■ တနင်္သာရီတိုင်းဒေသကြီး စက်လှေမှောက်မှုနှင့် ပတ်သက်ပြီး ဒေသခံပရဟိတအသင်းအချို့နှင့် တွေ့ဆုံမေးမြန်းခြင်း

■ တနင်္သာရီတိုင်းဒေသကြီး စက်လှေမှောက်မှုနှင့် ပတ်သက်ပြီး ဒေသခံပရဟိတအသင်းအချို့နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 21 October 2024

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ပြေးဆွဲနေသည့် စက်လှေတစ်စင်းမှာ အောက်တိုဘာ ၂၀ ရက်ညပိုင်းက ကျောက္ကာရွာမှ မြိတ်မြို့သို့ ထွက်ခွာစဉ် တိမ်းမှောက်ခဲ့သည်။

 

အဆိုပါစက်လှေတွင် ကျောင်းတက်မည့် ကျောင်းသားကျောင်းသူများအပါအဝင် လူ ၈၀ ကျော်ပါဝင်ခဲ့ပြီး ၆၀ ကျော်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီအထိ အမျိုးသမီး အလောင်း ခုနစ်လောင်းနှင့် သုံးလအရွယ် ကလေးငယ်တစ်ဦး၏ အလောင်း စုစုပေါင်း ရှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ကျန်ရှိသူများမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြိတ်မြို့ရှိ ပရဟိတအသင်းအချို့မှ တာဝန်ရှိသူအချို့ကို မေးမြန်းထားချက်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

ရွှေရောင်နေ့သစ်ပရဟိတအသင်းဥက္ကဌ ကိုအောင်သော်စံ

 

“လှေက ရွာကနေထွက်ပြီး ၁၅ မီနစ်ပဲ ကြာပါသေးတယ်၊ အိုဗာဝိတ်ဖြစ်နေတာရယ်၊ လေပြင်းတွေတိုက်၊ လျှပ်စီးလက်ပြီး ရာသီဥတုအနေထားတွေကြောင့် နစ်မြုပ်သွားတာလို့သိရတယ်၊ အခု ၉ တန်းကျောင်းသူနှင့် ၃ တန်းကျောင်းသူနှစ်ဦးပျောက်ဆုံးတဲ့ အထဲပါနေတယ်၊ လိုက်ရှာဖွေနေပါတယ်၊ ကုန်းလမ်းကနေကူညီ ဆောင်ရွက်ပေးဖို့ ပရဟိတ အသင်းတွေသွားဖို့ ကြိုးစားနေတယ်၊ ဒါပေမယ့် တိုက်ပွဲအနေထားကြောင့် ဘယ်လိုမှတိုးမပေါက်ဘူးဖြစ်နေတယ်၊ သေဆုံးတာက အမျိုးသမီးတွေချည်းဖြစ်နေတယ်၊ ၃ လအရွယ်ကလေးတစ်ဦးပါတယ်”

 

ချမ်းမြေ့နာရေးကူညီမှုအသင်းဥက္ကဌ ဦးအင်စွမ်

 

“ကျွန်တော်တို့အခု မြိတ်ပြန်ရောက်ပါတယ်၊ အလောင်း ၈ လောင်းရှာဖွေတွေ့ရှိထားတယ်၊ လှေမှာကခရီးသည် ၈၅ ဦးလိုက်ပါသွားတယ်လို့ သိရတယ်၊ အခု ၆၀ ကျော် အသက်ရှင်ပြန်တွေ့ထားတယ်၊ ၁၀ ကျော်ပျောက်နေတဲ့အနေထားပါ၊ ဒေသခံတွေပဲအဓိကရှာဖွေကယ်ဆယ်ပေးနေကြတယ်”

Most Read

Most Recent