ဖြစ်ခဲ့တယ်”လို့နန့်ချစ်က ဆိုပါတယ်။

          သရုပ်ဆောင်တေးသံရှင်နန့်ချစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး စီးပွားရေးတက္ကသိုလ်တက်ရောက်နေစဉ်မှာပဲ အိပ်မက်ဆုံရာသီ ချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အနေအေးသူတစ်ယောက်ဖြစ်တဲ့အပြင် သီချင်းဆိုဖို့ဝါသနာကလွဲလို့ ကျန်တာတွေသိပ်နား မလည်တဲ့အချိန်ဖြစ်လို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အိပ်မက်ဆုံရာပြိုင်ပွဲကနေတစ်ဆင့် အားပေးတဲ့ပရိသတ် တွေလည်း ရလာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ နန့်ချစ်နဒီဇော်က ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကိုထွက် ရှိနိုင်ခဲ့သလို ဂီတဖျော်ဖြေပွဲတွေမှာလည်း ပါဝင်သီဆိုလာခဲ့ပါတယ်။

          သရုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ ပထမဆုံးအတွေ့အကြုံအနေနဲ့ ကတော့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဘယ်ရည်းစား ကိုအချစ်ဆုံးလဲ ဇာတ်ကားမှာပါဝင်ခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ ဒုတိယ မြောက်ဇာတ်ကားအနေနဲ့ MRTV 4 မှာရိုက်ကူးတဲ့ ကံကံ၏အကျိုးရုပ်သံဇာတ် လမ်းတွဲမှာ ဆက်လက်ပါဝင်ခွင့်ရခဲ့ရာကနေ သရုပ် ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ရည်မှန်းချက်တွေလည်း ပိုမိုခိုင်မာလာတယ်လို့ဆိုပါတယ်။ အားလပ်ချိန် တွေမှာ သရုပ်ဆောင်ပညာနဲ့ပတ် သက်လို့လေ့ လာရင်း ၂၀၁၈ ခုနှစ်မှာတော့ စာမျက်နှာသစ် musical drama ရုပ်သံဇာတ်လမ်းတွဲအတွက် casting ခေါ်ယူရာမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

          “စာမျက်နှာသစ် musical drama ရိုက်ဖို့ casting ခေါ်တော့ အရမ်းအရွေး ခံချင်ခဲ့တာ။ သရုပ်ဆောင်တာအပြင် သီချင်းတွေပါ တွဲလုပ်ရမယ့်ဇာတ်လမ်း မျိုးဆိုတော့ ကိုယ့်အတွက် အရမ်း လည်း ပျော်စရာကောင်းသလို အတွေ့အကြုံသစ်တွေလည်း အများကြီး ရမှာလေ။ တကယ်အရွေးခံရ တော့လည်း အရမ်းပျော်ခဲ့ ရပါတယ်။ Season 1 အပြီး မှာ Season 2 ကို ဆက်ရိုက် မယ်ဆိုတော့လည်း နောက်ထပ်အခွင့် အရေးတစ်ခု အနေနဲ့ ပျော်ရွှင်ရပါတယ်။ အခု Season 2  ကို ထုတ်လွှင့်နေပြီဆိုတော့ ပရိသတ်တွေကိုလည်း အား ပေးစေချင်ပါတယ်”လို့ နန့်ချစ်နဒီဇော်က ဆိုပါတယ်။

          သရုပ်ဆောင် တေးသံ ရှင် နန့်ချစ်နဒီဇော်က လတ်တ လောမှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ကို ပြင်ဆင်နေသလို နှစ်ကုန်ပိုင်းမှာ ထွက်ရှိဖို့ ပြင်ဆင်နေပါတယ်။ ဖျော်ဖြေပွဲတွေမှာလည်း လိုက်ပါ ဖျော်ဖြေဖြစ်နေတယ်လို့ နန့်ချစ် နဒီဇော်ကဆိုပါတယ်။ သရုပ် ဆောင်ပိုင်းနဲ့ ပတ်သက်လို့ လည်း နောက်ထပ်ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သွားဖို့ရှိသလို လိုက်ဖက်တဲ့ ကာရိုက်တာမှာပါဝင်ခွင့်ရမယ်ဆိုရင်တော့ ကြိုးစ ားသွားမှာပါလို့လည်း ပြောပြခဲ့ပါသေးတယ်။

          ၂၀၁၃ ခုနှစ်မှာ အိပ်မက်ဆုံရာသီချင်းဆိုပြိုင် ပွဲကနေစတင်လို့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်လာတဲ့ သရုပ်ဆောင်တေးသံရှင် နန့်ချစ်နဒီ ဇော်က လက်ရှိအချိန်ထိတော့ ဖြတ်သန်းခဲ့ပြီးသလောက်ကို မကျေနပ်သေးဘဲ အများကြီးကြိုးစားသွား ဖို့ပြင်ဆင်နေသလို ပရိသတ်တွေကလည်း ပိုပြီးအား ပေးကြပါဦးလို့ ဆိုခဲ့ပါတယ်။ ကြုံတွေ့ရတဲ့ အခက် အခဲတွေကိုတော့ နောက်မဆုတ်ဘဲ ရင်ဆိုင်သွားမှာ ဖြစ်သလို ၀ါသနာပါရွေးချယ်ထားတဲ့အလုပ်ဖြစ်တာ ကြောင့် ခွန်အားအပြည့်နဲ့ ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။

“နန့်ချစ်ကိုအားပေးတဲ့ပရိသတ်တွေကိုကျေးဇူး တင်ပါ တယ်။ နန့်ချစ်ရဲ့ဒုတိယမြောက်အယ်လ်ဘမ်ကို လည်း စပြီးအသံသွင်းနေပါပြီ။ နှစ်ကုန်လောက်ထွက်နိုင် အောင် ကြိုးစားနေလို့ အခွေထွက်လာရင်လည်းအားပေးစေချင်ပါ တယ်”လို့ နန့်ချစ်နဒီဇော်ကဆိုခဲ့ပါတယ်။

          အခုတစ်ပတ်ဖတ်ရှုခဲ့ကြရတာကတော့ အပြုံးချိုချိုလေး တွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တေးသံ ရှင်နန့်ချစ်နဒီ ဇော်ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေနဲ့အတူ အနုပညာခရီးလမ်းဖြတ်သန်းခဲ့မှုတွေပါ။ နောက်တစ်ပတ်တွေမှာ လည်း ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေ ကို မေးမြန်းဖော်ပြပေးသွားဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှု ပေးဖို့ ဖိတ်ခေါ်ပါရစေ။                                          

 

Most Read

Most Recent