ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ အရှုံးပေါ်

ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ အရှုံးပေါ်
Published 4 September 2019
ကိုရွှေသိန်း

ကမ္ဘာ့ငွေကြေးစျေးကွက်တွင် ဒေါ်လာစျေးနှင့်အပြ်ိုင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကျပ်ငွေ လက်ဝယ်ရှိ ကုန်သည်များ ကျပ်သိန်းများစွာ အရှုံးပေါ်ပြီး ထိုင်းကုန်ပစ္စည်း စျေးတက်ခြင်းကြောင့် စားသုံးမှုစျေးကွက်ကို များစွာထိခိုက်နေကြောင်း သိရသည်။

မြန်မာ့ကုန်သည်များသည် ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရာတွင် မြန်မာကျပ်ငွေနှင့် ဝယ်ယူ၍မရဘဲ ထိုင်းဘတ်ငွေ လဲလှယ်ပြီးမှ ဝယ်ယူရသည်။

စက်တင်ဘာ ၂ ရက်က မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ် ၂၀၃၀ ရရှိခဲ့သော်လည်း စက်တင်ဘာ ၄ ရက်တွင် ဘတ်၂၀၀၀ အောက်သာ ရရှိသည့်အတွက် ကျပ်တစ်သိန်းဖိုး ဝယ်တိုင်း ကျပ် တစ်ထောင်ကျော် လိုက်ပေးနေရသည်ဟု ဆိုသည်။

ကုန်ပစ္စည်းမျိုးစုံ ရောင်းချသူတစ်ဦးက “မြန်မာငွေကျပ် သိန်းတစ်ရာဖိုး ဝယ်ရင် ကျပ် တစ်သိန်းဝန်းကျင် လိုက်ပေးနေရတော့ နယ်မှလာဝယ်မဲ့ ကုန်သည်တွေ တက်မလာဘူး။ မြန်မာငွေ လက်ဝယ်ရှိနေသူတွေ အရှုံးပေါ်နေပေမဲ့ ဘတ်ငွေ ကိုင်ထားသူတွေ အမြတ်ပေါ်ပါတယ်” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း တစ်မယ်လျှင် တစ်ပတ်အတွင်း ကျပ်တစ်ထောင်ကျော် မြင့်တက်သွားကြောင်း သိရသည်။

မြဝတီမြို့ ငွေကြေးစျေးကွက် ရပ်ဝန်းတွင် စက်တင်ဘာ ၄ ရက် ထိုင်းဘတ်ငွေ ပေါက်စျေးမှာ ကျပ် တစ်သိန်းလျှင် ၂၀၀၀ ဘတ် (ဘတ်ယူလျှင် ၁၉၉ဝဘတ်) ( ဘတ် ၁၀၀ = ကျပ်၅၀၀၀) ၊ တစ်ဒေါ်လာလျှင် ကျပ် ၁၅၄ဝနှင့် မြန်မာ့ရွှေစျေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၂၇၀၀၀၀ ပေါက်စျေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။

ပုံမှန်အားဖြင့်  လကုန်ရက် ဘတ်စျေးကျတတ်သော်လည်း ယခုလတွင် ဘတ်စျေး ထပ်တက်နေသည့်အတွက် မြန်မာ့ရွှေ့ပြောင်း လုပ်သားများမှာလည်း ယခင်ထက် နေရပ်ပြန်ပို့ငွေ များလာသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ မဟာချိုင်လစဉ်တွင် ကားရေဆေးလုပ်ငန်း လုပ်ငန်ခွင်က လုပ်သားတစ်ဦးဖြစ်တဲ့ ကိုလှရွှေက” ဘတ်စျေးတက်နေတဲ့အတွက် ယခင်လတွေထက် ပိုလွှဲနိုင်ပါတယ်။ လစာမတိုးပေမဲ့ မြန်မာကျပ်ငွေ ပိုရတဲ့အတွက် မိသားစုကို ပိုလွှဲနိုင်ပါတယ်”ဟု ပြောကြားသည်။

မြဝတီမြို့ ယုဇနလမ်းရှိ ဂျပန်ကြီးစတိုးပိုင်ရှင် ဒေါ်စန်းစန်းအေးက ”ဘတ်ငွေစျေး မြင့်တက်လာတဲ့အတွက် မြန်မာ့ပို့ကုန်၊ ရောင်းကုန် လုပ်ငန်းရှင်တွေအတွက် အကျိုးရှိပေမဲ့  ထိုင်းကုန်ပစ္စည်းတွေကို အများအပြား သုံးစွဲနေရတဲ့ မြဝတီမြို့ လုပ်ငန်းရှင်တွေ၊ စားသုံးသူ ပြည်သူတွေအနေနဲ့ များစွာ အခက်အခဲ ရှိပါတယ်။ ယခင်နှစ်ကနဲ့ ယှဉ်ရင် ထက်ဝက်နီးပါး မြင်တက်သွားပါတယ်။ ငွေစျေး တည်တည် ငြိမ်ငြိမ် ဖြစ်စေချင်ပါတယ်”ဟု ပြောကြားသည်။                                       

 

 

Most Read

Most Recent