ကြောင်သူတော်ဝါဒနှင့် စံနှုန်းနှစ်မျိုး

ကြောင်သူတော်ဝါဒနှင့် စံနှုန်းနှစ်မျိုး
Published 27 August 2019

ကြောင်သူတော်ဝါဒဟူသည် စရိုက်အမှန်အကန် သို့မဟုတ် လိုအင်ဆန္ဒ၊ အထုံ၊ ၀ါသနာ အစစ်အမှန်ကို ဖုံးကွယ်လျက် သူတော်ကောင်းတရား သို့မဟုတ် ကောင်းမှုသုစရိုက်ပြုမှု သို့မဟုတ် လိုက်နာမှုအသွင် ဟန်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကြောင်သူတော်ဝါဒတွင် ယေဘုယျသဘောအရ စိတ်ရင်းအမှန်ကို ဖုံးကွယ်ဟန်ဆောင်ခြင်း၊ ဟိတ်ဟန်ထုတ်ခြင်းနှင့် အရေခြုံအယောင်ဆောင်ခြင်းတို့ ပါဝင်သည်။ ကြောင်သူတော်ဝါဒဟူသည့် စကားရပ်ကို အလားတူအပြုအမူ သို့မဟုတ် လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လူတစ်ဦးက အခြားတစ်ဦးကို ဝေဖန်ရာ၌ အသုံးပြုသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ပညာတွင် ကြောင်သူတော်ဝါဒဟူသည် လူတစ်ဦးအနေဖြင့် မိမိကိုယ်တိုင် ထုတ်ဖော်ပြောကြားထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများနှင့် သဘောတရားများကို မိမိကိုယ်တိုင် လိုက်နာရန် ပျက်ကွက်ခြင်းအား ရည်ညွှန်းသည်။

ဗြိတိသျှနိုင်ငံရေးတွေးခေါ်ရှင် ဒေးဗစ်ရန်ဆီမန်၏ အဆိုအရ ကြောင်သူတော်ဝါဒဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်းနှင့် ပတ်သက်သည့် အခြားအမျိုးအစားများတွင် မိမိ၌ မရှိသည့် သိမှုကို ရှိလေဟန် အခိုင်အမာပြောဆိုခြင်း၊ ရှေ့နောက်ညီညွတ်အောင် တစ်သမတ်တည်း မိမိကိုယ်တိုင် မထိန်းသိမ်းနိုင်သည့် အရာများကို ပြောဆိုခြင်း၊ မိမိ၌ အမှန်တကယ်မရှိသည့် သစ္စာစောင့်သိမှုကို အခိုင်အမာပြောဆိုခြင်းနှင့် မိမိအနေဖြင့် ဆုပ်ကိုင်ထားနိုင်ခြင်းမရှိသည့် မိမိမည်သူမည်ဝါဖြစ်ကြောင်း ကိုယ်ပိုင်လက္ခဏာနှင့် ပတ်သက်၍ အခိုင်အမာ ပြောဆိုခြင်းတို့ ပါဝင်သည်။ အမေရိကန်နိုင်ငံရေးဆိုင်ရာ ဂျာနယ်လစ် မိုက် ကယ်ဂျာဆန်က ပြည်သူလူထုအား အရူးလုပ်၍ နိုင်ငံရေးဆိုင်ရာ အကျိုးအမြတ် ရယူရန်အတွက် မျက်နှာဖုံးတစ်ခုကို တမင်တကာ အသုံးပြုမှုအား နိုင်ငံရေးဆိုင်ရာ ကြောင်သူတော်ဝါဒဟု ခေါ်ဆိုကြောင်း ဖွင့်ဆိုခဲ့သည်။ ကြောင်သူတော်ဝါဒီများ၏ အဆိုးရွားဆုံး အချက်များထဲတွင် မိမိကိုယ်တိုင်အတွက် စံနှုန်းတစ်မျိုး၊ အခြားသူများအတွက် စံနှုန်းတစ်မျိုးဟူ၍ စံနှုန်းနှစ်မျိုး (Double Standard)  ထားရှိခြင်းလည်း ပါဝင်သည်။

စံနှုန်းနှစ်မျိုးဟူသည် သဘောတရားအရ တူညီသည့် အနေအထား နှစ်ရပ်အတွက် ကွဲပြားခြားနားသော သဘောတရားများကို ကျင့်သုံးခြင်းဖြစ်ပြီး ဘက်တစ်ဘက်ထက် အခြားဘက်တစ်ဘက်ကို ကင်းလွတ်ခွင့်ပေးသည့် အခါမျိုး၌ အသုံးပြုလေ့ရှိသည်။ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လူများ၊ အခြေအနေရပ်များ သို့မဟုတ် ဖြစ်ရပ်များတွင် တူညီသော နည်းလမ်းအတိုင်း ကျင့်သုံးဆက်ဆံသင့်သော်လည်း ကွဲပြားခြားနားစွာ ကျင့် သုံးဆက်ဆံသည့်အခါ စံနှုန်းနှစ်မျိုးဟူသည့် စကားရပ်ပေါ်ပေါက်လာသည်။ စံနှုန်းနှစ်မျိုးသည် လူတို့၏ စိတ်အတွင်း၌ များစွာသော ဖြစ်နိုင်ဖွယ် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသည်ဟု ယုံကြည်ရသည်။ ယင်းအကြောင်းတရားများတွင် မိမိကိုယ်တိုင်အတွက် ဆင်ခြေပေးစရာ ရှာဖွေခြင်း၊ စီရင်ဆုံးဖြတ်ချက်အပေါ် စိတ်ခံစားမှုက လွှမ်းမိုးခြင်း၊ ဘက်လိုက်မှုများက ယုံကြည်မှုကို အထောက်အပံ့ပြုရန် အချက်အလက်များကို ပုံဖျက်ပစ်ခြင်း၊ အလိုအလျောက် ဖြစ်ပေါ်လာသော ဘက်လိုက်မှုများ၊ ဆွဲဆောင်သိမ်းသွင်းခံရသော ဘက်လိုက်မှုများ၊ မလိုမုန်းထားမှုများ၊ မိမိမှန်ကြောင်း သက်သေပြရန် လိုအပ်နေမှု အစရှိသည်တို့ ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ စံနှုန်းနှစ်မျိုးရှိနေခြင်းသည် တရားမျှတမှုမရှိသည့် အပြုအမူများဆီသို့ ဦးတည်သွားစေနိုင်သည့် ကြောင်သူတော်ဆန်သော၊ ဘက်လိုက်သော မျှတမှုမရှိသော သဘောထားကို ပြသနေခြင်းသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent