အပြန်အလှန် ထိန်းကျောင်းမှု သဘောတရား

အပြန်အလှန် ထိန်းကျောင်းမှု သဘောတရား
Published 17 June 2019

အပြန်အလှန် ထိန်းကျောင်းမှု သဘောတရား (Checks and Balances) ဟူသည် မဏ္ဍိုင်တစ်ခုစီက အခြားမဏ္ဍိုင်နှစ်ခုကို ကန့်သတ်ထိန်းချုပ် သို့မဟုတ် စစ်ဆေးထိန်း ကျောင်းနိုင်သည့် အာဏာရှိခြင်းဖြစ်ပြီး ယင်းသည် နိုင်ငံတော်၏ သီးခြားအာဏာသုံးခုအကြား ချိန်ခွင်လျှာသဘောတရားတစ်ရပ်ကို ဖန်တီးထားခြင်းဖြစ်သည်။ ယင်းသဘောတရားသည် မဏ္ဍိုင်တစ်ရပ်၏ ရည်ရွယ်ချက်များက အခြားမဏ္ဍိုင်များ လွှမ်းမိုးကြီးစိုးလာမည်ကို ကာကွယ်မှုဖြစ်ပြီး ထို့ကြောင့် မည်သည့်အချိန်၌မဆို မဏ္ဍိုင်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်က ပြည်သူလူထုအား အစိုးရ၏ မတော်မတရား ပြုလုပ်မှုများမှနေ၍ လွတ်ကင်းစေသည်။

နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများက အစိုးရအဖွဲ့ကို ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဟူ၍ မဏ္ဍိုင်သုံးရပ် ပိုင်းခြားထားစေသည်။ Checks and Balances ဟုခေါ်သော သဘောတရားတစ်ရပ်ကို ထူထောင်ထားမှုအရ မဏ္ဍိုင်အသီးသီးအား သီးခြားစီကန့်သတ်ထားသည့် အာဏာများကိုသာ ပေးထားသောကြောင့် ယင်းသည် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သည်။ Checks and Balances သဘောတရား၏ အဓိကအချက်မှာ မည်သည့်မဏ္ဍိုင်ကမျှ အလွန်များပြားသည့် အာဏာကို ထိန်းချုပ်ထားခြင်း မရှိနိုင်စေရေး သေချာစေရန်နှင့် သီးခြားအာဏာ ကန့်သတ်ပိုင်းခြားထားမှုကို ဖန်တီးထားရန်ဖြစ်သည်။ မတူညီသည့်မဏ္ဍိုင်များ အတူတကွ အလုပ်လုပ်ကြပုံ ဥပမာများကို ဖော်ပြလိုပါသည်။

ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများကို ချမှတ်သော်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်မှ သမ္မတက ယင်းဥပဒေများကို သမ္မတ၏ ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည်။ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများကို ချမှတ်သော်လည်း တရားစီရင်ရေးမဏ္ဍိုင်က ယင်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု ကြေညာနိုင်သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်သည် အစိုးရအေဂျင်စီများမှတစ်ဆင့် နေ့စဉ်အုပ်ချုပ်ရေးကို ဆောင်ရွက်ရန် တာဝန်ရှိသည်။ သို့သော် ယင်းအစိုးရဌာနများနှင့် အေဂျင်စီများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှသည် နိုင်ငံတော်၏နယ်စပ်များကို ကာကွယ်စောင့်ရှောက်ရေးအထိ ကျယ်ပြန့်သည့်တာဝန် အသီးသီးနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များ ရှိသကဲ့သို့ တာဝန်ယူရမှုများ ရှိသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်မှ သမ္မတသည် ဥပဒေတစ်ခုကို ပယ်ချပိုင်ခွင့် ဗီတိုရှိသော်လည်း ဥပဒေပြုရေး မဏ္ဍိုင်သည် ယင်းဗီတိုကို မဲအလုံအလောက်ရရှိပါက ကျော်လွှားပိုင်ခွင့်ရှိသည်။

ဥပဒေပြုရေးမဏ္ဍိုင်သည် သမ္မတ၏ ရာထူးအဆိုပြုမှုများကို အတည်ပြုပေးရန်နှင့် ဘတ်ဂျတ်ကို ထိန်းချုပ်ရန် အာဏာရှိပြီး သမ္မတအား အယုံအကြည်မရှိ အဆိုတင်သွင်းကာ ရာထူးမှ ဖယ်ရှားပိုင်ခွင့်လည်းရှိသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သော်လည်း တရားစီရင်ရေးမဏ္ဍိုင်က ယင်းကဲ့သို့ ထုတ်ပြန်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု ကြေညာနိုင်သည်။ တရားစီရင်ရေးမဏ္ဍိုင်သည် ဥပဒေများကို ဖွင့်ဆိုရသော်လည်း သမ္မတက အဆိုပြုသည့်  အထက်တရားရုံးတရားသူကြီးများ၊ အယူခံရုံးတရားသူကြီးများနှင့် ခရိုင်တရားရုံး တရားသူကြီးများက ဥပဒေများကို အကဲဖြတ်ရခြင်းဖြစ်သည်။ တရားစီရင်ရေးမဏ္ဍိုင်သည် ဥပဒေများကို ဖွင့်ဆိုရသော်လည်း ဥပဒေပြုရေးမဏ္ဍိုင်မှ လွှတ်တော်အမတ်များက တရားစီရင်ရေးဆိုင်ရာရာထူးများနှင့်ပတ်သက်၍ သမ္မတ၏ အဆိုပြုမှုများကို အတည်ပြုပေးရပြီး လွှတ်တော်သည် မည်သည့်တရားသူကြီးကိုမဆို အယုံအကြည်မရှိအဆိုဖြင့် ရာထူးမှ ဖယ်ရှားနိုင်သည်။

အပြန်အလှန်ထိန်းကျောင်းမှုသဘောတရားသည် ဒီမိုကရေစီ၏ အချက်အချာလည်းဖြစ်ပြီး ယင်းသဘောတရားပျောက်ဆုံးခြင်းသည် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းမည်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent