ပြောရေးဆိုခွင့်ရှိသူ

ပြောရေးဆိုခွင့်ရှိသူ
Published 13 June 2019

အခြားသူများကို ကိုယ်စားပြုလျက် ပြောဆိုရန် ရွေးကောက်တင်မြှောက်ထားသူ သို့မဟုတ် ခန့်အပ်ထားသူကို ယေဘုယျအားဖြင့် ပြောရေးဆိုခွင့်ရှိသူဟု ခေါ်ကြခြင်း ဖြစ်သည်။ မီဒီယာကြောက်ရောဂါဝင်နေသော ယနေ့ခေတ်၌ အဖွဲ့အစည်းပေါင်းများစွာတို့သည် အများပြည်သူသို့ ထုတ်ပြန်ကြေညာချက်များအား အသင့်တော်ဆုံးပုံစံဖြစ်စေရန်၊ အလိုရှိရာ မက်ဆေ့ချ်များနှင့်ပတ်သက်၍ အသင့်တော်ဆုံးလမ်းကြောင်းမှ ဖြစ်စေရန်နှင့်  မလိုလားအပ်သော မက်ဆေ့ချ်များကြောင့် ရိုက်ခတ်မှုအနည်းဆုံးဖြစ်ရန်တို့ သေချာစေရေးအတွက် ဂျာနယ်လစ်ဇင်၊ ဆက်သွယ်ရေးပညာ၊ ပြည်သူ့ဆက်ဆံရေးပညာနှင့် ပြည်သူ့ရေးရာ အစရှိသည်တို့နှင့်ပတ်သက်၍ တရာဝင်သင်တန်းတက်ဖူးသည့် ပရော်ဖက်ရှင်နယ်များအား ပြောရေးဆိုခွင့်ရှိသူများအဖြစ် ရွေးချယ်ခန့်ထားလာကြသည်။ လူသိများ ထင်ရှားသော ဒေသခံနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အားကစားသမားများ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကမှ ထင်ရှားသူများ အစရှိသော ဆယ်လီပြောရေးဆိုခွင့်ရှိသူများကို ကြော်ငြာအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် ရွေးချယ်ကြသည်လည်း ရှိသည်။

မိမိကိုယ်ပိုင် အဆိုပြုချက်များ ပေးသောသူနှင့် မတူဘဲ ပြောရေးဆိုခွင့်ရှိသူအဖြစ် အလုပ်လက်ခံထားသူသည် မိမိကိုယ်ပိုင်ထင်မြင်ချက်နှင့် ဆန့်ကျင်နေလျှင်ပင် အဖွဲ့အစည်း၏ အနေအထားအတွက် သစ္စာရှိစွာဖြင့် ကိုယ်စားပြုမှုနှင့် အကြံပြုမှုကို ပြုလုပ်ရသည်။ အကျိုးတရားအားဖြင့် ပြောရေးဆိုခွင့်ရှိသူများကို ယေဘုယျသဘောအရ အတွေ့အကြုံရှိသော၊ ၀ါရင့်ဝန်ထမ်းများထဲမှဖြစ်သော သူများအား သို့မဟုတ် အဖွဲ့အစည်း၏ ရည်မှန်းချက်များကို ထောက်ခံအားပေးမှု ပြုလုပ်သည်ဟု သိထားသော အခြားသူများအား ရွေးချယ်ကြသည်။

ကော်ပိုရေးရှင်းတစ်ခုကို လူသိရှင်ကြားအဖြစ် ယင်းကော်ပိုရေးရှင်း၏ အလုပ်အမှုဆောင်အရာရှိချုပ်များ၊ ဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးအရာရှိချုပ်များ၊ အတိုင်ပင်ခံအရာရှိချုပ်များ သို့မဟုတ် ပြင်ပဥပဒေအကြံပေးပုဂ္ဂိုလ်များက ကိုယ်စားပြုနိုင်သည်။ ၎င်းအပြင် တစ်နေ့တာအဆင့်နှင့် ပုံမှန်ထုတ်ပြန်နေကျ ကြေညာချက်များအတွက် ပြောရေးဆိုခွင့် ရှိသူအလုပ်ကို ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးဌာနများသို့ လွှဲအပ်ထားပြီး ၎င်းဌာနမှ တာဝန်ရှိသူတို့က ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ကြသည်။

ဥပမာအားဖြင့် ရူပဗေဒပညာရှင်ပေါင်းများစွာ ပူးပေါင်းပါဝင်သော ပါတီကယ်ရူပဗေဒအဖွဲ့အစည်း၌ အဖွဲ့အစည်း၏ ခေါင်းဆောင် သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူအဖြစ် တစ်ဦးသို့မဟုတ် နှစ်ဦးကို ရွေးကောက်တင်မြှောက်ထားရသည်။ ယင်းကဲ့သို့သော ကိစ္စမျိုး၌ ပြောရေးဆိုခွင့်ရှိသူသည် သိပ္ပံပညာရှင်များ ပူးပေါင်းပါဝင်သောအဖွဲ့ကို ဦးဆောင်ရသူဖြစ်ပြီး အများပြည်သူထံသို့ စကားထွက်ပြောရသောသူ မဟုတ်ပေ။ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့အသီးသီးတို့သည် အဖွဲ့အတွင်းရည်ရွယ်ချက်များအတွက် ပြောရေးဆိုခွင့်ရှိသူ၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ရွေးချယ်ထားကြသည်။ သို့သော် အဓိကအားဖြင့် ပြောရေးဆိုခွင့်ရှိသူကို ဓာတ်ခွဲခန်းပေါင်းများစွာနှင့် ရန်ပုံငွေထောက်ပံ့သော အေဂျင်စီများ အစရှိသည်တို့နှင့် ထိတွေ့ဆက်ဆံရန်အတွက် သတ်မှတ်ထားလေ့ ရှိသည်။

မည်သို့ပင်ဆိုစေ ပြောရေးဆိုခွင့်ရှိသူသည် သက်ဆိုင်ရာအဖွဲ့အစည်းကို ကိုယ်စားပြုသူသာဖြစ်ပြီး မိမိသဘောဆန္ဒအလျောက် မိမိထင်မြင်ချက် သို့မဟုတ် မိမိပြောလိုရာကို ပြောခွင့်မရှိဘဲ အဖွဲ့အစည်း၏ အနေအထားကို ကိုယ်စားပြုပြောဆိုရသူသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

 

Most Read

Most Recent