သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပခဲ့ပြီး တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုတည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပခဲ့ပြီး တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုတည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်စဉ်
သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်စဉ်
Published 4 September 2019

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ The Peninsula hotel Sakuntala ခန်းမ၌ ကျင်းပခဲ့ပြီး ယခုကဲ့သို့သော အစည်းအဝေးများမှတစ်ဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းအစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြကြောင်း၊ ထိုသို့ပြောကြားရာတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri က မကြာသေးမီကာလ သြဂုတ်လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေး အန္တရာယ်ကြောင့် မြန်မာနိုင်ငံ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများကို ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံသည် သမိုင်းကြောင်း အစဉ်အလာများအရ သော်လည်းကောင်း၊ ဘူမိဗေဒ သဘောတရားအရ သော်လည်းကောင်း အိမ်နီးချင်းကောင်း ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး Thailand – Myanmar High Level Committee Meeting သည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အရေးကြီးသည့် အစည်းအဝေးဖြစ်ပြီး နယ်စပ်ဒေသ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံကောင်းများ ဖြစ်သည့်အပြင် ခိုင်မာ၍ ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ရှေးယခင်ကပင် တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဒေသအဆင့်၊ မြို့နယ်အဆင့် ဆွေးနွေးပွဲများအပြင် ယခုအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအား တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေးကိစ္စရပ်များ ဖြေရှင်းရာတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရန်၊ နှစ်နိုင်ငံနယ်စပ် ဒေသတွင် နေထိုင်သူများ၏ လူမှုဘဝဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု သတ္တမ အကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand – Myanmar High Level Committee Meeting မှတစ်ဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် (၃၃)ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ရလဒ်များအား အမှတ်(၃) စစ်တိုင်းဒေသမှူး Lt. Gen. Chalongchai Chaiyakam က လည်းကောင်း၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား HLC အတွင်းရေးမှူး Lt. Gen. Kumron Kearwichyajane ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြကြောင်း၊ ထို့နောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand – Myanmar High Level Committee Meeting ဥက္ကဋ္ဌများဖြစ်ကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာ အချက်အလက်များအား အတည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent