ခွဲစိတ်ကြည့်သူရဲ့ မိုးသားတွေ

ခွဲစိတ်ကြည့်သူရဲ့ မိုးသားတွေ
Photo : Sundaymail
Photo : Sundaymail
Published 7 June 2019
ဝေမြင့်မောင်

မိုးရာသီ ရောက်ပြီလို့တော့ ပြောကြပါ ရဲ့။ ဒါပေမဲ့ ဒီဘက်မှာတော့ မိုးက သိပ်မရောက် သေးဘူးပြောရမယ်။ ဒါပေမဲ့ မိုးရာသီရဲ့ အနံ့ကိုတော့ အသေအချာသိနေရပြီ။ တစ်ချက်တစ်ချက်သာ မိုးရွာတယ်ဆိုပေမဲ့ ကြည့်လိုက် တိုင်း အရာရာဟာ စိမ်းစိုနေတာပဲ။ မြက်ပင်တွေလည်း နွေတစ်လျှောက်လုံး ပုန်းအောင်း နေကြရာကနေ ဟည်းထလာကြတော့တယ်။ အိမ်ရှေ့မှာ စိုက်ထားကြတဲ့ ချဉ်ပေါင်၊ ငရုတ်၊ ကန်စွန်းရွက်တွေကြားထဲမှာ အားကောင်း မောင်းသန်နဲ့ မြက်ပင်တွေဟာ နိုးထလာကြတယ်။ နွေရာသီမှာ ရိုးတံစင်းစင်း၊ ငေါင်ငေါင် နဲ့ အရွက်မရှိကြတော့တဲ့ အပင်တချို့ဟာလည်း အခုတော့ စိမ်းစိုပျိုမြစ်နေတဲ့ သစ်ရွက်တွေနဲ့ပေါ့။ အရင်နှစ်က ဒီလိုအချိန်ဆို တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတာ။ မိုးတွေ အဆက်မပြတ်ရွာနေတော့လည်း မီးက အော်တိုမက်တစ်ဆိုသလို ပျက်နေတတ်တာ။ အဲဒီတစ်ချက်တော့ အခုထိမှန်နေဆဲပဲ။ အရင်ကလိုပဲ။ မိုးကလေး ရွာလာတာနဲ့ မီးကတော့ ပျက်ပြီးသား။ တစ်နှစ်ဆိုတဲ့အချိန်ကသာ ပြောင်းလဲသွားတာ အဲဒါကတော့ မပြောင်း လဲသေးဘူး။ အရင်နှစ်တုန်းက အခုလိုအချိန်ဆို အိမ်ရှေ့မှာ မိုးရေတွေအိုင်ထွန်းလို့  မိချောမတို့ ခွေးသားအမိတတွေ နေစရာမရှိဘဲ ဒုက္ခရောက်နေကြရှာတယ်။ အဲဒီတုန်းက မိချောမ မှာ ခွေးပေါက်စကလေးတွေ ရှစ်ကောင်နဲ့။ အခုတော့လည်း မိချောမမှာ ခွေးသားလေး နှစ်ကောင်ပဲ ကျန်တော့တယ်။ ဒါတောင်မှ သူများတွေက မွေးဖို့ တောင်းကြပေမဲ့ မပေး ဘဲထားလို့။ ဒီနှစ် မိုးတွင်း ရောက်တော့ ကျန်ခဲ့တဲ့ ဒီနှစ်ကောင်က အရင်နှစ်ကနဲ့ မတူတော့ဘူး။ ကြီးလာလိုက်ကြတာ၊ ထွားလာလိုက်ကြ တာများ။ ဆော့ကလည်း ဆော့နိုင်ကြသလား မမေးနဲ့။ အိမ်ကတော့ လုံပါတယ်။

မိုးက ဒီနှစ်မမှန်ဘူးပြောရမှာပဲ။ မမှန်ဆို ရာသီဥတုက ဖောက်ပြန်နေပြီကိုး။ တကယ်တော့ တွေးကြည့်ရင် ကြောက်စရာကြီးပဲ။ မိုးက ရောက်မလာသေးဘူးလို့ ပြောနိုင်ပေမဲ့ အခုတလော ညနေပိုင်းရောက်ပြီဆိုရင် အ နောက်ဘက်ဆီကနေ မိုးတိမ်တွေ တက်လာတတ်တယ်။ ဒါမှမဟုတ် ကျိုက်ထီးရိုးဘက် က တက်လာတတ်တယ်။ ပြီးတာနဲ့ ရွာတော့တာပဲ။ အများအားဖြင့်ကတော့ ညနေ ၄ နာရီလောက်ပေါ့။ လေပါတဲ့အချိန်ဆို ကြောက်စရာ ပိုကောင်းတာအမှန်ပဲ။ မိုးကြိုးတွေပစ်လိုက်တိုင်း ဖိုးကျားဆိုတဲ့ခွေးကောင်ဟာ အိမ်ထဲကို ပိုပိုပြီးတိုးဝင်လာလို့။ ကိုယ့်မှာ ဒီကောင့်ကို ကြည့်ပြီး ရယ်နေရသေးတာ။ တစ်နာရီ၊ နာရီဝက်လောက် ခပ်ကြမ်းကြမ်း ရွာပြီးရင်တော့ မိုးတိတ်သွားတတ်တယ်။ မိုးတိတ်သွားတဲ့အခါ နေရောင် ပြန်ပေါ်လာတတ်တယ်။ ဒါမှမဟုတ်လည်း တိမ်မည်းကြီးတွေဟာ ပျောက်ကွယ်သွားတတ်ကြတယ်။ တစ်ခါတလေတော့လည်း ညဘက် မိုးချုပ်ပြီးတဲ့အခါ မိုးပြန်ရွာတတ်တယ်။ ဒါပေမဲ့ အများအားဖြင့်ကတော့ ကြယ်ကလေးတွေကို ကောင်းကင် မှာ မြင်ရတာပဲ။ နေလို့ထိုင်လို့ သိပ်ကောင်းတာ။ ဒါပေမဲ့ ခြင်တွေ၊ ယင်ကောင်တွေ ပိုပေါ လာတာကိုတော့ သတိထားမိတယ်။ တခြား အင်းဆက်ကောင်တွေလည်း အများကြီးပဲ။ ညဘက် လျှပ်စစ်မီးချောင်းကို တိုးနေလိုက်ကြတာ။ အကောင်တွေက များလွန်းတော့လည်း အိပ်ရာပေါ်တွေ ထမင်းစားစားပွဲတွေ ထိုင်ခုံ တွေပေါ်မှာ ကျနေတတ်ကြတယ်။ သတိထား ရတယ်။ တချို့ကောင်တွေက လူကို ယားစေတယ်။ တချို့ကောင်တွေရဲ့ အနံ့တွေက တော်တော်ကို ဆိုးတာ။ ခြင်ကတော့ အဆိုးဆုံးပဲ။ ခြင်ထောင် မထောင်ဘဲ အိပ်ဖို့တော့ မစဉ်းစား လေနဲ့။ တလောလေးက ဧည့်သည်လာလို့ ကိုယ့်အိပ်ရာပေါ်မှာ သိပ်လိုက်ရတယ်။ ကိုယ် က လွတ်နေတဲ့ အခန်းတစ်ခန်းမှာ သွားအိပ်လိုက်မိတယ်။ အဲဒီမှာ စောင်တွေ၊ မွေ့ရာ တွေ၊ ခေါင်းအုံးတွေ အကုန်ရှိပေမဲ့ ခြင်ထောင် က မရှိဘူး။ ဖြစ်ချင်တော့ အဲဒီည အိမ်မှာ ဝယ်ထားတဲ့ ခြင်ဆေးခွေက မရှိတော့ဘူး။ အပြင်ထွက်ဝယ်တော့လည်း ဆိုင်တွေက အကုန် ပိတ်ပြီ။ အဲဒီညက ခြင်ကိုက်လွန်းလို့ တစ်ညလုံးကို အိပ်လို့မရတာ။ ပလူတွေလည်း ထွက် ကြသလားမမေးနဲ့။ မှတ်မိသေးတယ်။ ငယ်ငယ်က ပလူကောင်တွေ တောင်ပို့ထဲကနေ အပြင်ထွက်လာကြတဲ့အခါ ကိုယ်တို့ကလေး တွေက လိုက်ဖမ်းကြတယ်။ ဘာရယ်မဟုတ် ဘူးပေါ့။ တချို့ကလေးတွေကျ ရည်ရွယ်ချက် ရှိရှိ ဖမ်းကြတာ။ ငါးဖမ်းတဲ့အခါ ငါးစာအဖြစ် သုံးဖို့ ဖမ်းတဲ့လူက ဖမ်းတယ်။ တချို့တော့လည်း ပလူကောင်တွေကို အတောင်ပံတွေ ကျွတ်အောင်လုပ်ပြီးတဲ့အခါ ဆီနဲ့ ကြော်စား ကြတာဆိုပဲ။ ကိုယ်ကတော့ တစ်ခါမှ မစားဖူးဘူး။ မနေ့ညနေပိုင်းက မိုးရွာလိုက်သေးတယ်။ ပြီးတာနဲ့ ထုံးစံအတိုင်း မိုးရိပ် လေရိပ်တွေက အကုန်ပျောက်ပြီး ကြယ်ကလေးတွေတောင် ပေါ်လာသေးတာ။ ည ၉ နာရီလောက်ကျ ပလူကောင်တွေ ထွက်လာလိုက်တာ မတရားပဲ။ ဒီလောက်ပေါတဲ့ ပလူကောင်တွေ တစ်ခါ မှကို မမြင်ဖူးဘူး။ တံခါးတွေ အကုန်ပိတ်ပေမဲ့ နောက်ကျသွားတယ်ပြောရမယ်။ တော်တော်များများက အိပ်ခန်းတွေထဲအထိရောက်ကုန်တော့တာ။ အဲဒါနဲ့ပဲ မတတ်နိုင်တာနဲ့ အိမ်ထဲကမီးတွေကို အကုန်ပိတ်လိုက် ရတယ်။ အိမ်ရှေ့က မီးချောင်းတွေကိုပဲ ဖွင့်ထားတော့ ပလူကောင်တွေက အဲဒီမီးချောင်း တွေဆီပဲ ၀ိုင်းအုံသွားကြတော့တယ်။ ကိုယ်တွေလည်း အိမ်အပြင် ခဏထွက်နေလိုက် ကြတော့တယ်။ ဂျာကြီး ကိုထွန်းက ပလူ ကောင်တွေကို ကြည့်ပြီး ပြောနေသေးတာ။ ငါတို့ ငယ်ငယ်က ပလူကောင်တွေ ထွက်လာပြီဆို သိပ်ပျော်ကြတာ။ တပျော်တပါးကြီး ဖမ်းပြီးတဲ့အခါ ကြော်စားကြတာ၊ သိပ်စားလို့ ကောင်းတာပဲတဲ့။ အခုတော့လည်း ကိုထွန်း ဟာ အရင်က ကိုထွန်း မဟုတ်တော့ဘူးကိုး။ ငါ အကောင်တွေ သတ်ခဲ့ဖြတ်ခဲ့တာ မနည်းဘူး၊ အခုနေတော့လည်း လုံးဝမသတ်တော့အောင် နေထိုင်ပါတယ်ရယ်လို့ ပြီးခဲ့တဲ့တစ် နှစ်ခွဲလောက်၊ ကိုယ်ဒီကို စရောက်တဲ့အချိန်မှာ သူပြောခဲ့တာကို မှတ်မိနေတယ်။

ဒီဘက်မှာတော့ တောင်သူတချို့က ထယ်ရေးပြင်နေကြပြီ။ မိုးကလေးကလည်း ကျပြီကိုး။ တချို့ဆို သမန်းတောင် ပုတ်ထား နေကြပေါ့။ တချို့အကွက်တွေကျတော့ ဘာမှကို မပြင်ရသေးတာ။ မြက်ပင်တွေချည်းပဲ စိမ်းပြီး ထလာလိုက်တာ။ အဲဒီလို အကွက်တွေကတော့ အများအားဖြင့် ဆောင်းရာသီ၊ နွေရာသီ ရာသီနှစ်ခုစာ အနားယူထားကြရတဲ့ လယ်ကွက်တွေပါပဲ။ နှမြောဖို့တော့ အကောင်းသားရယ်။ ဆည်ရေက မရတော့ မိုးမျှော်မိုးစ ပါးလောက်ပဲ စိုက်နိုင်ကြတာကိုး။ ဆည်ရေ သေချာပေးနိုင်ရင်တော့ဖြင့် လယ်တွေ အလ ကားမဖြစ်တော့ဘူးပေါ့။ ဒီအကွက်ပိုင်ရှင် တွေကလည်း မိုးစပါးစိုက်ဖို့  ပြင်နေကြလောက်ပါပြီ။ ဒါပေမဲ့ မိုးကို အားမရသေးလို့နေမယ်။ ဒီလောက်မိုးနဲ့တော့ မရသေးတာအမှန်ကိုး။ ညနေပိုင်း မိုးရွာပြီးလို့ ညနေကြယ်ထွက်တဲ့ အခါ ဓာတ်မီးလေးတွေ တဝင်းဝင်းနဲ့။ ဖား ရိုက်ထွက်ကြတာဗျ။ ဓာတ်မီးတိုလေးကို ခေါင်းမှာ စွပ်ထားကြတယ်။ လွယ်အိတ်တွေ၊ ပုံးတွေလည်း ပါတယ်။ ဖားရိုက်တံနဲ့ပေါ့။ ဖား ရိုက်တံဆိုလို့ ဟိုလိုကြီးမဟုတ်ပါဘူး။ ၀ါးခြမ်း ပြားလိုဟာမျိုး၊ တချို့တော့လည်း တုတ်အ ရှည်ပါပဲ။ အုပ်စုလိုက် ဖားရိုက်ထွက်ကြတာ ကိုတော့ သတိထားမိတယ်။ ဆေးလိပ်တိုလေး တွေ ဖွာလို့ဖြစ်မယ် တစ်ချက်တစ်ချက် မီးပွား လေးတွေ အမှောင်ထဲ မြင်ရတတ်တယ်။ ဖားရိုက်တဲ့လူတွေထဲမှာ လူကြီးတွေလည်းပါတယ်။ လူငယ်တွေအများစုဆိုပေမဲ့ ကလေးတွေလည်း ပါတတ်တယ်။ အဲဒီဖားတွေကို ဘယ်မှာသွားရောင်းမှာလဲလို့ မေးကြည့်တော့ ကျိုက်စကောစျေးထဲ သွားရောင်းမယ်လို့ ကလေးငယ်တစ်ယောက်က ပြန်ဖြေတယ်။ တော် တော်များများ ရနေပြီလားဆိုတော့ မဆိုးပါဘူးတဲ့။ အများစုကတော့ ကျော်စံကွေးလို့ ခေါ်တဲ့ ဖားကလေးတွေပါပဲ။ တခြားဖားကြီးတွေလည်း ပါတော့ပါတယ်။ ဟိုတစ်ဘက် အိမ်မှာ နေကြတုန်းက ပြီးခဲ့တဲ့ မိုးတွင်းလားပဲ။ ဆောင်းတွင်းလားပဲ။ သေချာတော့ မမှတ်မိဘူး။ အဲဒီအိ်မ်မှာ ကိုယ်တွေ နေကြတုန်းက ကိုယ်တို့ကုမ္ပဏီတူ၊ အလုပ်မတူတဲ့ ကျောင်းတူ စီနီယာအစ်ကိုကြီး ရောက်လာတတ်တယ်။ သူက ဗမာဆိုပေမဲ့ မွန်ပြည်နယ်မှာ ငယ်ငယ်ကတည်းက နေလာတဲ့လူဆိုတော့ စကားပြောတာ ဝဲတယ်။ ရုပ်တောင်မှ မွန်ရုပ်ပေါက် သလားပဲ။ သူက တိုင်းဒေသကြီးတစ်ခုမှာ ကုမ္ပဏီရဲ့ မားကက်တင်းတိုင်းဂျာပေါ့။ သူက ကျွန်တော်တို့ဆီ လာလာနေတတ်တယ်။ အလုပ်အားရင်ပေါ့။ ဟင်းချက်ကလည်း မတရား ကောင်းတာပဲ။ နေဝင်ပြီဟေ့ဆိုတာနဲ့ ညီလေး ရေရှက်ကီထုမယ်ဟေ့ဆိုတာချည်းပဲ။ အမြည်းကိုလည်း သူက သေချာချက်ပြုတ်ကြော် နေတတ်တယ်။ တစ်ညသားတော့ ညနေခင်း ဘက်မှာ အခုလိုမျိုးပဲ မိုးကလေးရွာတယ်။ ပြီးတာနဲ့ ပြန်တိတ်သွားရော။ ညရောက်တော့ လကလည်း သာလို့။ အဲဒီမှာ အဲဒီအစ်ကိုကြီးရယ်၊ ကိုချမ်းကြီးရယ်၊ ကျွန်တော်ရယ် သုံး ယောက်သား ရှက်ကီထုကြတယ်။ ကိုထွန်း ကြီးကတော့ အိမ်ပြန်သွားလို့ မရှိဘူး။ အရက်ကိုတော့ အဲဒီအစ်ကိုကြီး ဝယ်လာတာ။ တိုင်းဂျာဆိုတော့လည်း အကောင်းသောက်နိုင်တာပေါ့။ သောက်ရင်းသောက်ရင်းနဲ့ အမြည်းကကုန်သွားတယ်။ အဲဒီအချိန်မှာ ဖားသား စားမလား အစ်ကို ပြောတော့ ရှိရင် ချလေတဲ့။ အဲဒီအိမ်မှာက ဖားမတရား ပေါတာ။ လယ်ကွင်းတွေ အင်းအိုင်တွေနဲ့ နီးလို့ထင်ပါတယ်။ ငယ်ငယ်က ချင်းတောင်မှာ နေခဲ့တုန်းက ဖားရိုက်ထွက်ဖူးတယ်။ ဟိုမှာက ဖားရလာရင် အူထုတ်ပြီး ကြပ်ခိုးပေါ်တင်တာ။ သေချာ လေးခြောက်တော့မှ စားကြတာရယ်။ အခြောက်မခံဘဲ အစိမ်းအတိုင်း ကြော်စားဖူးတယ်။ ကြော်တာပဲ မကောင်းလို့လားတော့ မပြောတတ်ဘူး။ တော်တော်လေးကို ညှီတာ။ အဲဒါကြောင့်လည်း နောက်ပိုင်း ဖားသားဆို လှည့်ကို မကြည့်တော့တာ။ ဒါပေမဲ့ အဲဒီည က ဓာတ်မီးယူပြီး အိမ်တစ်ပတ် ပတ်လိုက်တယ်။ ကျော်စံကွေး အကောင် ၃ဝလောက်တော့ အသာလေးပဲ။ ရလာတဲ့ကောင်တွေ ကို အူထုတ်၊ ဆူပွက်နေတဲ့ ရေထဲ နှစ်မိနစ် လောက် ပစ်ထည့်၊ ပြီးတာနဲ့ ပြန်ဆယ်၊ အရေ စုတ်ပြီးတော့ ကြက်သွန်နီ/ဖြူ ပါးပါးများများ

လှီး၊ ဆီများများနဲ့ ကြော်ပစ်လိုက်တယ်။ ငရုတ် သီးလည်း ထည့်တော့ သိပ်စားကောင်းတာပဲ။ သိပ်အကြပ်ကြီး မဖြစ်အောင်တော့ ဂရုစိုက်ရတယ်။ အသားပါးတဲ့ အသားတွေကို ကြော်တဲ့အခါ ကြွပ်ရွနေအောင် မကြော်ရဘူး၊ ကြွပ်ရွနေရင် အသားရဲ့အရသာ ပျောက်သွားတတ်တယ်။ ကောင်းတယ်ကွာ ညီလေးရာတဲ့။ အဲဒီမှာ တစ်ခု သတိထားမိလိုက်တယ်။ ဒီဘက် က ဖားတွေ မညှီဘူးဆိုတာကိုပဲ။တောင်ပေါ် မှာတုန်းက မှတ်မိနေတယ်။ ကြော်တာလည်း သေချာကြော်တာပဲ။ ကိုယ်က အိမ်မှာ သားအကြီးဆုံးဆိုတော့ ထမင်း၊ ဟင်းချက်တာ လောက်တော့ ပြောနေစရာကို မလိုတာပဲ။ အဲဒီညကတော့ မူးမူးနဲ့မို့လားတော့ မသိဘူး။ သိပ်မြည်းလို့ကောင်းတာ။

          မိုးတွင်းရောက်လာရင်တော့ အမှတ်တရတွေက အများကြီးပါပဲ။ ဒီအချိန်ဆို ဟား ခါးဂေါက်ကွင်းဘက်မှာ မှိုတွေပေါနေလောက်ပြီ။ မှိုတွေက ပေါသလားမမေးနဲ့။ စားလို့ရ တဲ့ မှိုတွေရော စားလို့မရတဲ့ မှိုတွေရော စုံလို့။ ထင်းရှူးတောထဲမှာ မှိုတွေအများကြီး။ တောင်ပို့မှို၊ ဖက်စို့မှို စသည်စသည်ပေါ့။ ချင်းလိုပဲသိပြီး မြန်မာလိုမသိတဲ့ စားမှိုတွေ အများကြီး။ အကြိုက်ဆုံးကတော့ အသားမှိုလို့ခေါ်ကြတဲ့ စားမှို။ အသားမှိုဆိုတာက ချင်းဘာသာစကားကနေ မြန်မာလို တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။ ကြော်စားတဲ့အခါ အသားအတိုင်းပဲ။ ပါးစပ်ထဲမှာတဂျစ်ဂျစ်နဲ့ စားလို့သိပ်ကောင်းတာ။ အဲဒါပြီးရင်တော့ ကြက်အသည်းရောင် နဲ့ တူတဲ့မှို။ အစေးပါတယ်။ ထင်းရှူးတောထဲမှာ ပေါက်တာ။ ပေါက်ရင်လည်း အုပ်စုလိုက် ပေါက်တတ်တယ်။ ငါးပိနဲ့ ကြော်စားရရင် သိပ်ကောင်းတာများ၊ အသားနဲ့ မလဲနိုင်ပေါင်။ ကိုယ်ငယ်ငယ်က ဂေါက်ကွင်းမှာ ကယ်ရီလိုက် ရတယ်။ ကယ်ရီမလိုက်ရတဲ့နေ့တွေဆို ဂေါက်သီး ရှာတယ်။ ဂေါက်သီးရှာတယ်ဆိုတာက ဂေါက်ဖာတွေ ဂေါက်သီးရိုက်ကြတဲ့အခါ တစ်နည်းနည်းနဲ့ ဂေါက်သီးတွေ တောထဲကျ ပျောက်တတ်တာကိုး။ အဲဒီအလုံးတွေကို မှန်းတန်းရှာရတာမျိုးပါ။ ကောက်ရတဲ့ ဂေါက်သီး တွေရဲ့ အမျိုးအစားသစ်လွင်မှုပေါ်မူတည် ပြီး စျေးရတယ်။ တစ်ခါတလေ ကံကောင်း တဲ့အချိန်တွေဆို တစ်ညနေစာ ကယ်ရီလိုက်ခထက်တောင် ပိုရတတ်တယ်။ မိုးတွင်းဆို သိပ်မိုက်တာ။ ဂေါက်သီးလည်းရှာ၊ မှိုလည်း နုတ်ပေါ့။ ဂေါက်သီးရှာဖို့ ပြင်ပြီဆိုကတည်းက ကျန်ကျောင်းအိတ်ကြီးတွေ တစ်ပါတည်း သယ်သွားလိုက်တယ်။ အဲဒါ မှိုထည့်ဖို့ပေါ့။ တစ်ခါတလေတော့လည်း ဂေါက်ဖာတွေက မှိုတွေကို အတင်းဝယ်တတ်ကြတယ်။ ကိုယ်က မှိုတော့ မရောင်းချင်ဘူး။ အိမ်မှာ မိသားစုရှိတယ်လေ။ သူတို့တွေလည်း မှိုဆို သိပ်ကြိုက်ကြတာကိုး။ ဒီတော့လည်း ကောက်ရတဲ့ ဂေါက်သီးတွေကိုသာရောင်းပြီး နုတ်ရတဲ့ မှိုတွေကိုတော့ မရောင်းဘူး။ မှိုရှာလို့ မတွေ့ဘူးဆိုတာ မရှိသလောက်ပါပဲ။ စားလို့ရ တဲ့မှိုတွေက သိပ်ပေါတာ။ မှိုဥတွေဆိုတာများ ပေါသလားမမေးနဲ့။ အခုနေတော့လည်း ဒီဘက်မှာ မှိုကသိပ်ရှားတာပဲ။ တောင်ပို့မှို နဲ့ ဖက်ဆွတ်မှိုလောက်ပဲ တွေ့ရတယ်။ ဒါတောင် မှ စျေးက မတရားကြီးသေးတာ။ တောင်ပေါ်ကိုတော့ သတိရမိတယ်။ ဟားခါးက ထင်း ရှူးတောကြီးတွေကိုလည်း လွမ်းမိပါရဲ့။

စက်ရုံဘက်ကို လှမ်းကြည့်တော့ မိုးကရွာတော့မယ်ထင်တယ်။ မနေ့ညနေက ဒီချိန်လောက်ဆို မိုးရွာလို့တောင် နားသွားပြီ။ ဒီညနေတော့ အခုထိတောင် မရွာနိုင်သေးဘူး။ လေကနည်းနည်းတိုက်စပြုနေပြီ။ညနေ ၆ နာရီလောက်ရှိပြီကိုး။ လမ်းဘက်ကို ကြည့်တော့ ဒုတ်ကြီးတစ်ယောက် စက်ဘီးကလေး နင်းပြီး ကိုယ့်ကို လှမ်းနှုတ်ဆက်တယ်။ ခါးကြားမှာ အရက်ပုလင်းကလေးနဲ့။ သွားပြီ ဆရာသမားတဲ့။ ဒုတ်ကြီးဆိုတာ ကိုယ်တို့ စက်ရုံ အလုပ်သမားညစောင့်ပါ။တော်တော်အားကိုးရတဲ့လူ။ ပြောသာပြောရတာ ကိုယ်က ဒီစက်ရုံကနေ ထွက်လိုက်ပြီလေ။ ဆိုင်မှ မဆိုင်တော့တာပဲ။ ကိုယ်လည်း ဒုတ်ကြီးကို လက်လှမ်းပြပြီး နှုတ်ဆက်လိုက်တယ်။မိုးတွေ က လာတော့မယ်ထင်တယ်။ ဟိုးအနောက်ဘက်ဆီမှာတော့ တိမ်မည်းကြီးတွေ ချီတက်လာကြတယ်။ ကိုထွန်းကြီးက ချကြမလားဟေ့ လို့  အခန်းထဲက လှမ်းပြောတယ်။ မိုးအေးအေးနဲ့ဆို ဝီစကီလေးနဲ့မှ လိုက်တာကိုး။ မဟုတ်ဘူးလား။

Most Read

Most Recent