ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မဖော်ဆောင်ဘဲ တပ်မတော်၏ ထိုးစစ် တိုက်ခိုက်မှုများကို ခုခံကာကွယ်သောစစ်ဖြင့် ဆက်လက် ခုခံသွားမည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က တရုတ်-မြန်မာ-အင်္ဂလိပ် သုံးဘာသာဖြင့် ထုတ်ပြန်

ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မဖော်ဆောင်ဘဲ တပ်မတော်၏ ထိုးစစ် တိုက်ခိုက်မှုများကို ခုခံကာကွယ်သောစစ်ဖြင့် ဆက်လက် ခုခံသွားမည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က တရုတ်-မြန်မာ-အင်္ဂလိပ် သုံးဘာသာဖြင့် ထုတ်ပြန်
Published 5 September 2019

ထိုးစစ်ဆင် တိုက်ခိုက်မှုများကို မဖော်ဆောင်ဘဲ တပ်မတော်၏ ထိုးစစ် တိုက်ခိုက်မှုများကို ခုခံကာကွယ်သောစစ်ဖြင့် ဆက်လက် ခုခံသွားမည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က တရုတ်-မြန်မာ-အင်္ဂလိပ် သုံးဘာသာဖြင့် စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် ရေရှည်ကြာမြင့်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက် ကျိုင်းတုံအစည်းအဝေး၏ သဘောထား စုစည်းမှုများကို အခြေခံကာ ယခုကဲ့သို့ ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း ယခုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြည်တွင်းစစ်များ လျင်မြန်စွာ ရပ်စဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုသော စိတ်ဆန္ဒအပြည့် ရှိသောကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့က တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ခုခံကာကွယ်စစ်ဖြင့် အပြည့်အဝ ခုခံ တိုက်ခိုက်မည် ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရနှင့် Bilateral မထိုးရသေးသော မြောက်ပိုင်းမဟာမိတ် လေးဖွဲ့က သြဂုတ် ၃၁ ရက် ကျိုင်းတုံအစည်းအဝေး၏ သဘောထားစုစည်းမှုအတိုင်း Bilateral Ceasefire Agreement ကို ညှိနှိုင်း ပြင်ဆင်ကြပြီး လျင်မြန်စွာ အတည်ပြုနိုင်ရန် တိုက်တွန်းကြောင်း၊ Bilateral Ceasefire Agreement မှတစ်ဆင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပြည်တွင်းစစ်မီးကို အဆုံးသတ် သွားသည်အထိ သက်ဆိုင်သူများနှင့် အမှန်တကယ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ယခုထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

Bilateral Ceasefire Agreement လက်မှတ် မရေးထိုးခင် ပြင်ဆင်နေသော အချိန်ကာလအတွင်း၌ ၎င်းတို့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသော စိတ်ရင်း စေတနာမှန်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်ဘာသာဖြင့် ကနဦး ထုတ်ပြန်ခဲ့သည့် ယခုထုတ်ပြန်ချက်ကို ညီနောင်မဟာမိတ် သုံးဖွဲ့က စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင်မူ စက်တင်ဘာ ၃ ရက် ညနေပိုင်း၌ အဆိုပါအဖွဲ့များက ကားများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent