လျှပ်စစ်နှင့် စီးပွားရေးဖွံ့ဖြိုးမှု

လျှပ်စစ်နှင့် စီးပွားရေးဖွံ့ဖြိုးမှု
Published 22 June 2019

လျှပ်စစ် အသုံးပြုမှုနှင့် အသုံးပြုခွင့်သည် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆက်စပ် ပတ်သက်နေသည်မှာ သဘောတရား တစ်ရပ်ပင် ဖြစ်သည်။ လျှပ်စစ်ထောက်ပံ့မှု ယုံကြည်စိတ်ချရခြင်းသည် စီးပွားရေး ကြီးထွားမှုအတွက် အရေးကြီးကြောင်း အထောက်အထားများစွာရှိသည်။ လျှပ်စစ်ရရှိရန် ယုံကြည် စိတ်ချရခြင်းသည် အခြေခံ အဆောက်အအုံ ခိုင်မာခြင်းထဲ၌ ပါဝင်နေသည်။

သို့သော် ဆာဟာရအောက်ပိုင်း အာဖရိကဒေသနှင့် တောင်အာရှတို့မှ အများဆုံး ပါဝင်သော လူပေါင်း တစ်ဘီလျံသည် လျှပ်စစ်မီး မရှိဘဲ နေ့စဉ်ဘဝများကို ဖြတ်သန်းနေကြရသည်။ ယင်းသည် ကမ္ဘာ့လူဦးရေ၏ အရေးပါသော အချိုးအစားတစ်ရပ်အတွက် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အဟန့်အတားတစ်ရပ်ကို ဖော်ပြနေခြင်းဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ ကျား/မ တန်းတူညီမျှရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အပါအဝင် အတိုင်းအတာ ကျယ်ပြောလှသော ဖွံ့ဖြိုးရေး အညွှန်းများအပေါ် ရိုက်ခတ်မှုများ ရှိသည်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် လျှပ်စစ်မီး သုံးစွဲခွင့်ရသည့် လူဦးရေသည် မြင့်တက်၍လာရာ နှစ်စဉ် ၁၁၈ သန်းအထိ ဖြစ်၍လာသည်။ သို့သော် ၂၀၃၀ ပြည့်နှစ်သို့အရောက်၌ တတ်နိုင်သော၊ ယုံကြည်စိတ်ချရသော၊ စဉ်ဆက်မပြတ်ဖြစ်သောနှင့် ခေတ်မီသော စွမ်းအင်ကို အားလုံးရရှိနိုင်ရန် သေချာစေရေးဟူသည့် ကမ္ဘာ့ ရည်မှန်းချက် ပြည့်မီရန်အတွက်မူ ယင်းအားထုတ်မှုများကို မြှင့်တင်ရန် များစွာ လိုအပ်နေသေးသည်။

အားလုံး လျှပ်စစ်မီး သုံးစွဲခွင့်ရရေးမှာ အဘယ်ကြောင့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေရသနည်း။ လျှပ်စစ်မီး မရဘဲ ကျန်ရှိနေသေးသည့် လူ့အသိုင်းအဝိုင်းများမှာ ဝေးလံသီခေါင်သော သို့မဟုတ် ဆင်းရဲမွဲတေသော သို့မဟုတ် ယင်းနှစ်ရပ်စလုံးဖြစ်သော လူ့အသိုင်းအဝိုင်းများ ဖြစ်သည်။ ယင်းဆင်းရဲသားများစွာတို့ နေထိုင်သည့် ပုံမှန်မဟုတ်သော အိမ်ရာများအနေဖြင့် အမြဲတမ်း အခြေခံအဆောက်အအုံ ထောက်ပံ့မှုရရှိရန် ခက်ခဲနိုင်သော်လည်း ရည်မှန်းချက် ပြည့်မီအောင် အားထုတ်ရန်မှာမူ ခက်ခဲလှသည် မဟုတ်ပါ။ ဝေးလံသီခေါင် သော ဒေသရှိ နေအိမ်များအတွက် လျှပ်စစ်ဓာတ်အားလိုင်းများကို ချဲ့ထွင်ရန်မှာ အကုန်အကျ များလွန်းသောကြောင့် အကန့်အသတ် ရှိနေခြင်းဖြစ်သည်။ ယင်းလူ့အသိုင်းအဝိုင်းများ ထောက်ပံ့ရန် လျှပ်စစ်ဓာတ်အားလိုင်းများ မလိုသည့်စနစ်များကို အသုံးပြုလျှင်ပင် ဘဏ္ဍာရေးအရ စိန်ခေါ်မှု ဖြစ်နေသည်။

လုံလောက်သော လျှပ်စစ်ဖြန့်ဝေမှုစွမ်းရည် မရှိခြင်း၊ ညံ့ဖျင်းသော ကူးပြောင်းမှုနှင့် ဖြန့်ဝေမှု အခြေခံအဆောက်အအုံများ၊ ဝေးလံသီခေါင်သော ဒေသများသို့ ထောက်ပံ့ရန် စရိတ်စက ကြီးလေးလွန်းခြင်း၊ လျှပ်စစ်ဓာတ်အားဝယ်ယူရန် မတတ်နိုင်ခြင်းတို့သည် ဓာတ်အားလိုင်း အခြေပြု လျှပ်စစ်ပေးရေးကို ချဲ့ထွင်ရန် အကြီးမားဆုံး အဟန့်အတားများ ဖြစ်ကြသည်။ ဓာတ်အားလိုင်း မလိုသည့် စနစ်များကို အသုံးပြုရန်အတွက် အကြီးမားဆုံး စိန်ခေါ်မှုများမှာ မူဝါဒများ ညံ့ဖျင်းခြင်း၊ စည်းမျဉ်းစည်းကမ်းများ မလုံလောက်ခြင်း၊ စီမံကိန်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ ထောက်ပံ့မှုမရှိခြင်း၊ ဓာတ်အားလိုင်း မလိုသည့်စနစ်များ ထောက်ပံ့မည့်သူများအတွက် ဘဏ္ဍာငွေ မရှိခြင်းနှင့် ပို၍ဆင်းရဲသော မိသားစုများအနေဖြင့် လျှပ်စစ်ဓာတ်အားခ တတ်နိုင်မှုမရှိခြင်း အစရှိသည်တို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုသည် အစိုးရက တာဝန်ခံရမည့် အများပြည်သူ ဝန်ဆောင်မှုများထဲ၌ ပါဝင်နေပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ တိုးတက်အောင် ပြုလုပ်ရမည့် ကဏ္ဍလည်းဖြစ်သောကြောင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရများအနေဖြင့် လျှပ်စစ်ကဏ္ဍ၌ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့မှု ပြုလုပ်ရမည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၂၃  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent