ရှေးဟောင်းသုတေသနဦးစီးဌာန နိုင်ငံတကာညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရှေးဟောင်းသုတေသနဦးစီးဌာန နိုင်ငံတကာညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 14 July 2019
လူမော်နိုင်

နိုင်ငံပေါင်း ၁၃၅ နိုင်ငံက လူတစ်ထောင်ကျော် တက်ရောက်ခဲ့တဲ့ ယူနက်စကို ကမ္ဘာရှေးဟောင်းအမွေအနှစ်ကော်မတီ ၄၃ ကြိမ်မြောက် အစည်းအဝေးအတွေ့အကြုံနဲ့ ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုခဲ့တဲ့အကြောင်းအရာတွေ၊ ပုဂံဒေသရဲ့ထူးခြားချက်၊ ပုဂံဒေသနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုအကြောင်းတွေကို ရှေးဟောင်းသုတေသနဦးစီးဌာန နိုင်ငံတကာညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေး - ရှေးဟောင်းမြို့တော် ပုဂံဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ပါပြီ။ အဇာဘိုင်ဂျန်မှာလုပ်တဲ့ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ကော်မတီ ၄၃ ကြိမ်မြောက် အစည်းအဝေးကိုလည်း ဆရာမကိုယ်တိုင် တက်ရောက်ခဲ့တယ်ဆိုတော့ ဒီခရီးစဉ်နဲ့ အစည်းအဝေးရဲ့ အတွေ့အကြုံအကျဉ်းချုပ်ကို အရင်းဆုံးမျှဝေပေးပါ။

ဖြေ - ကမ္ဘာ့အမွေအနှစ်အစည်းအဝေးကတော့ နိုင်ငံပေါင်းတစ်ရာကျော်ကနေပြီးတော့မှ ပရိသတ်ပေါင်းတစ်ထောင်ကျော် လာကြတာပေါ့နော်။ တချို့ဒီဂျပန်တို့လို ကိုရီးယားတို့လိုနိုင်ငံတွေဆို သူတို့ရဲ့ အမွေအနှစ်ဒေသတွေကို တင်ပြမယ်ဆို လူရာနဲ့ ချီပြီးလာတယ်။ သတင်းမီဒီယာအဖွဲ့တွေလည်း ပါတယ်။ အဲဒီလိုတောက်လျှောက်ကိုပဲ အင်တာဗျူးတွေလိုက်လုပ်တယ်ဆိုတော့ အားရစရာကြီးပါ။ ဒါမျိုးတွေကိုလည်း ကျွန်မက မြန်မာနိုင်ငံကလူတွေအားလုံးကိုလည်း မြင်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးမှာ တခြားနိုင်ငံတွေက ဘယ်လောက်တောင်မှ ကမ္ဘာ့အမွေအနှစ်ကို တန်ဖိုးထားလဲ။ လိုချင်လဲ။ အားသွန်ခွန်စိုက် ပံ့ပိုးကြလဲပေါ့နော်။ အဲဒါတွေကိုလည်း တွေ့စေချင်ပါတယ်။ ပုဂံနဲ့ ပတ်သက်ရင်တော့ အဲဒီမှာ ဘယ်သူကမှ မကြိုက်တာမျိုးမရှိဘူး။ အားလုံးကနေပြီးတော့ ထောက်ခံတယ်။ ကျွန်မတို့ကိုတွေ့ရင် မြန်မာက ပုဂံဆို အားလုံးကွန်ဂရက်ကျူလေးရှင်းဆိုပြီး သူတို့က စပြီးတော့ကို ပြောနေကြတာမျိုးပါ။ ဆိုတော့ ပုဂံကတော့ အားလုံးကနေပြီးတော့ လိုလိုလားလားနဲ့ကိုပဲ ဒီကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့အတွက်ကို ၀ိုင်းဝန်းပြီး ထောက်ခံတာတွေ့ရပါတယ်။ ကျွန်မတို့ ဒီ ၂၀၁၉ ခု ဇူလိုင်လ ၆ ရက် မွန်းလွဲ ၃နာရီ ပေါ့။ ထမင်းစားနားပြီး အစည်းအဝေး ပြန်စတဲ့အချိန် အစည်းအဝေးစတာနဲ့ ကျွန်မတို့ ပုဂံနဲ့စမယ်ဆိုတော့ အားလုံးက ရင်တုန်လှုပ်ရှားနေတာပေါ့။ ကျွန်မဆိုရင် ဒီထမင်း စားနားတဲ့အချိန်မှာ ထမင်းလည်းမစားနိုင်ဘူး။ ဘာမှလည်း မလုပ်နိုင်ဘူးပေါ့နော်။ အရမ်းကိုမှပဲ စိတ်လှုပ်ရှားနေတာပေါ့။ ရမယ်လို့ပြောနေကြပေမယ့်လည်း တကယ့် တကယ်က တရားဝင်မဟုတ်သေးဘူးဆိုတဲ့ အခါကျတော့ ဒီအဖွဲ့ဝင်နိုင်ငံတွေကများ တစ်ယောက်ယောက်က ထဖောက်ပြီး တစ်ခုခုကိုမေးလိုက်လို့ရှိရင်တော့ ဒုက္ခပါပဲဆိုတဲ့ အတွေးမျိုးတွေကလည်း ရှိတာပေါ့လေ။ ကျွန်မတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့ဝင်တွေကြည့်လိုက်ရင် လက်ဖျားခြေဖျားတွေ အေးစက်ပြီး အဲဒီလိုမျိုးတွေ ဖြစ်နေကြတာပါ။ အဲဒီအချိန်မှာကျတော့ ဆရာမခရစ်တိုဗာကေဆိုတဲ့ ဆရာမကြီး တစ်ယောက်က သူကနေပြီးတော့ ပုဂံအကြောင်းကို ရှင်းပြတယ်။ ပုဂံမှာတော့ ဘယ်လိုအချက်တွေရှိတယ်။ ပြီးတော့ ဘယ်လို Additional Recommendation တွေ ပေးထားတာရှိသေးတယ်ဆိုတာကိုလည်း ပြောပြတယ်ပေါ့နော်။ အဲဒါတွေပြီးသွားတော့မှ နိုင်ငံတွေကနေ ကန့်ကွက်တယ်၊ ထောက်ခံတယ်ဆိုတာကို ပြောရတာကိုး။ ဒါပေမဲ့ ထူးထူးခြားခြားပဲ ကျွန်မတို့ ပုဂံအတွက်ကို ဘယ်နိုင်ငံကမှ မကန့်ကွက်ဘူး။ ယူဂန္ဓာကနေစလိုက်တယ် အကုန်လုံးက ထောက်ခံကြတယ်။ ဥပမာ စပိန်နိုင်ငံ အဖွဲ့ကဆိုလို့ရှိရင် ဘာတောင်ပြောလဲဆိုတော့ အဲဒီကအမျိုးသမီးက သူတဲ့ ပုဂံကိုရောက်ဖူးတယ်တဲ့။ သူ့ဘာသာသူ သွားတယ်ပေါ့နော်။ သွားပြီးကြည့်တဲ့အခါ  World Heritage လိုဂိုမတွေ့ခဲ့ဘူး။ အရမ်းတောင်အံ့သြတယ်။ ဘာဖြစ်လို့ဒါသည် ကမ္ဘာ့အမွေအနှစ် မဖြစ်သေးတာလဲဆိုပြီးတော့တောင် စဉ်းစားနေတာပါတဲ့။ ဒါကြောင့် ပုဂံကို ဘာမှစဉ်းစားမနေဘဲ ပေးသင့်ပါတယ်ဆိုတာမျိုး ပြောတယ်။ ဒါပေမဲ့ တချို့တွေကလည်းဟုတ်တယ် ပုဂံကမ္ဘာအမွေအနှစ်ဝင်တာကို လက်ခံတယ်။ ဒါပေမဲ့ ပုဂံက ဧည့်သည်တွေများလာမယ်ဆိုရင် ဘယ်လိုမျိုး စီမံခန့်ခွဲရမယ်ဆိုတာလေးတော့ ကောင်းမွန်အောင် ဒီထက်ပိုပြီးလုပ်သင့် တယ်ဆိုတာမျိုး အကြံပြုတာလည်းရှိတယ်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ အဖွဲ့ဝင်နိုင်ငံအားလုံးက တစ်ညီတစ်ညွတ်တည်းထောက်ခံပြီးတော့ ပုဂံကကမ္ဘာ့အမွေအနှစ်ဖြစ်သွားတာပါ။ အဲဒီလိုဖြစ်ပါပြီဆိုပြီးတော့ သဘာပတိကြီးက တုံးကြီးကို ထုလိုက်တဲ့အချိန်မှာ ကျွန်မတို့တွေအကုန်အလုံး အရမ်းဝမ်းသာရတယ်။ ကျွန်မဆို ဝမ်းသာပြီးတော့ မျက်ရည်တောင်ကျရတယ်။

မေး - ယူနက်စကိုကမ္ဘာရှေးဟောင်းအမွေအနှစ်ကော်မတီ ၄၃ ကြိမ်မြောက် အစည်းအဝေးကို တက်ရောက်လာတဲ့ ၁၃၅ နိုင်ငံနဲ့ ဆုံးဖြတ်မယ့်အဖွဲ့ဝင် ၂၁ နိုင်ငံရှိခဲ့တယ်ပေါ့။ အဲဒီနိုင်ငံတွေက မြန်မာနိုင်ငံ အပေါ်မြင်တဲ့အမြင်၊ ပုဂံဒေသအပေါ် မြင်တဲ့အမြင်ဘယ်လိုရှိလဲ။ ဒီနှစ် ၄၃ ကြိမ်မြောက်မှာ ပုဂံလိုပဲအချိန် အကြာကြီးစောင့်ခဲ့ရတဲ့ အီရတ်က ဘေဘီလုံရော အသိအမှတ်ပြုခံရတဲ့ အခြေအနေဆိုတော့ ဒီနှစ်မှာထူးခြားမှုရှိတယ်လို့ ဆိုနိုင်မလား။

ဖြေ - ကျွန်မတို့ ကမ္ဘာ့အမွေအနှစ်စာရင်း ကျင်းပတဲ့နေရာမှာကတော့ ဘယ်သူကမှ ဒီမေးခွန်းတွေမမေးပါဘူး။ အားလုံးက ပုဂံအတွက်ကိုပဲ အာရုံစိုက်ပြီးတော့ပြောပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေ့အကြုံကို ပြောရလို့ရှိရင်တော့ ကျွန်မတို့က မြို့ထဲတွေသွားမယ်။ Taxi စီးတယ်။ ဆင်းမ်ကတ်တွေ ဝယ်တယ်ဆိုရင်တော့ သူတို့က မြန်မာလို့ကြားလိုက်တာနဲ့ မြန်မာဆိုရင်သိတယ်ဆိုပြီး မျက်နှာနည်းနည်းပျက်တယ်။ နင်တို့တွေက မွတ်စလင်တွေကို သတ်နေတာပဲဆိုပြီးပြောတယ်။ အဲဒီအခါကျွန်မတို့က ရှင်းပြရတယ်။ ဒီလိုမဟုတ်ပါဘူးဆိုတဲ့ အကြောင်းပေါ့နော်။ ဒါသည် နှစ်နိုင်ငံနယ်စပ်ပြဿနာသာ ဖြစ်တယ်ဆိုတဲ့အကြောင်း။ အဲဒီလိုပြောတော့လည်း လက်ခံတယ်။ ဘာလို့လဲဆိုတော့ အဇာဘိုင်ဂျန်က ဟိုးရှေးရိုးစဉ်လာ ခုနစ်ရာစုလောက်ကတည်းကပေါ့နော်။ မွတ်စလင်နိုင်ငံပါ။ ဒါပေမဲ့ လုံးဝအစွန်းမရောက်ဘူး။ ကျွန်မတို့ဆို မုတ်ဆိတ်မွေး အရှည်ကြီးထားတဲ့သူတို့ ခေါင်းမြီးခြုံတဲ့ လူတို့ဆိုတာ မတွေ့ခဲ့ရဘူး။ မြန်မာတွေနဲ့တောင် အရမ်းစိတ်ဓာတ်တူတယ်။ အရမ်းလည်းကူညီတတ်တယ်။ ခင်ခင်မင်မင်ရှိတယ်။ ရန်ဖြစ်တာတို့ အော်ဟစ်နေတာတို့ဆိုတာ ကျွန်မတို့နေခဲ့တဲ့ ၁၀ ရက်အတွင်း တစ်ခါမှ မတွေ့ခဲ့ရဘူး။ တကယ့်တကယ်ကျတော့ ကျွန်မတို့ဘက်က မီဒီယာတွေက နေပြီးတော့မှ ပိုပြီး အခြေအနေမှန်တွေကို တင်ပြပေးရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိခဲ့တယ်။ နောက်တစ်ခုကတော့ ဒီဘေဘီလုံကိစ္စနဲ့ပြောလို့ရှိရင် ဟုတ်ပါတယ်။ ဒီဘေဘီလုံကလည်း ကြာနေပြီတော်တော် ကိုကြာနေပြီ။ ဒါပေမဲ့ အီရတ်ကလည်း စစ်ဖြစ်နေတာရှိတယ်။ တစ်ဖက်မှာလည်း ဘေဘီလုံဆိုတာက မပေးလို့မရတဲ့ နေရာပါပဲ။ အင်မတန်မှ သူတို့သမိုင်းမှာအရေးကြီးတဲ့နေရာ၊ ထွန်းကားခဲ့တဲ့နေရာ။ ဟာမူရာဘီကိုဓဥပဒေတို့ပေါ်တာ ဒီဘေဘီလုံကလေ။ ဆိုတော့ အဲဒီနေရာက အခုလောလောဆယ်အထိ ဘာကံကောင်းလဲဆိုတော့ စစ်ဖြစ်တဲ့အတွက်ကြောင့် မြေပေါ်မှာရှိတဲ့ အထောက်အထားတွေ ပျက်စီးဆုံးရှုံးမှုရှိပေမယ်လို့ မြေအောက်မှာလည်း မတူးရသေးတာတွေက အများကြီးရှိတယ်။ အဲဒီမြေအောက်က မတူးရသေးတဲ့ ဟာတွေနဲ့ပါ ပေါင်းပြီးတော့ပေါ့လေ။ ဒါကတော့ ထိန်းသိမ်းဖို့တော့ အရမ်းလိုနေပြီလို့ ယူဆတယ်။ နောက်တစ်ခုက ကမ္ဘာ့အမွေအနှစ်ဖြစ်လို့ ရှိရင် စစ်ဖြစ်လို့မရတော့ဘူး။ အဲဒီအတွက်ကိုလည်း ဒီဘေဘီလုံကို ကာကွယ်နိုင်တဲ့ အတွက်ကြောင့်မို့ ကမ္ဘာ့အမွေအနှစ်ပေးတယ်လို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံမှာ ကမ္ဘာ့အမွေအနှစ်ဆိုက်တစ်ခုရှိရင် ကိုယ်ကလည်း ကမ္ဘာအမွေအနှစ်ကော်မတီဝင်ဖြစ်တယ်ဆိုလို့ရှိရင် အိမ်ရှင်အနေနဲ့ ကျင်းပလို့ရပါတယ်။ အဇာဘိုင်ဂျန်ကလည်း သူ့ဆီမှာ ကမ္ဘာ့အမွေအနှစ်ဆိုက်တွေရှိလို့ ကျင်းပလို့ရတယ်။ တကယ့်တကယ်တော့ ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့တိုင်းပြည်မှာလည်း အခုဆိုရင် အမွေအနှစ်ဆိုက်က နှစ်ခုရှိတယ်ဆိုရင် မြန်မာနိုင်ငံကလည်း တစ်နေ့တစ်ချိန်မှာတော့ အိမ်ရှင်အဖြစ်ကျင်းပနိုင်လာမယ်လို့တော့ ကျွန်မလည်းစိတ်ကူးယဉ်မိပါတယ်။ အဓိကကတော့ ငွေကြေးအင်အားလည်းလိုတယ်။ အဇာဘိုင်ဂျန်အနေနဲ့ ကျတော့လည်း ရေနံထွက်တဲ့နိုင်ငံလည်း ဖြစ်တယ်။ ချမ်းသာတဲ့နိုင်ငံ။ နောက်ပြီးကျတော့ တက္ကသိုလ်ကျောင်းသားတွေကို ဗော်လံတီယာအဖြစ်သုံးပြီး အားလုံးအဆင် ပြေအောင်လုပ်တယ်။ နောက်နှစ်ကိုတော့ တရုတ်ပြည်မှာ လုပ်မယ်လို့သိရပါတယ်။

မေး - ပုဂံဟာကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားခဲ့တာ ၁၉၉၅ ခုနှစ်ကတည်းကပါ။ အခု ၂၅ နှစ် ဝန်းကျင်အကြာမှာ ကြိုးစားမှုတွေ အရာထင်ခဲ့တယ်။ ဆိုတော့ ပုဂံက ယူနက်စကိုဝင်ဖို့ ဘယ်လိုအချက်တွေကြောင့် ယူနက်စကိုက အသိအမှတ်ပြုခဲ့တာလဲ။ ဘယ်လိုဥပဒေတွေ၊ ပြုပြင်ပြောင်းလဲမှုတွေကအခုလို အခြေအနေကို ဖြစ်စေခဲ့တာလဲ။ ပုဂံဒေသကြီးတစ်ခုလုံးကို ယူနက်စကို တင်ရလောက်တဲ့အထိ ထူးခြားချက်က ဘာဖြစ်မလဲ။

ဖြေ -  ပုဂံဒေသကို ၁၉၉၅ - ၉၆ ကတည်းက ကမ္ဘာအမွေအနှစ်သွင်းဖို့လုပ်တယ်။ ဒါပေမဲ့ အဲဒီကတည်းက ယူနက်စကိုက ငြင်းခဲ့တာ မဟုတ်ဘူးရှင့်။ အဲဒီအချိန်က ကျွန်မတို့ဆီမှာ အမွေအနှစ်ဒေသတွေကို ကာကွယ်တဲ့ ဥပဒေမထွက်သေးဘူး။ ဥပဒေမထွက်သေးဘဲနဲ့ ဒီလောက်တန်ဖိုးရှိတဲ့နေရာကို ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုစီမံခန့်ခွဲမှာလဲဆိုတဲ့အတွက်ကြောင့် သူတို့က ဥပဒေပြန်တောင်းတယ်။ စီမံခန့်ခွဲရေးပလန်တွေ တောင်းတယ်။ အဲဒီလိုပြန်တောင်းတဲ့အခါမှာ မြန်မာနိုင်ငံအစိုးရဘက်က ဆက်ပြီးတော့ မတင်တာ။ မတင်ဖြစ်တော့တာ။ အဲဒီအတွက် အဲဒါကြီးက Pending လိုဖြစ်သွားတာ။ ဒါပေမဲ့ ကျွန်မတို့ ၂၀၁၃ လောက်က မှစပြီးတော့ ထဲထဲဝင်ဝင်ကြိုးစားတယ်။ ဥပဒေကလည်း ၉၈ ဥပဒေထွက်ခဲ့ပြီးသားလည်းရှိတယ်။ အခုအခါမှာ ၂၀၁၉ ရှေးဟောင်းအမွေအနှစ် ဒေသများကာကွယ်ရေး ဥပဒေလည်းရှိတယ်။ အဲဒါမျိုးတွေနဲ့လည်း ပြည့်စုံနေပြီဆိုတဲ့အခါကျတော့ ဒီပုဂံက ကမ္ဘာ့အမွေအနှစ်ဝင်ဖို့လွယ်သွားတယ်။ နောက်တစ်ချက်ကကျတော့ ကမ္ဘာအမွေအနှစ်ဖြစ်ဖို့အတွက် အနှစ်သာရကကမ္ဘာမှာ ဒီတစ်နေရာပဲ။ ဒီတစ်ခုပဲရှိတယ်ဆိုတာမျိုးကို ဖော်ပြရတာမျိုးပါ။ သူနဲ့ခေတ်ပြိုင်တို့၊ လက်ရာတူတို့အဲဒါမျိုးတွေလည်း မရှိရဘူး။ နောက်တစ်ခုက အစစ်အမှန်ဖြစ်ဖို့လိုပါတယ်။ နောက်လိုက်လျောညီထွေတဲ့ အခြေအနေအခင်းအကျင်းရှိဖို့ လိုပါတယ်။ ဆိုတော့ အဲဒီသုံးချက်က အရေးအကြီးဆုံးပါ။ ပုဂံမှာ တကယ်လို့ ဘုရားတစ်ဆူချင်းကို ပေးမယ်ဆိုလို့ရှိရင် အဲဒီဘုရားတစ်ဆူချင်းမှာ ပုဂံခေတ်ရဲ့အစစ်အမှန်ချည်းပဲ။ ၁၀၀ ရာခိုင်နှုန်းလို့ ပြောလို့ရမယ်။ ဘုရားမရှိသလောက် ဖြစ်နေပါပြီ။ ဒါကလည်း ကျွန်မတို့ ဗုဒ္ဓဘာသာတွေက Living Culture ပေါ့နော်။ ဆက်လက်ပြီးတော့ ရှင်သန်တိုးတက်နေတဲ့အတွက် ခေတ်အဆက်ဆက်မှာ ဒီလိုပဲ ပြုပြင်ခဲ့တာတွေ၊ ပြန်လည်တည်ဆောက်ခဲ့တာတွေ။ ဒါတွေလည်း လုပ်ခဲ့ကြရတာပဲလေ။ ငလျင်ဒဏ်ခံရတယ်။ သဘာဝဘေးအန္တရာယ်မျိုးစုံ ရှိတယ်။ သက်တမ်းရင့်လာတာတွေရှိတယ်ဆိုတော့ အဲဒီသူ့ရဲ့ Authenticity  ပိုင်းမှာကျတော့ ပုဂံခေတ်စစ်စစ်ကိုရဖို့ ခဲယဉ်းသွားတာလည်း ဖြစ်နိုင်တယ်။ 

နောက်တစ်ခုကကျတော့ ဗိသုကာလက်ရာပညာတွေက Masterpieces ပေါ့။ သူနဲ့တူတာမျိုးတစ်ခုမှ မရှိဘူး။ ဒါတစ်ခုပဲရှိတယ်ဆိုတာမျိုးကိုလည်း ကမ္ဘာအမွေအနှစ်သွင်းလို့ရတယ်။ ကျွန်မတို့အခု ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ကြိုးစားနေကြပါတယ်။ ရွှေတိဂုံကတော့ ကမ္ဘာမှာနှစ်ခုမရှိဘူးလေ။ ဒီတစ်ခုပဲ တကယ့်ကို Masterpieces ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြနိုင်မှာဖြစ်ပါတယ်။ ပုဂံကျတော့ ဒေသတွင်းမှာပဲကြည့်ကြည့်၊ ဘယ်နိုင်ငံမှာပဲကြည့်ကြည့် ဒီလောက် ဧရိယာအတွင်းလေးထဲမှာ ဒီလောက်ဘုရားပုထိုးအမွေအနှစ်တွေ ဘုန်းကြီးကျောင်းကန်တွေကအစ အဲဒီလောက်အများကြီးရှိတာ ဘယ်နိုင်ငံမှာမှမရှိပါဘူး။ ဒါကိုက ထူးခြားချက်ပါရှင့်။ ဒါကြောင့်မို့ ကျွန်မတို့က ဒီဇုန်ကြီးတစ်ခုလုံးကို သွင်းတာဖြစ်တယ်။ ပြီးတဲ့အခါကျတော့ ပုဂံလို့ပြောလိုက်လို့ရှိရင် ဆရာတို့ရော ရွှေစည်းဂုံတစ်ခုတည်းကိုပဲ စဉ်းစားမိတာလား။ အာနန္ဒာပဲစဉ်းစားမိတာလား။ အဲဒါမျိုးမဟုတ်ဘူးပေါ့နော်။ ဒီပုဂံဘုရားတွေရော။ ဟိုဘက်က တန့်ကြည်တောင်အထိရော အဲဒီလိုမျိုးပါပြီးတော့ စဉ်းစားကြတယ်။ ယာမြေတွေရှိတယ်။ ရွာလေးတွေရှိတယ်။ ကျွဲလေးနွားလေးတွေနဲ့ ထွန်ယက်စိုက်ပျိုးနေတာတွေရှိတယ်။ ထန်းပင်တွေရှိတယ်။ ပြောရမယ်ဆိုရင် ဒီအခင်းအကျင်းကြီးတစ်ခုလုံးက ဒါပုဂံပါ။ အဲဒီတော့ ပုပ္ပားအထိပါ ဆက်သွားတာဆိုတော့ အဲဒီတစ်ခုလုံးကြီးကို ကျွန်မတို့က မပျောက်ပျက်စေချင်လို့။ ပြီးတော့တကယ့်ကို တန်ဖိုးရှိတဲ့နေရာဖြစ်လို့ ဒေသကြီးတစ်ခုလုံးအနေနဲ့ သွင်းတာပါရှင့်။

မေး - အခုပုဂံဒေသတစ်ခုလုံးဆိုရင် ပုပ္ပားအထိပါ သွားတာပေါ့နော်။

ဖြေ - ပုပ္ပားကတော့ ဒီဇုန်အတွင်းမှာတော့မပါပါဘူး။ ဒါပေမဲ့ တကယ်လို့ ပုဂံရဲ့ဇုန်နယ်နိမိတ်ကို ချဲ့မယ်ဆိုရင် ပုပ္ပားလောက်အထိ စဉ်းစားသင့်တယ်ပေါ့။ ဟိုဘက်ချောက်ဆိုရင်လည်း စလေလောက်။ အဲဒီလို ချဲ့မယ်ဆိုလို့လည်း မကြောက်သွားပါနဲ့နော်။ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုတာမျိုး မဟုတ်ပါဘူး။ သူက ဒီ Greater Region ဖြစ်အောင် လုပ်ချင်တဲ့သဘော။ ဘာဖြစ်လို့ အဲဒီလိုလုပ် ချင်တာလဲဆိုတော့ အခုက ဒီမြို့ဟောင်းလေးထဲမှာပဲ လာပြီးတော့ပြုံကျပ်နေတာပေါ့။ အားလုံးက ရွှေဆည်းခုံနားမှာပဲနေချင်တယ်။ ဒါမှမဟုတ် ဟိုဘက်က အာနန္ဒာဘက်မှာနေမယ်ဆိုတဲ့ အဲဒီလိုမျိုး ဒီအထဲမှာချည်းပဲ တိုးနေတဲ့အခါကျရင် သူက ထပ်ပြီးတော့ ချဲ့စရာမရှိတော့တဲ့အခါကျတော့ ဘေးကအမွေအနှစ်တွေကို ထိခိုက်လာတာပေါ့။ အဲဒါကြောင့် ပညာရှင်တွေအကြံပေးတာက ချဲ့ပါပေါ့။ အကွက်ကိုချဲ့လိုက်ရင် ဧည့်သည်ကလည်း ပြန့်ထွက်သွားမယ်။ ဒီလောက်ကြီး ဒီမြို့ဟောင်းထဲမှာ အတင်းလာပြီး စုပြုံမတိုးတော့ဘူးပေါ့။ ဒါဆိုရင် ပုဂံရဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးက အဆင်ပြေလာမယ်ဆိုတာ မျိုးကို အကြံပြုကြတာပါရှင့်။

မေး - ၂၀၁၆ ခုနှစ်က အင်အားအသင့်အတင့်ငလျင် လှုပ်ခတ်သွားတာကြောင့် ပုဂံမှာ ဘုရားပုထိုးတချို့ ပျက်စီးသွားတာ၊  ပြိုကျသွားတာရှိတယ်လို့ ကျွန်တော်တို့ သိထားတယ်။ ဆိုတော့ဒီအပေါ်မှာရော သူတို့တွေက ဆရာမတို့ကို မေးမြန်းတာဘာတွေရှိခဲ့လဲ။ သူတို့ဘက်က ထောက်ပြတာကော ရှိခဲ့လားဆရာမ။

ဖြေ - ပုဂံမှာ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တုန်းက အင်အား ၆ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်လှုပ်သွားခဲ့တယ်။ အဲဒီအတွက် အမွေအနှစ်ပေါင်း ၃၈၀ ကျော်လောက် ပျက်စီးထိခိုက်မှုတွေရှိခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေက အဲဒီအချိန်မှာ ကျွန်မတို့က ယူနက်စကိုကမ္ဘာ့အမွေအနှစ်ဝင်ဖို့အတွက် လုပ်နေကြပြီဆိုတော့ နိုင်ငံတကာပညာရှင်တွေကလည်း ချက်ချင်းပဲရောက်လာတယ်။ အားသာချက်တစ်ခုကဘာလဲဆိုရင် အဲဒီအချိန်မှာ ပုဂံကကမ္ဘာ့အမွေအနှစ်စာရင်းရဲ့ ပဏာမအဆင့်ပဲ ရှိသေးတာ။ Tentative List ပဲ ရှိသေးတယ်။ ဒါပေမဲ့ ငလျင်ဖြစ်လျင်ဖြစ်ချင်းပဲ ယူနက်စကို ကနေပြီးတော့ နည်းပညာအကူအညီရော ဘဏ္ဍာငွေကြေး အကူအညီရော ချက်ချင်းပေးရတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအရေးကြီးတဲ့ Site တစ်ခုမှာ သဘာဝဘေးအန္တရာယ်ခံရပြီဆိုရင် ဒါသူတို့ရဲ့ System ပေါ့နော်။ အဲဒီအခါကျတော့ ဒီပြန်လည်ပြုပြင်ရေးရော ပျက်စီးသွားတဲ့ပစ္စည်းတွေ ပြန်ကောက်တာက အစလာပြီးတော့ Training ပေးတာတွေရော အကုန်လုံးလည်း လုပ်တယ်။ ဆိုတဲ့အခါကျတော့ တော်တော်လေးကို စည်းနဲ့ စနစ်နဲ့လုပ်ဖြစ်တယ်။ ကျွန်မထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ငလျင်တွေထဲမှာ ဒီ ၂၀၁၆ ငလျင်က တု့ံပြန်တဲ့နေရာမှာ စနစ်အကျဆုံးပါပဲ။ ဆိုတော့ အဲဒီလိုမျိုးလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် ဒါကိုလည်း ကျွန်မတို့က  Management Plan ထဲမှာ ထည့်ရေးရပါတယ်။ Disaster Risk Management Plan ထဲမှာလည်း ပါတာပေါ့။ အဲဒီအထဲမှာပါတဲ့ အတွက်ကြောင့်မို့ ဒါနဲ့ပတ်သက်ပြီးတော့သူတို့ သီးခြားမေးတာကိုမခံရပါဘူး။

မေး - မြန်မာနိုင်ငံအနေနဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ အထိ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးဖို့ ယူနက်စ်ကိုကို လျှောက်ထားတဲ့နေရာ ၁၅ နေရာရှိတယ်လို့သိရတယ်။ အခုပုဂံက ပျူမြို့ဟောင်းသုံးမြို့ပြီး နောက်ဒုတိယမြောက် ယူနက်စကိုအသိအမှတ်ပြုပေါ့။ နောက်ထပ်အလားအလာတွေရှိတာ၊ နီးစပ်နေတာ၊ ဆရာမတို့ ကြိုးစားနေတာ ဘယ်ဒေသတွေရှိလဲ။ ကျွန်တော်တို့ ဘယ်ဒေသတွေကို မျှော်လင့်လို့ရနိုင်မလဲ။

ဖြေ - ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ချင်ရင် တစ်နှစ်အကြိုကာလမှာ Tentative List လို့ ခေါ်တဲ့ ပဏာမစာရင်းထဲကို သွင်းရတယ်။ အဲဒါကြောင့် ၁၉၉၆ ကတည်းက ပဏာမစာရင်းထဲမှာ ဒီအမွေအနှစ်နေရာက ယဉ်ကျေးမှုအမွေအနှစ်ရော သဘာဝအမွေအနှစ်ရော ၁၅ နေရာရှိခဲ့တယ်ပေါ့နော်။ အခုဒီထဲကမှ ပျူကိုသွင်းပြီးသွားပြီ။ အခုပုဂံရပြီပေါ့နော်။ အခုကျွန်မတို့ဆက်လုပ်နေတာက မြောက်ဦးရှိပါတယ်။ ရခိုင်ပြည်နယ်က မြောက်ဦးယဉ်ကျေးမှုမြို့တော်ကို ဆက်လုပ်နေပါတယ်။ နောက်နှစ်ကို ဒါတင်နိုင်ဖို့ ကြိုးစားမှာပါ။ မြောက်ဦးပြီးသွားရင်တော့ ရွှေတိဂုံစေတီတော်မြတ်ကို ဆက်ပြီးတင်မှာပါရှင့်။

မေး - ယူနက်စကိုအသိအမှတ်ပြုထားတော့ သူတို့က ဘယ်လိုစောင့်ကြည့်မှုမျိုးရှိလဲ။ ဘယ်လိုအခြေအနေမှာ ဒီအသိအမှတ်ပြုမှုက ပြန်ရုပ်သိမ်းတာမျိုး အန္တရာယ်ရှိ အမွေအနှစ်အဖြစ် ကြေညာခံရတာမျိုးတွေက ဘယ်လိုအခြေအနေမျိုးမှာဖြစ်တတ်လဲ။ အဲဒါလေးရှင်းပြပါဦး။

ဖြေ - ကမ္ဘာ့အမွေအနှစ်ဖြစ်သွားပြီဆိုရင် ပြီးသွားပြီ၊ အောင်သွားပြီ ငါတို့ဘာမှ ဆက်လုပ်စရာမလိုတော့ဘူးဆိုတာမျိုးတော့ မဟုတ်ဘူး။ နိုင်ငံကနေပြီးတော့ အမြဲတမ်းပဲ State of Conservation ဆိုတဲ့ Report ကို တင်ရတယ်။ သူ့ရဲ့ထိန်းသိမ်းထားမှု အခြေအနေက ဘယ်လိုရှိတယ်ဆိုတာကို တင်ရတယ်။ အဲဒီလိုတင်တဲ့နေရာမှာ အားရကျေနပ်မှုမရှိဘူး။ အမွေအနှစ်ကို ထိခိုက်လာပြီလို့ ထင်တယ်ဆိုရင်တော့ သူတို့ကအချိန်ပေးမယ်။ Warning စပြီးခေါ်တာပေါ့နော်။ ဒီလိုသာဆက်ပြီး မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ သူ့ကိုအန္တရာယ်ရှိတဲ့ အမွေအနှစ်အဖြစ် သတ်မှတ်တော့မယ်ဆိုပြီး တစ်နှစ်နှစ်နှစ် အဲဒီလိုအချိန်ပေးပြီးစောင့်ကြည့်တယ်။ အခုဆိုရင်လည်း ကျွန်မတို့ ဒီအစည်းအဝေးမှာ နီပေါပေါ့။ နီပေါက Kathmandu Valley။ သူကလည်း ၂၀၁၅ မှာ ငလျင်ဒဏ် အကြီးအကျယ်ခံထားရတော့ တော်တော်လေး ပျက်စီးသွားတယ်။ ပျက်စီးသွားတာကို ပြန်လည်ပြင်ဆင်တဲ့နေရာမှာ အားမရဘူး။ ပြင်ဆင်ပုံတွေမှာ လိုအပ်ချက်တွေရှိတယ် ဆိုပြီးတော့ သူ့ကိုလည်း Warning ခေါ်ထားတာပဲ။ ဒီနှစ်က နောက်ဆုံးနှစ်ပဲ။ နီပေါရဲ့ ရှေးဟောင်းသုတေသနညွှန်ချုပ်က လာပြီးတော့ ရှင်းရတယ်။ သူတို့လုပ်နေတာသည် ရာခိုင်နှုန်း ၆၀ လောက်ပဲ ပြီးပါသေးတယ်။ ဒါပေမဲ့နောက်နှစ် ဒီအမွေအနှစ် ကော်မတီအစည်းအဝေးမတိုင်ခင်မှာ ဒီအားလုံး ပြည့်စုံအောင်ဆောင်ရွက်ပေးပါမယ်။ တစ်နှစ်တော့ အချိန်ပေးပါဦးဆိုပြီးတော့ အဲဒါနဲ့ အဆင်ပြေသွားတယ်ပေါ့။ အဲဒီလိုမှ သူတို့က သေသေချာချာ မစွမ်းဆောင်နိုင်ဘူးဆိုရင်တော့ ၂၀၂၀ ကျရင် ဒီ  Kathmandu Vally အန္တရာယ်ရှိတဲ့ အမွေအနှစ်အဖြစ်သတ်မှတ် ခြင်းခံရမှာဖြစ်တယ်။ အဲဒီအမွေအနှစ်က အန္တရာယ်ရှိလာပြီလို့ ပြောတယ်။ ျွှသမိူ World Heritage in Danger ပေါ့။ အဲဒါကိုမှ ကောင်းမွန်အောင်ပြန်လည်ပြီးတော့ မဆောင်ရွက်နိုင်ဘူးဆိုရင် နောက်ဆိုရင်တော့ ပယ်ဖျက်နိုင်တဲ့အဆင့်အထိရှိပါတယ်ရှင့်။ ပုဂံကတော့ကျွန်မတို့ အဲဒီလောက် မဖြစ်ဘူးလို့ပဲ မျှော်လင့်ပါတယ်။

မေး - လက်ရှိအနေအထားမှာလည်း ယဉ်ကျေးမှုဇုန်ထဲမှာ ဟိုတယ်တွေရှိနေတယ်။ ဘုရားပုထိုးပေါင်း ၄၀ ကျော်လောက်ဟာလည်း ဟိုတယ်ဧရိယာထဲမှာ ရှိနေတယ်ဆိုတော့ ဒါတွေကိုဘယ်လိုစီမံခန့်ခွဲမလဲ။

ဖြေ - အခုလည်း တော်တော်လေး ကျယ်ကျယ်လောင်လောင် ပြောဆိုနေတာလေး တွေရှိတယ်။ တချို့ကလည်း ဖယ်ဖို့လိုတယ်။ တချို့ကလည်း ဖယ်ဖို့မလိုဘူးပေါ့နော်။ ဒါမျိုးဆိုတော့ ဒီကိစ္စက ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖယ်လိုက်တော့တို့၊ မဖယ်နဲ့တော့လို့ ပြောလို့ မရပါဘူးရှင့်။ ဘာလို့လဲဆိုတော့ ဒါက နှစ်ပေါင်းလည်း များစွာကြာနေပြီ။ အခုက ဟိုတယ်ပဲပြောနေကြတာပေါ့နော်။ အမှန်က ဟိုတယ်တင်မပါဘူး။ အခြားအဆောက်အအုံတွေလည်း ရှိပါတယ်။ သာသနိက အဆောက်အအုံတွေ တောင်ပါနိုင်ပါသေးတယ်။ ဒီလိုအမွေအနှစ်ပေါ်မှာ တက်ပြီးဆောက်ထားတာမျိုးတွေ အရမ်းကပ်နေတာမျိုးတွေကပေါ့လေ။ ဆိုတော့ အဲဒါမျိုးတွေအတွက်ကို ဘယ်လိုပြင်ဆင်မလဲ။ ဘယ်လိုလုပ်ချင်လဲဆိုတာက ဘက်ပေါင်းစုံက ပါဝင်တဲ့ ဒီအဖွဲ့အစည်းတွေနဲ့ ကြိမ်ဖန်များစွာကို တွေ့ဆုံညှိနှိုင်းရမှာ။ ပြီးတော့သူများနိုင်ငံတွေမှာရော ဒီလိုပြဿနာတွေ ဖြစ်လာရင် ဘယ်လိုရှင်းကြလဲဆိုတာကိုလည်း လေ့လာဖို့လိုသေးတယ်။ ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမယ်၊ ကိုက်ညီမယ်ဆိုတာမျိုးတွေလည်း အသုံးချလို့ရမယ်ဆိုရင် အသုံးချမယ်ပေါ့။ ဆိုတော့ပြည်တွင်းပြည်ပ ပညာရှင်တွေ အဖွဲ့အစည်းတွေအားလုံးက ပူးပေါင်းပြီးတော့မှ သူက ဒီနည်းစနစ်တစ်ခုကို တည်ထောင်ရမယ်။ ဒါ့ကြောင့် အခုချက်ချင်း ကားပေါ်တက်တော့ ဘူဒိုဇာနဲ့ တိုက်တော့ဆိုတာမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားရမယ်။

မေး - ကျွန်တော်တို့နိုင်ငံခြားက ဆရာတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ ပုဂံတစ်မြို့တည်းနဲ့ကို မြန်မာတစ်ပြည်လုံးကို ထမင်းကျွေးထားနိုင်တယ်ဆိုတာမျိုးပေါ့။ သူကတော့ တင်စားပြောခဲ့တာဖြစ်မှာပါ။ ဆိုတော့ ပုဂံက မြန်မာနိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ဘယ်လောက်အထိ တန်ဖိုးကြီးမားလဲ။ မြန်မာအမြင်နဲ့ ကမ္ဘာအမြင်မှာပေါ့လေ။

ဖြေ - ပုဂံက ဘယ်လောက်တန်ဖိုးကြီးလဲဆိုရင် ကျွန်မအခုကမ္ဘာ့အမွေအနှစ်အစည်းအဝေးသွားတော့ ပိုခံစားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပဲ။ ကျွန်မတို့ မြန်မာနိုင်ငံက ပြဿနာမျိုးစုံတွေရှိနေတဲ့ အခါကျတော့ သူတို့ကပြောချင်ဆိုချင်တဲ့လူတွေ ဘယ်လောက်ပဲရှိရှိ ပုဂံနဲ့ယှဉ်လာရင် သူတို့ကမြန်မာကို မပြောရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဂံရဲ့တန်ဖိုးကကြီးလွန်းလို့။ ပုဂံအရှိန်အဝါက ကြီးလွန်းလို့။ အခု ကျွန်မတို့လာတာ ပုဂံကိစ္စဆိုလို့ရှိရင် ကျန်တဲ့ကိစ္စကို သူတို့မဆွေးနွေးနိုင်တော့ဘူး။ အမှန်တကယ်ကတော့ ပြောချင်ဆိုချင် အပြစ်တင်ချင်တဲ့ နိုင်ငံတွေလည်းပါတာပဲလေ။ ဒါပေမဲ့ ဘယ်သူကမှ ဒါတွေကိုမပြောဘူး။ ဘာလို့လဲဆိုတော့ ပုဂံက အရမ်းအရေးကြီးတယ်။ သူတို့အတွက်တောင်မှပဲ ပုဂံသည် အရေးကြီးဆိုတာကို သူတို့ကလက်ခံထားတယ်။ ဆိုတဲ့အတွက်ကြောင့် ပုဂံက အဲဒီလောက်အထိ အရှိန်အဝါကြီးပါတယ်။ ပြီးတော့ ခုနကဆရာပြောသလို တခြားဆရာကြီးတစ်ယောက်က ပြောတယ်ဆိုတာကလည်း ဒါဟို စိတ်ကူးယဉ်ပြီးပြောတာ မဟုတ်ဘူးရှင့်။ လက်တွေ့ရှိပါတယ်။ ကမ္ဘောဒီးယားမှာဆိုရင်လည်း ဒီအန်ကောဝပ်က ရတဲ့ဝင်ငွေကအများကြီးပေါ့။ နိုင်ငံတော်ရဲ့ ဝင်ငွေတစ်ဝက်က အဲဒီအန်ကောဝပ်က ရတာပါ။ ဆိုတော့ အဲဒီလောက်အထိကို ရနေတဲ့နေရာတွေဖြစ်တယ်။ ဆိုတော့ ကျွန်မတို့ ဒီပုဂံကလည်း သေချာစီမံခန့်ခွဲမယ်ဆိုလို့ရှိရင် ဒီလိုမျိုးပဲ ဖြစ်လာမှာပါ။ ပြီးတော့ ကျွန်မထပ်ဖြည့်ပြီးပြောချင်တာက ပုဂံရဲ့ ဆက်တင်ထဲမှာ ယာမြေတွေလည်းပါတယ်။ စိုက်ပျိုးရေးလည်းပါတယ်။ ဒါကိုလည်း icomos အဖွဲ့က ထောက်ပြထားတယ်။ စိုက်ပျိုးရေးကိုလည်း ပြန်ပြီးတော့မှ Backup Economy အနေနဲ့ပေါ့နော် ဆောင်ရွက်ပေးပါပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့များ ဒီပုဂံဆက်တင်ကြီးပျက်သွားပြီးတော့ ဘုရားတွေရယ်၊ ဟိုတယ်ရယ်ဆိုရင် ဘယ်သူမှ လာကြည့်မှာမဟုတ်တော့ဘူးလေ။ အခုက ဒီဘုရားတွေရယ် ဘေးနားက ယာခင်းလေးတွေရယ်၊ နွားလေးတွေနဲ့ လယ်ထွန်နေတာ ယာထွန်နေတာလေးတွေရယ် အရမ်းလှနေတယ်လေ။ ဓာတ်ပုံတွေရိုက်ကြတယ်မဟုတ်လား။ ဆိုတော့ အဲဒီဟာကိုလာကြည့်တာလေဆိုတော့ ဟိုတယ်ဘယ်လောက်ကောင်းအောင်ဆောက်နိုင်မလဲ။ သူတို့နိုင်ငံလောက် ကောင်းအောင်လုပ်နိုင်မလား။  ပြီးတော့မြန်မာပြည်ကိုလာရတဲ့ ခရီးစရိတ်က နည်းတာမဟုတ်ဘူး။ သူများထက်စာရင် စျေးကိုကြီးနေတာလေ။ ဒါပေမဲ့ အဲဒီလိုစျေးကြီးပေးခံပြီးလာတယ်။ ဘာကို လာကြည့်တာလဲဆိုရင် ဒါတွေလာကြည့်တာလေ။ ဆိုတော့ ကိုယ့်ရဲ့ Value ပေါ့။ ကိုယ့်မှာ ရှိနေတဲ့တန်ဖိုးကို ကိုယ်ကလည်း သိထားဖို့လိုတယ်။ အဲဒီတော့ ခုနက ဒီစိုက်ပျိုးမြေက အခုနေပြောရင်တော့ဟုတ်တာပေါ့။ ကျွန်မတို့က ပြောရတာလွယ်တယ်။ သူတို့မှာတော့ စိုက်ရပျိုးရခက်တယ်။ မိုးခေါင်သွားပြီဆို ရင်ရှုံးပြီ။ ဆုံးရှုံးမှုတွေရှိတယ်။ မြေရောင်းလိုက်လို့ရှိရင် သိန်းကထောင်နဲ့ချီပြီးရမယ်ဆိုရင် ခင်ဗျားရောမရောင်းဘူးလားလို့မေးရင် ခက်မယ်လေနော်။ အဲဒီအခါကျတော့ အဲဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြန်ပြီးတော့ စဉ်းစားဖို့လည်းလိုတယ်။ အဲဒီတော့ ဒီစိုက်ပျိုးရေးကိုလည်း အားပေးရမယ်။ ဘာလို့လဲဆိုတော့ ပုဂံက ဒီ ပဲပြောင်းနှမ်းဝါ အဓိက ဒီပဲတို့ နှမ်းတို့က ကောင်းတယ်။ ပုဂံမြေပဲကိုစားကြည့်။ မတူဘူးနော်။ တခြားဒေသနဲ့။ အဲဒီပုဂံနာမည်နဲ့  ရောက်လာတဲ့လူက ဒီပုဂံမြေပဲကို ဝယ်သွားတယ်ဆိုတာမျိုးပေါ့။ ဒါကိုဒီမြေပဲကိုမှ အခြေခံပြီးဘာတွေ Food Processing မလဲပေါ့။ မြေပဲယိုလုပ်ဦးမလား။ မြေပဲလိပ် လုပ်ဦးမလားစသဖြင့်ပေါ့လေ။ ဒါမျိုးတွေကို လုပ်နိုင်ပြီးတော့မှ ဒါကိုလည်း ပို့ကုန်အနေနဲ့ ပုဂံကိုလာတဲ့လူတိုင်းက ယွန်းတင်မကဘူး။ မြေပဲလည်းဝယ်သွားမယ်။ နှမ်းပြစ်လည်း ဝယ်သွားမယ်။ နှမ်းလည်းဝယ်သွားမယ် စသည်ဖြင့် သူတို့တွေ ယုံကြည်စိတ်ချရတဲ့ အစားအသောက်ဖြစ်အောင်လည်း လုပ်ပေးရမယ်ပေါ့။ ဆိုတော့ အဲဒီလို ထုတ်ကုန်ပစ္စည်းတွေလည်း လုပ်ပေးဖို့လိုနေပါသေးတယ်ရှင့်။ နောက်တစ်ခါ ပြည်ပဧည့်သည်လို့ ပြောတဲ့နေရာမှာလည်း အမွေအနှစ်ကို ချစ်လို့လာတဲ့ ဧည့်သည်ရှိတယ်။ အမွေအနှစ်အပေါ်မှာ စီးပွားရှာချင်တဲ့ ဧည့်သည်မျိုးကလည်း အခုနောက်ပိုင်းမှာ ပေါ်ပေါက်လာတာကိုတွေ့ရတယ်။ အရင်တုန်းက တစ်ခါမှမလာဖူးတဲ့ လူမျိုးအသစ်တွေလည်း ပုဂံမှာအများကြီးလာနေကြပြီ။ အဲဒီတော့သူတို့ကတော့ ကျွန်မအထင်ပြောတာပေါ့နော်။ မှန်ချင်မှလည်းမှန်မှာပါ။ စီးပွားရေးအတွက်ကို ပိုလာကြတယ်လို့ ယူဆတယ်။ ပျူကို ကမ္ဘာ့အမွေအနှစ် သွင်းလိုက်တုန်းကလည်း အဲဒီလိုပဲ သူတို့တွေဆင်းချလာတယ်။ သရေခေတ္တရာ ပတ်ဝန်းကျင်က မြေတွေဝယ်တော့မယ်ဆိုပြီး။ ဒါပေမဲ့အဲဒီအချိန်တုန်းက တင်းတင်းကျပ်ကျပ်ကို လုပ်ကိုင်နိုင်ခဲ့တယ်။ မြေဝယ်ချင်ဝယ်၊ ဘယ်တော့မှ ဒီနေရာတွေမှာ ဘာမှ လုပ်လို့မရဘူး။ စီးပွားရေး ဟိုတယ်ကြီးတွေဘာတွေနဲ့ အမွေအနှစ်ကို ထိခိုက်စေတာတွေ မလုပ်ရဘူးဆိုတာကို ပြတ်ပြတ်သားသားရှိခဲ့တော့ အဲဒီမှာ ငြိမ်သွားတာပေါ့။ ဒါပေမဲ့ ပုဂံကျရင်တော့ ဘယ်လိုနေမလဲမသိဘူး။ အခုလည်း အဲဒီလိုမျိုး အများကြီးရောက်လာပြီးတော့ ဟိုတယ်ငှားတာတွေ၊ မြေဝယ်တာ တွေစပြီးတော့ လုပ်နေကြပြီလို့ပြောတယ်။ အဲဒီအတွက် Tourism Management ကတော့ သေသေချာချာလေး လုပ်ဖို့ လိုအပ်နေပါတယ်။

              

Most Read

Most Recent