ဘဏ္ဍာနှစ် ပြောင်းလဲလိုက်ခြင်းကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်နည်းသွားရခြင်းသည် ပြောင်းလဲချိန်တန်ပြီ ဆိုသည့် သဘောတွင် အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ပြောင်းလဲရင်ပြီးတာပဲ ဆိုသည့်သဘော သက်ရောက်နေသည်ဟု ယူဆရကြောင်း တပ်မတော်သား ကိုယ်စားလှယ်ပြောကြား

ဘဏ္ဍာနှစ် ပြောင်းလဲလိုက်ခြင်းကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်နည်းသွားရခြင်းသည် ပြောင်းလဲချိန်တန်ပြီ ဆိုသည့် သဘောတွင် အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ပြောင်းလဲရင်ပြီးတာပဲ ဆိုသည့်သဘော သက်ရောက်နေသည်ဟု ယူဆရကြောင်း တပ်မတော်သား ကိုယ်စားလှယ်ပြောကြား
Published 6 September 2019
စည်သူ

ဘဏ္ဍာနှစ် ပြောင်းလဲလိုက်ခြင်းကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချိန်နည်းသွားရခြင်းသည် ပြောင်းလဲချိန်တန်ပြီ ဆိုသည့်သဘောတွင် အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ပြောင်းလဲရင်ပြီးတာပဲ ဆိုသည့်သဘော သက်ရောက်နေသည်ဟု ယူဆရကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက ပြောကြားသည်။

မြောင်းမြမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစိုးမိုးသူ တင်သွင်းသော လာမည့် ဘဏ္ဍာနှစ်မှ စတင်ကာ တည်ဆောက်ရေးတင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား ဘဏ္ဍာနှစ်၏ ပထမ သုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်ပြီး စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘဏ္ဍာရေးနှစ် ပြောင်းလဲလိုက်ခြင်းကြောင့် ပွင့်လင်းရာသီအစမှာ တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေရခြင်း၊ မဖြစ်မနေ လုပ်ငန်း လက်စသတ်ရမည့်အချိန်မှာ မိုးရာသီကာလ အခက်အခဲ ကြုံတွေ့ရခြင်းတို့ကို ထောက်ရှုခြင်းအားဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချိန်နည်းသွားရခြင်းဟာ ပြောင်းလဲချိန်တန်ပြီ ဆိုသည့်သဘောတွင် အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ပြောင်းလဲရင် ပြီးတာပဲဆိုတဲ့သဘော သက်ရောက်နေတယ်လို့ ယူဆရပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက ပြောကြားသည်။

အဆိုပါအချက်များကြောင့် ယခင် ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက်က ပိုမိုသင့်လျော်သည်ဟု သုံးသပ်မိပြီး ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်ခြင်းကြောင့် လက်တွေ့အကျိုးရှိ မရှိ ဆင်ခြင်သုံးသပ်ကြရန်နှင့် တင်ဒါလုပ်ငန်း ဆောင်ရွက်ရာတွင် ခြောက်လ အကောင်အထည်ဖော်သည့်တိုင် ရာခိုင်နှုန်း ၅၀ ခန့်သာ ပြီးသည့် လုပ်ငန်းများကို သုံးလအတွင်း ၁၀၀ ရာခိုင်နှုန်း ပြီးပြတ်အောင် ဆောင်ရွက်စေခြင်းသည် အခက်အခဲကို ကျော်လွှားနိုင်မည့် နည်းလမ်းများအား အကြံပြုတင်ပြခြင်းမျိုး မဟုတ်ဘဲ အခက်အခဲများကို အချိန်တိုအတွင်း အကျပ်အတည်းပေါင်းစွာဖြင့် ရင်ဆိုင်စေခြင်း ဖြစ်နေသဖြင့် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး တည်ဆောက်ရေးတင်ဒါ ခေါ်ယူခြင်း လုပ်ငန်းများအား ဘဏ္ဍာနှစ်၏ ပထမသုံးလအတွင်း အပြီးအပြတ် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းပြီး တင်ဒါလုပ်ငန်း ဆောင်ရွက်ရာတွင် တာဝန်ခံ တည်ဆောက်မည့် အဖွဲ့အစည်းအနေဖြင့် ခွင့်ပြုဘဏ္ဍာငွေများအတိုင်း မှန်ကန်စွာ အသုံးပြုရေး အရည်အသွေး ထိန်းညှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ရွေးချယ်သည့် အဖွဲ့အစည်းအား အမြန်ဆုံး ရွေးချယ်အတည်ပြုနိုင်ရေး၊ ကုမ္ပဏီများကို ငွေထုတ်ပေးသည့်အပိုုင်းအား ကြန့်ကြာမှု မရှိစေရေး၊ အဂတိတရား ကင်းရှင်းရေးတို့ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်က ပြောကြားသည်။

ထို့ပြင် ယခင်ဘဏ္ဍာနှစ်ကို နှစ်တစ်နှစ်၏ ဧပြီမှ မတ်လအထိ သတ်မှတ်ထားသည့်အတွက် တည်ဆောက်ရေး တင်ဒါ လုပ်ငန်းများကို ဧပြီလမှ စက်တင်ဘာအထိ ခြောက်လတိုင် အသေအချာစိစစ် စာချုပ်ချုပ်ဆိုနိုင်ပြီး အောက်တိုဘာမှ မတ်လအထိ ပွင့်လင်းရာသီဖြစ်သော ကျန်ခြောက်လကို တစ်ဆက် တစ်စပ်တည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲလိုက်ခြင်းကြောင့် တည်ဆောက်ရေး အချိန်ကာလနည်းပါးခဲ့ပြီး ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်ရေးနှင့် ရည်ရွယ်ချက်အတိုင်း ထိရောက်အောင်မြင်မှု မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေ က ပြောကြားသည်။

 

 

Most Read

Most Recent