အကယ်ဒမီ နေတိုးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ နေတိုးနှင့် တွေ့ဆုံခြင်း
Published 14 August 2019
စုမှူးနိုင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားပြီး အနုပညာမှော်အောင်သူတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ အနုပညာရှင်တစ်ဦးကတော့ အကယ်ဒမီနေတိုးပါ။ လက်ရှိမှာ သူပါဝင်ထားတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကား ပြသအောင်မြင်နေသလို ဇာတ်ကားကောင်းတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေသူဖြစ်ပါတယ်။ ဒါ့အပြင် သူပါဝင်သရုပ်ဆောင်ထားတဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာမီပရိသတ်တွေ ကြည့်ခွင့်ရတော့မှာဖြစ်လို့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ သူပါဝင်ထားတဲ့ ဇာတ်ကားတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လတ်တလော အနုပညာလှုပ်ရှားမှုတွေကို အရင်သိပါရစေ။

ဖြေ - 7rh Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပဲ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပါတယ်။ “ကျွန်တော့်ရဲ့ သူ” ဇာတ်ကားကြီးကို ရိုက်ကူးနေတာပြီးရင် “စစ်ကား” ရုပ်ရှင်ဇာတ်ကား ဆက်ပြီး ရိုက်ကူးသွားမှာပါ။ “ကျွန်တော့်ရဲ့ သူ” က မိသားစုဒရမ်မာဇာတ်ကားလေးပါ။ “စစ်ကား” ကတော့ အက်ရှင်နဲ့ ဟာသကိုရောထားတဲ့ ဇာတ်လေးပါ။ ဇာတ်လမ်းလေးက ဆန်းပါတယ်။

မေး - “စစ်ကား” ရုပ်ရှင်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေထဲမှာ Gym ကစားတာတွေလည်းပါတာ ဘာကြောင့်လဲ။

ဖြေ - “စစ်ကား” ဇာတ်ကားမှာက ကျွန်တော်တို့တွေအနေနဲ့ ခက်ခက်ခဲခဲလုပ်ရမယ့် အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါတယ်။ အဲဒီအတွက် ခံနိုင်ရည်ရှိဖို့လည်းပါသလို ဒီဇာတ်ကားမှာ ခန္ဓာကိုယ်ကြံခိုင်မှုလည်း ပိုကောင်းဖို့လိုအပ်လို့ ကျွန်တော်တို့တွေ Gym မှာ လေ့ကျင့်ဖြစ်တာပါ။

မေး - “စစ်ကား” မှာအတွက် Gym ကစားတာအပြင် ဘယ်လိုပြင်ဆင်မှုတွေကိုရော ကိုယ့်ဘက်ကလုပ်ရလဲ။

ဖြေ - “စစ်ကား” ရုပ်ရှင်အတွက်က Gym ကစားတာအပြင် အခြားအဝတ်အစားပိုင်းတွေ ဘာမှ ကိုယ့်ဘက်က စိတ်ပူစရာမရှိပါဘူး။ ၁၉၄၅ ခုနှစ်ဝန်းကျင်ကာလကို အခြေခံပြီး ရိုက်ကူးတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် လိုအပ်တဲ့အဝတ်အစားတွေကို ထုတ်လုပ်ရေးဘက်ကပဲ ဒီဇိုင်နာနဲ့ညှိနှိုင်းပြီး ပြင်ဆင်ပေးပါတယ်။ တခြားလိုအပ်တဲ့ ပစ္စည်းတွေဆိုရင်လည်း ကျွန်တော်တို့က ဘာမှပြင်ဆင်စရာမလိုပါဘူး။ ထုတ်လုပ်ရေးဘက်ကပဲ အစစအရာရာ ဖြည့်ဆည်းပေးတာပါ။ အဲဒီအတွက် ကျွန်တော်တို့က ကိုယ့်ရဲ့သရုပ်ဆောင်မှုပိုင်းအတွက်ပဲ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ရတာဖြစ်လို့ သရုပ်ဆောင်မှုပိုင်းတွေမှာ ပိုပြီးအာရုံစိုက်နိုင်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဇာတ်ကားကို ကြည့်တဲ့အခါ ပိုပြီးကောင်းလာမယ်လို့လည်း ယုံကြည်ပါတယ်။ နောက်ပြီးတချို့ဇာတ်ဝင်ခန်းတွေက တည်းခိုစရာမရှိဘဲ တောထဲတွေမှာပဲသွားပြီး ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေလည်း ရှိပါတယ်။ အဲဒီအတွက် ထုတ်လုပ်ရေးဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မှုတွေလုပ်ပေးထားပေမယ့်လည်း တကယ်သွားရောက်ရိုက်ကူးတဲ့အခါမှာ အခက်အခဲတွေဆိုတာ ရှိနိုင်ပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့တွေအနေနဲ့ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ရတာမျိုးလောက်ပဲ ရှိပါတယ်။

မေး - “စစ်ကား” ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်သွားမှာလဲ။

ဖြေ - ဒီဇာတ်ကားလေးမှာ ကျွန်တော်ပါဝင်ရမယ့် ဇာတ်ကောင်စရိုက်က နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ရွာမှာနေတဲ့ ရွာသားတစ်ယောက်ဖြစ်ပြီး ဟီးရိုးတစ်ယောက်ဖြစ်ချင်သူပေါ့။ နောက်တစ်ပိုင်းက ရွာကနေပြီး တော်လှန်ရေးဘက်ကို ရောက်သွားတဲ့ အပိုင်းလေးတွေပေါ့။

မေး - “စစ်ကား” ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားလေးက အက်ရှင်နဲ့ ဟာသကိုပေါင်းစပ်ထားပြီး ဇာတ်လေးလေးက ပရိသတ်တွေအတွက် ဆန်းမှာပါ။ နောက်ပြီး ပါဝင်ထားတဲ့အနုပညာရှင်တွေဆိုရင်လည်း အသစ်ရော  အဟောင်းပါ ရောပြီးတော့ ပရိသတ်တွေ တွေ့မြင်နေကျမဟုတ်တဲ့ သရုပ်ဆောင်အတွဲတွေကိုလည်း သုံးထားတာဖြစ်လို့ ပရိသတ်တွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ကြည့်နေကျပုံစံတွေနဲ့မတူတဲ့ ဇာတ်လေးလည်းဖြစ်စေမယ်လို့ ထင်ပါတယ်။

မေး - လက်ရှိရုံတင်ပြသနေတဲ့ “နိုင်ငံကြီးသား” ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့အားပေးမှုအပေါ် ဘယ်လိုခံစားရလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ကတော့ Red Carpet Show ပြုလုပ်တဲ့ရက်မှာ ပရိသတ်တွေနဲ့အတူ ကြည့်ခွင့်ရခဲ့တယ်။ အဲဒီအချိန်မှာ ဇာတ်ဝင်ခန်းလေးခုရှိမယ်၊ ကျွန်တော့်အနေနဲ့ မျှော်လင့်မထားတဲ့ ဇာတ်ဝင်ခန်းတွေပေါ့။ အဲဒီဇာတ်ဝင်ခန်းတွေမှာလည်း ပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးကြတာတွေလည်း ကြုံခဲ့ရတယ်။ အဲဒီလို ပရိသတ်တွေအားပေးတဲ့ လက်ခုပ်သံတွေက ရင်ထဲကို စိမ့်ပြီးစီးဝင်သွားတဲ့ ဘယ်တော့မှလည်း မေ့မသွားနိုင်တဲ့ ပီတိမျိုးကို ရခဲ့ပါတယ်။

မေး - “နိုင်ငံကြီးသား” ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုပြောချင်တဲ့ စကားရှိရင်။

ဖြေ - “နိုင်ငံကြီးသား” ဇာတ်ကားက မရိုက်ကူးခင် ဇာတ်လမ်းနာမည်ကို ကြားကတည်းက ရိုက်ချင်ခဲ့တဲ့ဇာတ်ပါ။ ရိုက်ကူးတဲ့ အချိန်မှာလည်း ကိုယ့်ရင်ထဲမှာ တချို့အကြောင်းအရာတွေက ရှိနေပြီးသားတွေ ဖြစ်နေခဲ့တယ်။ ဗီဒီယိုဇာတ်ကားဖြစ်တဲ့ “နာမည်တစ်လုံးနဲ့ နေကြသူများ” ပြီးရင် ဒီဇာတ်ကားက ကျွန်တော့်ရဲ့ဘဝမှာ ဒုတိယမြောက်ရဲကားပါ။ “နာမည်တစ်လုံးနဲ့ နေကြသူများ” ဇာတ်ကားတုန်းကလည်း ပရိသတ်တွေရဲ့ အားပေးမှုရခဲ့သလိုပဲ ထပ်ပြီးရဲကားရိုက်တဲ့အချိန်မှာလည်း ကျွန်တော်မမျှော်လင့်ထားခဲ့ပေမယ့် ပရိသတ်တွေဆီက အားပေးမှုတွေရခဲ့တယ်။ နောက်ပြီး ဒီဇာတ်ကားက ကျွန်တော်ရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေရဲ့ Master Rate ထဲမှာပါတဲ့ ဇာတ်ကားပါ။

မေး - ပရိသတ်တွေ မကြာခင် ကြည့်ခွင့်ရတော့မယ့် “အထက်တန်းစား” ဇာတ်ကားမှာရော ဘယ်လိုပုံစံမျိုးနဲ့ တွေ့ခွင့်ရမလဲ။

ဖြေ - “အထက်တန်းစား” ဇာတ်ကားမှာက ကျွန်တော့်အနေနဲ့ ကနားစီးတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းကို သဘောကျတဲ့အတွက် ကျွန်တော်ဒီဇာတ်ရုပ်မျိုးနဲ့ ပါဝင်ဖြစ်တာပါ။ ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုရှိခဲ့တဲ့ ဇာတ်ကောင်စရိုက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုမှာ ကျွန်တော့်ကို မြင်နေကျမဟုတ်တဲ့ ဇာတ်ကောင်မျိုးနဲ့ မြင်တွေ့ခွင့်ရမယ့် ဇာတ်ကားပါ။ အားပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။

မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - ကြိုးစားမှုတွေ ရပ်တန့်မသွားအောင် တစ်နှစ်နဲ့တစ်နှစ် မတူညီအောင် ကျွန်တော့်ဘက်က အမြဲကြိုးစားနေပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့ကြိုးစားမှုကို ဆက်ပြီး အသိအမှတ်ပြုပေးဖို့ ပြောချင်ပါတယ်။     

 

Most Read

Most Recent