တရုတ် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မြန်မာ-တရုတ် သီးသန့်စက်မှုဇုန်ထူထောင်လိုသည်ဟု ကမ်းလှမ်းနေကြောင်း ဒုတိယသမ္မတ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြ

တရုတ် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မြန်မာ-တရုတ် သီးသန့်စက်မှုဇုန်ထူထောင်လိုသည်ဟု ကမ်းလှမ်းနေကြောင်း ဒုတိယသမ္မတ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြ
Published 24 August 2019
ဖြိုးဝေ

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မြန်မာ-တရုတ် သီးသန့်စက် မှုဇုန်ထူထောင်လိုသည်ဟု ကမ်းလှမ်းနေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် လုပ်ငန်းရှင်များ၂၉ ကြိမ်မြောက်တွေ့ဆုံပွဲ အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ဒုတိယသမ္မတဦးမြင့်ဆွေအား တင်ပြပြောကြားသည်။

“လှိုင်သာယာဘက်ကို သွားကြည့်ရင် တရုတ်တွေက စက်ရုံတွေငှားပြီး ဆောင်ရွက်နေတာ တွေ့ပါတယ်။ တရုတ်တစ်ဖွဲ့ကလည်း ကျွန်တော်တို့ကိုလာပြီးတော့ စက်မှုဇုန်တည်ထောင်ချင်တယ်ဆိုတာ ဖြစ်လာပါတယ်။ သူများနိုင်ငံတွေကလည်း လုပ်နေတယ်ဆိုတော့ သူတို့လည်း သူတို့ရဲ့ သီးသန့် မြန်မာ- တရုတ် စက်မှုဇုန်ထောင်ချင်တယ်ဆိုတဲ့ ဆွေးနွေးလာတာတွေရှိပါတယ်” ဟု ဦးဇော်မင်းဝင်းက  ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အများဆုံးမြှုပ်နှံထားသည့် နိုင်ငံ ဖြစ်သည်။ ထိုသို့ သီးသန့် မြန်မာ- တရုတ် စက်မှုဇုန်ထောင်ချင်နေသည့် တရုတ်လုပ်ငန်းများမှာ Resposible ရှိပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိမည်ဆိုပါက ဖိတ်ခေါ်နိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးစားပေးမည်ဟု ဦးဇော်မင်းဝင်းက ဆက်လက်ပြောကြားသည်။

လက်ရှိအခြေအနေတွင် ရန်ကုန်တိိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြေယာ လျော်ကြေးများ ပေးလျော်ရန်ရှိပြီး အဆိုပါမြေယာလျော်ကြေးများအတွက် အစိုးရကသိမ်းဆည်းထားပြီးဖြစ်သည့် မြေများကို ပြန်လည်ရောင်းချကာ ပေးချေမည်ဖြစ်ကြောင်းနှင့် လယ်သမားများထံမှ သိမ်းဆည်းထားသည့် မြေများကို ပုံစံနှစ်မျိုးဖြင့် ရောင်းချရန် ပြင်ဆင်ထားကာ တစ်မျိုးမှာ နေအိမ်ခြံဝင်းဖြင့် နေထိုင်လိုသူများအတွက် ရောင်းချပေးခြင်းနှင့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ပူးပေါင်းထားပြီး နိုင်ငံ့ဖွံ့ဖြိုးရေး အထောက်အကူပေးနိုင်မည့် စီးပွားရေးလုပ်ငန်းများလာရောက်မြှုပ်နှံသူများအား ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည် ။

“စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ချင်တဲ့သူတွေကို ရောင်းပေးဖို့ ရှိပါတယ်။ ဒီရောင်းတဲ့နေရာမှာတော့ တကယ်ဆောင်ရွက်မဲ့သူတွေ၊ ချက်ချင်းအကောင်အထည်ဖော်မယ့်သူတွေကိုပဲ ရောင်းချမှာဖြစ်ပါတယ်။ မြေကစားဖို့အတွက် ရောင်းပေးမှာ မဟုတ်ပါဘူး။ မြေတွေကို ကိုင်ထားပြီးတော့ မြေစျေး ကမောက်ကမဖြစ်အောင် ဆောင်ရွက်မဲ့သူတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ချက်ခြင်း ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်တဲ့ စက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူတွေက အမြဲတမ်းမေးပါတယ်။ မြန်မာနိုင်ငံရဲ့ မြေစျေးကကြီးတယ်။ ကြီးရတဲ့အကြောင်းရင်းက ပုဂ္ဂလိကကဏ္ဍကနေ မြေကိုကိုင်ထားပြီးတော့ အစိုးရကနေ ရင်းနှီးမြှုပ်နှံမှုအတွက် မြေကို ရောင်းချပေးတာမျိုး မရှိပါဘူး။ အခုတော့ ရင်းနှီးမြှုပ်နှံဖို့အတွက် မြေကို တကယ်လုပ်မဲ့သူတွေကို မြေရောင်းချပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မြေဟာ နိုင်ငံခြားသားကို ရောင်းချနိုင်တာ မဟုတ်တဲ့ အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ဖို့အတွက် ကျွန်တော်တို့တိုင်းဒေသကြီး အစိုးရဘက်ကနေ စီစဉ်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။   

Most Read

Most Recent