တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အား ဆက်သွယ်မေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အား ဆက်သွယ်မေးမြန်းခြင်း
Published 12 August 2019
ဖြိုးဇင်​ (ထားဝယ်​)

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၉ ရက်မှစ၍ ရန်ကုန် -ထားဝယ် ပြည်ထောင်စုလမ်းပိုင်းပေါ်ရှိ မလွှဲတောင်လမ်းပိုင်း၌ တောင်နံရံပြိုကျမှုများ၊ လမ်းပိုင်းပြတ်ကျမှုများဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံပြည်မနှင့် တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးတို့အကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့သည်။ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု ဆိုးဆိုးရွားရွားခံစားနေရသည့်ဒေသများမှာ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နယ်နှင့် ထားဝယ်ခရိုင်ရှိ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကျန်ရှိသောမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဒဏ်ကို ထိခိုက်ခံစားနေရမှုရှိကြောင်း သိရသည်။ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ဒေသခံ ၂၀၀၀ နီးပါးခန့် ခိုလှုံနေရကာ လူဦးရေတစ်သောင်းကျော်ခန့် ရေဘေးဒုက္ခခံစားနေရသည်ဟု သိရသည်။

မြေပြိုမှုဒဏ် ဆိုးဆိုးရွားရွားခံစားနေရသည့် လောင်းလုံးမြို့နယ်ရှိ ရှင်မော်တောင်ကြောတစ်လျှောက်မှ ကျေးရွာများမှာလည်း လမ်းပိတ်ဆို့မှုကြောင့် ပိတ်မိနေသည့်အပြင် ထပ်မံတောင်ပြိုနိုင်သည့် အနေအထားကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့မှုများရှိနေပြီး အောက်ကျောက် ဝပ်ရွာကယ်ဆယ်ရေးစခန်းတွင် လူဦးရေ ၂၇၀ ကျော်ခိုလှုံနေရကာ ကျောက်နီမော်ကျေးရွာတွင်လည်း မြေပြိုကျမှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စုအချို့ကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ စောင့်ရှောက်ထားသည်ဟု သိရသည်။ ထို့အတူ ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှာ အဆက်အသွယ် ပြတ်တောက်၍ အကူအညီများလိုအပ်နေပြီး ရန်ကုန်-ထားဝယ်လမ်းပိုင်းပေါ်ရှိ ကလိန်အောင်မြို့တွင်လည်း ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ထားကာ လူဦးရေ ၄၀၀ ကျော်ခိုလှုံနေကြောင်း သိရသည်။ ရေဖြူမြို့နယ်အတွင်းရှိ ကံပေါက်ဒေသမှ နတ်ကြီးစင်၊ ဓမင်းဆိပ်၊ ကောင်းမှု၊ ဖောင်းတော၊ ဇာဒီစသည့် ကျေးရွာအများအပြား၌လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် အဆက်အသွယ်ပြတ်တောက်ကာ အစားအသောက်ရိက္ခာနှင့် ကူညီကယ်ဆယ်မှုများ လိုအပ်နေကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများအနေဖြင့် သြဂုတ် ၁၁ ရက်အထိ စာရင်းအရ တနင်္သာရီမြို့နယ်တွင် ခုနစ်ခု၊ ပုလောမြို့နယ်တွင် နှစ်ခု၊ ရေဖြူမြို့နယ်တွင် တစ်ခုနှင့် လောင်းလုံးမြို့နယ်တွင် သုံးခုရှိနေပြီး အခြားအဆက်အသွယ်ပြတ်တောက်နေသည့် ဒေသများ၌ နီးစပ်ရာစုပေါင်း၍ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများလည်းရှိနေကာ လူဦးရေ ထောင်ချီခိုလှုံနေသည်ဟု သိရသည်။ သဘာဝဘေးသင့်နေသည့် ဒေသများသို့ ဒေသခံပရဟိတလူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်မှုများနှင့် ရိက္ခာများ သွားရောက်လှူဒါန်းပေးမှုများ ရှိနေသည့်အပြင် ဒေသခံများကလည်း သွားရောက်လှူဒါန်းနေမှုများရှိကြောင်း သိရသည်။ ရန်ကုန်- ထားဝယ်လမ်းပိုင်း ပြတ်တောက်မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ဒေသခံများအကြား ရိက္ခာပြတ်တောက်မည်ကို စိုးရိမ်မှုများရှိနေသည်။ ယင်းသို့ ထားဝယ်ခရိုင်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်ကို Eleven Media က ဆက်သွယ်မေးမြန်းခဲ့မှုကို ဖော်ပြပေးလိုက်ပါသည်။

မေး - ထားဝယ်​ဒေသတစ်​လျှောက်​မှာ ​ရေကြီး​ရေလျှံမှုနဲ့ ​မြေပြိုမှု​တွေရှိ​နေတယ်​​။ အခုလက်​ရှိအ​နေအထားအရ ကယ်​ဆယ်​​ရေးစခန်းတွေ ဖွင့်ထားတာရှိတယ်။ လမ်းကြောင်းပြတ်တောက်နေတဲ့ အနေအထားတွေရှိတယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်တို ့အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုစီမံမှုတွေ လုပ်ဆောင်ထားလဲဆိုတာ သိပါရစေခင်ဗျ။

ဖြေ - အဓိကက အဲဒီနှစ်ပိုင်းပေါ့။ တစ်ပိုင်းက အဲဒီလမ်းပိတ်နေတဲ့ ဟာတွေကတော့ အဓိက ဦးစားပေးအလိုက်ပေါ့။ ပြီးရင် ကျေးရွာချင်းဆက်လမ်းတွေလည်း တစ်ပြိုင်နက် လုပ်နေတယ်။ ဒါပေမဲ့ အဓိကဦးစားပေးတဲ့ ပြည်ထောင်စုလမ်းပေါ့။ ပြည်ထောင်စုလမ်းမှာတော့ အဓိက မလွှဲတောင်လမ်းပေါ့။ တိုင်းထဲကိုဝင်တဲ့ ဝင်ပေါက်​ဖြစ်နေတော့ အဓိကလည်းကျနေတော့ အဲဒီဟာကို နည်းနည်းအားစိုက်ပြီးတော့ လုပ်နေတယ်။ ကျန်တဲ့ရွာချင်းဆက်လမ်းတွေလည်း ပျက်စီးသွားတယ်။ အဲဒါတွေလည်း တစ်ပြိုင်နက်တည်းတော့ရှိတဲ့အားနဲ့ လုပ်နေတယ်။

မေး - ရေနစ်မြုပ်နေတဲ့ရွာတွေနဲ့ တောင်ပြိုလို့ ဘေးသင့်နေတဲ့ရွာတွေကို ဝန်ကြီးချုပ်တို့အစိုးရအဖွဲ့ အနေနဲ့ ဘယ်လိုထောက်ပံ့မှုတွေ ကူညီမှုတွေလုပ်နေ တာရှိလဲခင်ဗျ။

ဝန်ကြီးချုပ်​ - ကျွန်တော်တို့ဘက်ကတော့ အဓိကတော့ မြို့နယ်​အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စာရင်းတွေ တင်ခိုင်းထားတယ်။ တင်ခိုင်းပြီးတော့ ခွင်​့ပြုချက်ရမှ မဟုတ်ဘူး။ မူချထားပေးပြီးပြီသူတို့ကို။ တစ်ခါတည်း စာရင်းရတာနဲ့ ချက်ချင်းပဲ နီးစပ်ရာမြို့တွေမှာရှိတဲ့ ဆိုင်တွေကနေပြီး​တော့ ယူပြီး​ ထောက်ပ့ံပေးထားဖို့ပေါ့။ ပြီးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘာဝဘေးရန်ပုံငွေလည်း ရှိတယ်လေ။ အဲဒီကနေပြီးတော့​နောက်မှပြန်ပြီးတော့​ ဒါကိုပေးချေပေးမယ်ဆိုပြီးတော့ အဲဒီလိုတော့ ညွှန်ကြားထားတာရှိတယ်။

​မေး - တချို့ရွာတွေဆိုရင်​​ ရေကြီးလို့ လုံးဝအသွားအလာ အဆက်အသွယ် ပြတ်​တောက်ပြီးတော့ အချို့ဆို​ရေတော်တော်ဆိုးဆိုးရွားရွား ကြီးနေတာရှိတယ်ပေါ့​နော်။​ တောင်ပြိုတဲ့အနေအထားဆိုလည်း တချို့အဆက်အသွယ်​ ပြတ်တောက်ပြီးတော့ သွားရေးလာရေးခက်ခဲနေတာရှိတယ်ပေါ့။ ဒီလိုနေရာတွေမှာရော ဆရာတို့ ကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ပြီးတော့ လုပ်ထားတဲ့ အနေအထားလေး သိပါရစေခင်ဗျ။

ဝန်ကြီးချုပ်​ - ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒီဘက်က မီးသတ်တို့ ရဲတပ်ဖွဲ့တို့ပြီးရင် တပ်မတော်ပေါ့နော်။ ဒီပူးပေါင်းအဖွဲ့တွေ ဆင်းတာတွေရှိတယ်။ ပြီးရင်​ ဒီဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့အဖွဲ့တွေပေါ့။ အရပ်ဘက် ​အဖွဲ့အစည်းတွေပေါ့။ အဲဒါတွေလည်း ဆင်းနေတာတော့ရှိတယ်။ အဓိက ကတော့ ဖြစ်တဲ့နေရာတွေတော့ အတတ်နိုင်ဆုံး အစိုးရအဖွဲ့အနေနဲ့ ဒေသခံဝန်ကြီးရှိရင်လည်း ဝန်ကြီးတွေ ဦးဆောင်ပြီးတော့လွှတ်တယ်ပေါ့။ ပြီးမှသက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စီစဉ်ပေးဖို့ရယ်။ ထောက်ပံ့ပေးဖို့ရယ် အဲဒါတွေတော့ ဆက်တိုက်လုပ်​နေတယ်။

မေး - မလွှဲတောင်လမ်းပိုင်းလမ်းပြတ်တောက်နေတဲ့​ နေရာကျတော့ ဝန်ကြီးချုပ်တို့အနေနဲ့ ဘယ်လိုအစီအမံတွေရှိလဲ။ ဘယ်ရက်အတိုင်းအတာမှာ ဒီလမ်းပြန်ဖွင့်နိုင်မလဲခင်ဗျ။

ဝန်ကြီးချုပ်​ - မလွှဲတောင်လမ်းပိုင်းကတော့ ကျွန်တော်တို့ အမြန်​ဆုံးနည်းနဲ့ ဖွင့်နိုင်အောင်တော့ ကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ အဓိကဝင်ပေါက်​ဖြစ်တယ်။ အဲဒီမှာ Block ဖြစ်သွားပြီဆိုရင်​ ဒီမှာ ကုန်စျေးနှုန်း​ ပြဿနာတွေ ဘာတွေကလည်း ရှိနေတော့ အဓိကပွင်​့​သွားအောင်ဆိုပြီးတော့ အခုအဲဒီမှာလုပ်မယ့် လမ်းတာဘောင်တို့ ယန္တရားတွေကတော့ အကုန်လုံးစုထားပြီးပြီ။ စုထားပြီး အဲဒီကိုသွားတော့ လမ်းမှာလည်း တချို့နေရာတွေမှာ​ တောင်ပြိုပြီးတော့သွားလို့မရတဲ့​ဟာတွေ ရှိတယ်။ ရှင်းနေရတာပေါ့နော်။​ နောက်တစ်ခုက ​ရေကြီးနေလို့ သွားလို့မရတဲ့ ဟာလေးတွေလည်းရှိတယ်။ အဲဒါကတော့​ လောလောဆယ် ရတဲ့နည်းနဲ့ ရတဲ့ဟာတွေကိုတော့ အရင်​လွှတ်နိုင်အောင်​ ကြိုးစားနေတယ်။ အဲဒါကိုလည်း အမြန်ဆုံးဖြစ်နိုင်အောင်​ ကြိုးစားနေတယ်။

မေး - အခုထားဝယ်ခရိုင်အတွင်းမှာ ​ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအတွက်​ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့က ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတာ ဘယ်​နှခုလောက်ရှိလဲ။ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာ သိခွင့်ရမလားခင်ဗျ။

ဝန်ကြီးချုပ်​ - ကျွန်တော်တို့ အသေးစိတ်စာရင်းကတော့ စုစုပေါင်းကတော့​ တောင်းပြီးတော့မှပဲ​ ပြောလို့ရမယ်။ ကျန်တာက​တော့ တနင်္သာရီတစ်ခုတည်းကို​ နောက်ဆုံးရတဲ့ ဦးရေစာရင်းက ၁၉၀၀ ​ကျော်လောက်ရှိတယ်။ ကျန်တဲ့​ ၄၊ ၅​ နေရာတော့ရှိတယ်။ အဲဒီမှာတော့ ရာဂဏန်း ဆယ်ဂဏန်းလောက်ရှိတယ်။

မေး - အခု လမ်းကြောင်းဆက်သွယ်ရေး ပြတ်တောက်ပြီးတော့ ဒီထားဝယ်ဒေသမှာလည်း ကုန်​စျေးနှုန်းတွေ တက်နေတာရှိတယ်။ ပြီးတော့ ကျန်တဲ့​အောက်ဘက်ပိုင်းမှာလည်း မြိတ်ရော၊ ကော့သောင်းရော၊ ကုန်စျေးနှုန်းတွေ တက်နေတာရှိတယ်။ ဒီအပေါ်မှာရော ဝန်ကြီးချုပ်အနေနဲ ့ဘာများပြောချင်တာရှိလဲခင်ဗျ။

ဝန်ကြီးချုပ်​ - ကျွန်တော်တို့ အဓိက က လမ်းကို ပြန်ပွင့်သွားအောင်ပေါ့နော်။ ဒါက တစ်ခုပေါ့။​ နောက်တစ်ခုကတော့ စီမံခန့်ခွဲရေးနည်းလမ်းအရ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာတော့ ရုံးဖွင့်တဲ့နေ့ပေါ့။ မနက်​ဖြန်​ရုံးဖွင့်ချိန်​ပြန်ပြီး အစည်းအဝေးထိုင်ပြီးတော့ ဆက်ပြီးတော့ စီစဉ်​ဖို့ရှိတယ်​။

​မေး - အခုလိုတနင်္သာရီတိုင်းမှာ​ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်ဆိုတော့ ဒီအပေါ်မှာရော ဝန်ကြီးချုပ်အနေနဲ့ နောက်ဆုံးဘာများပြောချင်တာရှိလဲ ပေါ့ခင်ဗျ။

ဝန်ကြီးချုပ်​ - ကျွန်တော်တို့ကတော့ အဓိကကတော့ ထိခိုက်သွားတဲ့သူတွေပေါ့။ ဒုက္ခသည်တွေကိုတော့ အချိန်နဲ့တစ်ပြေးညီ​ ရောက်အောင်တော့​ ဆက်ပြီးဆောင်ရွက်နေတဲ့ဟာတွေလည်း ရှိတယ်ပေါ့။ တစ်ခုရှိတာက မရောက်နိုင်သေးတဲ့ နေရာတွေလည်းရှိမယ်။ အဲဒါလည်း တချို့ဟာတွေကျတော့ မီဒီယာတွေကရတဲ့ Information အပေါ်မှာ မူတည်ပြီးတော့​ ဆောင်ရွက်ရတဲ့အပိုင်း​တွေ လည်းရှိတယ်ပေါ့။ ပြည်သူတွေအနေနဲ့ မရောက်လာနိုင်တဲ့​ ထောက်ပံ့မှုတွေရှိရင်လည်း ကျွန်တော်တို့ကိုအချိန်မီပေါ့။ လှမ်းပြီးတော့  Information ပေးစေချင်တာပေါ့နော်။ အဲဒါမှ ဒီဘက်ကလည်း ဆက်ပြီးတော့ ကူညီထောက်ပ့ံပေးလို့ရမယ်ပေါ့။

​မေး - ဖြေကြားပေးတာ ကျေးဇူးပါခင်ဗျ။

 

Most Read

Most Recent