အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က နိုင်ငံတကာခရီးစဉ်များပျံသန်းရန် ထပ်မံဝယ်ယူထားသည့် AirBus A320 လေယာဉ် ရန်ကုန်လေဆိပ်သို့ရောက်ရှိ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က နိုင်ငံတကာခရီးစဉ်များပျံသန်းရန် ထပ်မံဝယ်ယူထားသည့် AirBus A320 လေယာဉ် ရန်ကုန်လေဆိပ်သို့ရောက်ရှိ
   AirBus A320214 လေယာဉ်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
AirBus A320214 လေယာဉ်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
Published 5 September 2019
ရွှန်းလဲ့ဝင်း၊ သီဟအောင်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် ထပ်မံဝယ်ယူထားသည့် AirBus A320214 လေယာဉ်သည် စက်တင်ဘာ ၅ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။

ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် အဆိုပါလေယာဉ်သစ်မှာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်မှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် AirBus လေယာဉ်နှစ်စင်းအား ထပ်မံဝယ်ယူထားခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာတွင် AirBus A320 လေယာဉ်တစ်စင်းမှာ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 

MAI လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကာလကတ္တားခရီးစဉ်များကို A319 လေယာဉ်သုံးစင်းဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။

“Mai လေကြောင်းလိုင်းက ပျံသန်းနေတဲ့ နိုင်ငံတကာခရီးစဉ်တွေမှာ အသုံးပြုနိုင်အောင် AirBus လေယာဉ်နှစ်စင်းကို ဝယ်ယူထားတာဖြစ်ပြီး ဒီနေ့မှာ ပထမတစ်စင်း ရောက်ရှိခဲ့တာဖြစ်ပြီး နောက်တစ်စင်းက အောက်တိုဘာလအတွင်းမှာ ရောက်ရှိမှာဖြစ်ပါတယ်” ဟု MAI လေကြောင်းလိုင်း၏ COO ဖြစ်သူ ဦးကျော်ဟန်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ကိုရီးယားလေကြောင်း စျေးကွက်သို့ ဝင်ရောက်ရန် Meebang Air Agenciesနှင့် ပူးပေါင်းပြီး လာမည့် နိုဝင်ဘာတွင် ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ် စတင်ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အနေဖြင့် လာမည့် နိုဝင်ဘာတွင် ကိုရီးယားနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင်ပျံသန်းရန် စီစဉ်ထားပြီး တစ်ပတ်လျှင် လေးကြိမ်ပျံသန်းရန် ကနဦးစီစဉ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို အခြေပြုလျက် ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ဂါယာနှင့် ကာလကတ္တားသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး တရုတ်နိုင်ငံသို့ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်း ဖြစ်သည်။