မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတ၏ သုံးရက်တာ ခရီးစဉ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင် သဘောတူညီချက် အပါအဝင် နားလည်မှု စာချွန်လွှာငါးခု လက်မှတ်ရေးထိုး

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတ၏ သုံးရက်တာ ခရီးစဉ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင် သဘောတူညီချက် အပါအဝင် နားလည်မှု စာချွန်လွှာငါးခု လက်မှတ်ရေးထိုး
နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတမွန်ဂျေအင်း နားလည်မှုစာချွန်လွှာများ ရေးထိုးနေသည်ကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတမွန်ဂျေအင်း နားလည်မှုစာချွန်လွှာများ ရေးထိုးနေသည်ကို တွေ့ရစဉ်
Published 4 September 2019
ဇေယျာထွန်း၊ အောင်မင်းသိန်း

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတ၏ သုံးရက်တာ ခရီးစဉ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက် အပါအဝင် နားလည်မှုစာချွန်လွှာ ငါးခုကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံအပြီးတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံသမ္မတ   H.E. Mr. Moon Jae In ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာသည့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေးအင်းနှင့်အဖွဲ့ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်း၏ သုံးရက်တာ ခရီးစဉ်အတွင်း စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံခဲ့ပြီး ယင်းနောက်တွင် နားလည်မှု စာချွန်လွှာ ငါးခုလက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲနှင့် စာချုပ် လဲလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့ ရှေ့မှောက်၌ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အ ထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက်စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက် ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေး နှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးနားလည်မှုစာချွန်လွှာ၊ ထွန်းသစ်စလုပ် ငန်းများနှင့် တီထွင်ဆန်းသစ်ခြင်းနယ်ပယ် တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာ ချွန်လွှာများအား နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရေးဝန်ကြီးဌာနအတွက် ပေးအပ်လှူဒါန်းသည့် ကျောင်းကား အစီး ၆၀ ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ငွေကြေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍတွင် အတွေ့အကြုံနှင့် နည်းပညာများ ဖလှယ်ခြင်းဖြင့် ဆက်လက် အကူအညီပေးအပ်ရေး၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန် အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက်စင်တာတစ်ခု တည်ထောင်သွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံမှ ခရီးသွားဧည့်သည်များ သိသာစွာ တိုးမြင့်လာသည့်အတွက် ကိုရီးယားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်ပေးခဲ့သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံ-ကိုရီးယား၊ အာဆီယံ- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတွင် မြန်မာနိုင်ငံက ပိုမိုတက်ကြွစွာ အ ထောက်အကူပြုရေး၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်၊ မိတ်ဖက်ဆက်ဆံမှု နှစ် ၃၀ မြောက် ထိပ်သီးအစည်းအဝေးနှင့် ကိုရီး ယား-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမ အကြိမ် ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်အဆင့် ပါဝင်တက်ရောက် ရေး၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုရီးယားပြည်သူများ ပိုမိုသိရှိလာစေရေးအတွက် ဘူဆန်မြို့ရှိ အာဆီယံယဉ်ကျေးမှု စင်တာတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသ၏ ယဉ်ကျေးမှုနှင့် သဘာဝ ရှုခင်းများအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပုံဖော်ပြသရေး၊ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားများ ကျင်းပရာတွင် ကို ရီးယားနိုင်ငံမှ လိုအပ်သည့် အကူအညီများ ပါဝင်ကူညီရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ပါဝင်အထောက်အကူ ပြုနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ အပြုသဘော ဆောင်သည့် အကူအညီများ ပေးအပ်ရေး၊ ကိုရီးယား-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) ထူထောင်နိုင်ရေးအတွက် စတင် သည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့်ကိစ္စ၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာအလုပ်သမားများ တိုးမြှင့်ခေါ်ယူနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က “ယနေ့ဆွေးနွေးပွဲတွင် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်မှုအခြေအနေ၊ ကိုရီးယားခရီးသွားများ ပိုမိုဝင်ရောက်လာသည့်အတွက် ဗီဇာကင်းလွတ်ခွင့် သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ပေးခဲ့မှုအခြေအနေ၊ ကိုရီးယားသမ္မတနိုင်ငံ၏ ကိုရီးယားကျွန်း ဆွယ် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုကို ကြိုဆိုထောက်ခံမှုနှင့် ပညာရေးဝန်ကြီးဌာနသို့ ကျောင်းကားအစီး ၆၀ ပေး အပ်လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိကြောင်း” ပြောကြားသည်။

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းက “ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဒီမိုကရေစီကြိုးပမ်းဆောင် ရွက်သည့် သမိုင်းကြောင်းတူညီမှု၊ ကိုရီးယားစစ်ပွဲအပြီး မြန်မာနိုင်ငံမှ ဆန်ကူညီပေးအပ်ခဲ့မှုအပေါ် ကျေးဇူတင်ရှိမှု၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကူညီပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည့်ကိစ္စရပ်များ၊ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းတွင် ကိုရီးယားစီးပွားရေးလုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် တိုက်တွန်းပေး သွားမည့်”အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ ရောက်ရှိသည့် ကိုရီယားသမ္မတ နိုင်ငံသမ္မတအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန် ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ   ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုရီးယားနိုင်ငံ သမ္မတနှင့်အတူ တာဝန်ရှိသူများတက်ရောက် ခဲ့ကြသည်။

တောင်ကိုရီးယားသမ္မတနိုင်ငံ မွန်းဂျေ အင်းသည် အာဆီယံသုံးနိုင်ငံခရီးစဉ်အဖြစ် ထိုင်း၊ မြန်မာ၊ လာအိုသို့ လာရောက်ခြင်းဖြစ် ပြီး ဒုတိယခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent