ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံအကြား စီးပွားရေး သတင်းအချက်များ ဖလှယ်ရန် UMFCCI နှင့် Worri Financial Group တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံအကြား စီးပွားရေး သတင်းအချက်များ ဖလှယ်ရန် UMFCCI နှင့် Worri Financial Group တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
UMFCCI နှင့် Worri Financial Group တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ- ကုန်သည်စက်မှု အသင်းချုပ်)
UMFCCI နှင့် Worri Financial Group တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ- ကုန်သည်စက်မှု အသင်းချုပ်)
Published 4 September 2019
နီလာ

ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံအကြား စီးပွားရေး သတင်းအချက်များ ဖလှယ်ရန် UMFCCI နှင့် Worri Financial Group တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

မြန်မာ-ကိုရီးယား အတူတကွ အောင်မြင်တိုးတက်ခြင်းနှင့် ချမ်းးသာကြွယ်ဝခြင်းတို့၏ မိတ်ဖက်စီးပွားရေးဖိုရမ်ကို ကိုရီးယားနိုင်ငံ Korea International Trade Association (KITA) နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း၍ စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါဖိုရမ်တွင် ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် Worri Financial Group မှ Chairman & CEO Mr. Tae Seng Song တို့ ဦးဆောင်၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ နားလည်မှု စာချွန်လွှာတွင် အဖွဲ့အစည်းနှစ်ခုအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေးတွေ့ဆုံပွဲများ ပုံမှန်ကျင်းပရန်၊ စီးပွားရေး သတင်းအချက်များ ဖလှယ်ရန် စသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတ၏ သုံးရက်တာ ခရီးစဉ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက် အပါအဝင် နားလည်မှုစာချွန်လွှာ ငါးခုကို စက်တင်ဘာ ၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲနှင့် စာချုပ်လဲလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့ ရှေ့မှောက်၌ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူ ချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက် စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ထွန်းသစ်စ လုပ်ငန်းများနှင့် တီထွင်ဆန်းသစ်ခြင်း နယ်ပယ်တွင်  ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ယနေ့ ဆွေးနွေးပွဲတွင် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်မှု အခြေအနေ၊ ကိုရီးယား ခရီးသွားများ ပိုမိုဝင်ရောက်လာသည့်အတွက် ဗီဇာကင်းလွတ်ခွင့်သက်တမ်း တစ်နှစ်ထပ်မံ တိုးမြှင့်ပေးခဲ့မှု အခြေအနေ၊ ကိုရီးယား သမ္မတနိုင်ငံ၏ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကို ကြိုဆိုထောက်ခံမှုနှင့် ပညာရေးဝန်ကြီးဌာနသို့ ကျောင်းကားအစီး ၆၀ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက “ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဒီမိုကရေစီ ကြိုးပမ်းဆောင်ရွက်သည့် သမိုင်းကြောင်းတူညီမှု၊ ကိုရီးယားစစ်ပွဲအပြီး မြန်မာနိုင်ငံမှ ဆန်ကူညီ ပေးအပ်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိမှု၊ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းတွင် ကိုရီးယား စီးပွားရေး လုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် တိုက်တွန်းပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ကြောင်း သိရသည်။                 

 

 

Most Read

Most Recent