ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက နွေရာသီအပြောင်းအရွှေ့ကာလမပိတ်ခင် နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရန်လိုအပ်ပြီး ထိပ်တန်း ကစားသမားတစ်ဦး (သို့မဟုတ်) နှစ်ဦးခေါ်ယူရန် ဖြစ်နိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများ၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ စက်တင်ဘာ ၂ ရက် ညပိုင်းတွင်ပြီးဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် PSG အသင်းတိုက်စစ်မှူး နေမာ၊ မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာ၊ စပို့ တင်းလစ္စဘွန်းအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၊ စပါးအသင်းကွင်း လယ်လူ အဲရစ်ဆင်တို့ကိုခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။
ယင်းသတင်းများနှင့်ပတ်သက်၍ ဗီလာရီးယဲလ်အသင်းနှင့်ပွဲအကြို သြဂုတ် ၃၁ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီဒန်းက ''ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ တနင်္လာနေ့ ည ၁၂ နာရီအထိ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ဗုံးတစ်လုံးလား၊ ဗုံးနှစ်လုံးလား ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်''ဟု ပြောကြားသည်။
ထို့အပြင် PSG အသင်းသို့ပြောင်းရွှေ့ရန် နီးစပ်နေသည့် ဂိုးသမား နာဗတ်စ်၏အနာဂတ်နှင့်ပတ်သက်၍ ၎င်းက '' အဲဒီအပြောင်းအရွှေ့လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဗီလာရီးယဲလ်နဲ့ပွဲမှာ အသင်းအတွက် သူအကူအညီပေးနိုင်ဖို့ပါပဲ။ အဲဒီပွဲပြီးသွားရင်တော့ စက်တင်ဘာ ၂ ရက် အထိ ဘာမဆိုဖြစ်နိုင်ခြေရှိပါတယ်''ဟု ဆက်လက်ပြောကြားသည်။
ဇီဒန်းက အသင်း၏လူစာရင်းကို ကျေနပ်မှုရှိကြောင်းနှင့် ယခုထက်ပို၍ အပြောင်းအလဲလုပ်ချင်ပါက ရာထူးမှနုတ်ထွက်ရန်သာ ကျန်ရှိတော့ကြောင်း လည်း သုံးသပ်ပြောကြားသည်။
''ကျွန်တော့်မှာရှိတဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ သူတို့တွေက ကျွန်တော့်အတွက် အကောင်းဆုံးပါပဲ။ ပြိုင်ပွဲ တွေစတင်ချိန်မှာ ကိုယ့်ရဲ့လူစာရင်းကိုကျေနပ်မှုရှိဖို့က အရေးကြီးပါတယ်။ ဒီလူစာရင်းနဲ့ပတ်သက်လို့ စောဒကတက်လို့မရပါဘူး။ ဒီထက်အပြောင်းအလဲ လုပ်ချင်ရင် ကိုယ်တိုင်အလုပ်ပြောင်းမှပဲရမှာပါ''ဟု ၎င်းက ဆိုသည်။
ရီးယဲလ်အသင်းသည် ယခုနွေရာသီတွင် ဟာဇက်ကို ယူရိုသန်း ၁၀၀၊ ယိုဗစ်ကို ယူရို သန်း ၆၀၊ မီလီတိုကို ယူရိုသန်း ၅၀၊ မန်ဒီကို ယူရို ၄၈ သန်း၊ ရိုဒီဂိုကို ယူရို ၄၅ သန်းဖြင့် ခေါ်ယူထားပြီး ကစားသမားသစ်ငါးဦးအတွက် ယူရို ၃၀၃ သန်း အထိ အသုံးပြုထားကြောင်း သိရသည်။