နိုင်ငံရေးအရ သင့်လျော်မှန်ကန်မှု

နိုင်ငံရေးအရ သင့်လျော်မှန်ကန်မှု
Published 15 June 2019

နိုင်ငံရေးအရ သင့်လျော်မှန်ကန်မှု (Political Correctness) ကို PC ဟု အတိုကောက် သုံးနှုန်းလေ့ရှိပြီး ဘာသာစကား၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများတွင် လူ့အဖွဲ့အစည်းရှိ သက်ဆိုင်ရာအုပ်စုဝင်များကို စော်ကားသကဲ့သို့ သို့မဟုတ် နှိမ်သကဲ့သို့ ဖြစ်စေနိုင်မှုများကိုဟု ရှောင်ကြဉ်ရန် ရည်ရွယ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းကတည်းက အဆိုပါစကားရပ်ကို အားလုံးနှင့် သင့်မြတ်သည့် ဘာသာစကား သုံးစွဲမှုဖြစ်ရေးကို ဦးစားပေးခြင်းအဖြစ် ရည်ညွှန်းပြီး အထူးသဖြင့် ကျား/မ အရ၊ လူမျိုးအရ သက်ဆိုင်ရာ အုပ်စု တစ်စုအား နှိမ်ခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းအဖြစ် ရှုမြင်နိုင်သည့် အဆိုပါလူအုပ်စုတစ်စုကို ဖယ်ထုတ်ခြင်း၊ ပယ်ထားခြင်း သို့မဟုတ် စော်ကားခြင်းဟု ယူဆနိုင်သည့် အပြောအဆိုများနှင့် အပြုအမူများကို ရှောင်ရှားခြင်းဖြစ်သည်။ အများပြည်သူရှေ့ ပြောကြားချက်များနှင့် မီဒီယာများတွင် ယင်းမူဝါဒများသည် အလွန်အကျွံဖြစ်ပြီး အဓိပ္ပာယ်မရှိဟု ရည်ညွှန်းလျက် ယင်းကို ရှုတ်ချချိုးနှိမ်မှုအဖြစ် သတ်မှတ်လေ့ရှိသည်။

အဆိုပါစကားရပ်အား အစောပိုင်းအသုံးပြုမှုများသည် နိုင်ငံရေးဆိုင်ရာ သက်ဝင်ယုံကြည်မှုသက်သက်နှင့်သာ အတိအကျ သက်ဆိုင်မှုအဖြစ် အသုံးပြုခဲ့ကြသော်လည်း ခေတ်ပြိုင်ကာလ၌ ယင်းစကားရပ်သည် ၂၀ ရာစုနှောင်းပိုင်းတွင် ကွန်ဆာဗေးတစ် ဝေဖန်ရေးမှနေ၍ ပေါ်ထွက်လာသည်။ နယူးယောက်တိုင်းမ် သတင်းစာနှင့် အခြားမီဒီယာများတွင် ၁၉၉၀ ပြည့်လွန်နှစ်များ တစ်လျှောက်လုံး ဆောင်းပါးများစွာတို့၌ အဆိုပါစကားရပ်မှာ ရေပန်းစားခဲ့သည်။ အထူးသဖြင့် အယ်လန်ဘလွန်း၏ ၁၉၈၇ ခုနှစ်၌ ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်သော The Closing of the American Mind နှင့် ပတ်သက်၍ ငြင်းခုံမှုများ၌ အကြီးအကျယ် အသုံးပြုခဲ့သည်။ ယင်းနောက်ပိုင်း၌ ရော်ဂျာကင်းဘော၏ Tenured Redicals စာအုပ်ကို တုံ့ပြန်ရန်လည်းကောင်း၊ ကွန်ဆာဗေးတစ်စာရေးဆရာ ဒင်နစ်ရှ်ဒီဆောဇာ၏ ၁၉၉၁ ခုနှစ်၌ ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သော Illiberl Education ကို ဝေဖန်ရန်လည်းကောင်း ပြန်လည်ခေတ်စား၍ လာခဲ့သည်။ ယင်းစာအုပ်တွင် ဒီဆောဇာသည် ၎င်း၏ ရှုမြင်မှုများအရ မိမိကိုယ်ကိုယ် သားကောင်ဖြစ်အောင် ပြုလုပ်ခြင်းနှင့် ယဉ်ကျေးမှုဗဟုဝါဒတို့ဆီသို့ ဘာသာစကား၊ လူမျိုးရေးခွဲခြားမှုများကို ကျော်လွှားနိုင်ရေး လုပ် ဆောင်ချက်များနှင့် ကျောင်းနှင့် တက္ကသိုလ် သင်ရိုးမာတိကာများကို ပြောင်းလဲခြင်းတို့မှတစ်ဆင့် ချဉ်းကပ်ရန် လစ်ဘရယ်တို့၏ အားထုတ်မှုများအား ပြစ်တင်ရှုတ်ချခဲ့သည်။

အားနည်းသောအုပ်စုများအပေါ် ဆန့်ကျင်ကာ ထိထိရောက်ရောက် ခွဲခြားဆက်ဆံသည့် အပြုအမူမှနေ၍ အာရုံလွှဲရန်နှင့် ရှုတ်ချရန် Political Correctness ဟူသည့် သဘောတရားကို ကွန်ဆာဗေးတစ်များက အသုံးပြုကြောင်း အမေရိကန်ပြည်ထောင်စုမှ လက်ဝဲနိုင်ငံရေးအပေါ် မှတ်ချက်ပြုသူများက ပြောဆိုခဲ့ကြသည်။ ၎င်းတို့က လက်ယာနိုင်ငံရေးသည် ၎င်းတို့ မျက်နှာသာပေးသော မဲဆန္ဒနယ်မြေများနှင့် အိုင်ဒီယိုလိုဂျီများအား  ဝေဖန်မှုကို နှိပ်ကွပ်ရန် Political Correctness အား ၎င်းတို့၏ ကိုယ်ပိုင်ပုံစံများဖြင့် အားပေးမှု ပြုလုပ်ခဲ့သည်ဟုလည်း အခိုင်အမာ ပြောကြားခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အဆိုပါစကားရပ်သည် လစ်ဘရယ်များနှင့် ကွန်ဆာဗေးတစ်တို့အကြား ယဉ်ကျေးမှုစစ်ပွဲ ဆင်နွှဲရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

မည်သို့ပင်ဆိုစေ လူ့အဖွဲ့အစည်းရှိ သက်ဆိုင်ရာအုပ်စုဝင်များကို စော်ကားသကဲ့သို့ သို့မဟုတ် နှိမ်သကဲ့သို့ ဖြစ်စေနိုင်သည့် အပြောအဆိုများနှင့် အပြုအမူများကို ရှောင်ကြဉ်သင့်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent