အပစ်ရပ်ထားသည့် တိုင်း ငါးတိုင်းအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို တကယ်လုပ်ရန် ဆန္ဒရှိရဲ့လားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ပြောကြား

အပစ်ရပ်ထားသည့် တိုင်း ငါးတိုင်းအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို တကယ်လုပ်ရန် ဆန္ဒရှိရဲ့လားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ပြောကြား
Published 23 June 2019
စိုးမင်းထိုက်

အပစ်ရပ်ထားသည့် တိုင်း ငါးတိုင်းအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေးကို တကယ်လုပ်ရန် ဆန္ဒရှိရဲ့လားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး က ပြောကြားသည်။

ဇွန် ၂၂ ရက်တွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် RFA သတင်းဌာနမှ သတင်းထောက်တစ်ဦး က တပ်မတော်ဘက်က ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ကာလကို နှစ်လ ထပ်တိုးပြီးတဲ့နောက် သက်တမ်း ထပ်တိုးဖို့ အစီအစဉ် ရှိပါသေးလား။ အဲဒါနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ရော ပါလာနိုင်သလား ရှင်းပြပေးပါဟု မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုကို ဗိုလ်ချုပ် စိုးနိုင်ဦးက “အဓိကအနေနဲ့ ပြောရရင်တော့ သူတို့ရဲ့ ဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ စဉ်းစားမှာ ဖြစ်ပါတယ်။ ဒါကို အကျယ်ပြောရရင်တော့ ကျွန်တော်တို့အနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ ရက်ပေါင်း ၁၃၀ အဖြစ် ပထမအကြိမ် ပေးခဲ့ပါတယ်။ ဧပြီ ၃၀ ကနေ ဇွန် ၃၀ ရက်အထိ နှစ်လ သက်တမ်း ထပ်တိုးပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် သက်တမ်း ထပ်တိုးပေးတယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း ပြောထားပြီး ဖြစ်ပါတယ်။ အပြည့်အစုံလည်း ဖော်ပြထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အပစ်ရပ်ထားတဲ့ တိုင်း ငါးတိုင်းထဲမှာရှိတဲ့ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီကာလထဲမှာ အမြန်ဆုံး လက်မှတ်ထိုးနိုင်အောင် ညှိနှိုင်းဆွေးနွေးနိုင်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် NRPC အနေနဲ့လည်း ဒါကို ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့အချိန်မှာ ဆွေးနွေးပွဲတွေမှာ နေရာကို အကြောင်းပြပြီးကာမှ ဆွေးနွေးပွဲ လုပ်လို့ မရသေးတာလည်း ရှိပါတယ်။ ကျွန်တော်တို့က ဘာကို ပြန်ပြောရမလဲ ဆိုတော့ သူတို့ ငြိမ်းချမ်းရေးကို တကယ်ရောလုပ်ဖို့ ဆန္ဒရှိရဲ့လားဆိုပြီး မေးခွန်းထုတ်ဖို့ ဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လစဉ် အပစ်ရပ်ထားတဲ့ တိုင်း ငါးတိုင်းထဲမှာ ဘယ်အဖွဲ့တွေက ဘာလုပ်နေတယ်၊ ဘယ်လိုတွေ ဖောက်ဖျက်နေတယ်ဆိုတာ သိအောင် ကျွန်တော်တို့ အမြဲတမ်း ရှင်းနေတာ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့က အင်အား တည်ဆောက်တာတွေ၊ နယ်မြေ တည်ဆောက်တာတွေ၊ ဆက်ကြေး ကောက်ခံတာတွေ၊ ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့်တာတွေ မဖြစ်ဖို့အတွက် အမြဲတမ်း သတိပေးထားတာ ရှိပါတယ်။ သက်တမ်း တိုး မတိုး ကတော့ သူတို့ရဲ့ လုပ်ရပ်အပေါ်မှာနဲ့ သူတို့နဲ့ တကယ်လို့ ညှိနှိုင်း ဆွေးနွေးခဲ့ရင် ညှိနှိုင်း ဆွေးနွေးမှု ရလဒ်အပေါ် မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တပ်မတော်က အပစ်အခတ် ရပ်စဲပေးခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိတယ်လို့ ပြောလို့ ရနိုင်မလား။ အချည်းနှီး ဖြစ်စေသလား ဆိုသည့် ထပ်ဆင့် မေးမြန်းချက်အပေါ်တွင် ဗိုလ်ချုပ်စိုးနိုင်ဦးက “ကျွန်တော်တို့ တပ်မတော် အနေနဲ့တော့ အဓိက ကတော့ ငြိမ်းချမ်းရေး လိုချင်လို့။ ငြိမ်းချမ်းရေး ရစေချင်တယ်။ ငြိမ်းချမ်းရေးကို အမြန်ဆုံး ကျွန်တော်တို့ ရချင်တယ်။ ဒါကြောင့် သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စားပွဲဝိုင်းကို လာနိုင်ဖို့အတွက် ရပ်ပေးခဲ့တာ။ အဲဒီလို လုပ်တဲ့အခါမှာ သူတို့ စိုးရိမ်ကြောင့်ကြမှု မရှိဘဲနဲ့ ဆောင်ရွက်နိုင်အောင် ရပ်ပေးခြင်း ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent