လောဘသားကောင်များကြောင့် မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်ပွားခဲ့တဲ့ မြို့လမိုင်း

လောဘသားကောင်များကြောင့် မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်ပွားခဲ့တဲ့ မြို့လမိုင်း
 ဖျက်ဆီးခံရသည့် အိမ်တစ်လုံးကို မေ ၂၃ ရက်က တွေ့ရစဉ်
ဖျက်ဆီးခံရသည့် အိမ်တစ်လုံးကို မေ ၂၃ ရက်က တွေ့ရစဉ်
Published 2 June 2019
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ မေလ ၂၂ ရက်က တရားမဝင် Online လေလံစုမဲကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားဖွယ် ဖြစ်ပွားခဲ့ပြီးတော့ လေလံစုမဲထည့်ဝင်ထားကြတဲ့ လူတွေက စုမဲဒိုင်လုပ်သူ၊ သူတို့နဲ့ဆွေမျိုး နီးစပ်သူများရဲ့ နေအိမ်တွေအပါအဝင် သူတို့နဲ့ ပတ်သက်မှုမရှိတဲ့ နေအိမ်စုစုပေါင်း ရှစ်လုံးခန့်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ဖျက်ဆီးခံခဲ့ရပါတယ်။

ပြဿနာအစ  Onine လေလံစုမဲက

“ပြဿနာကဘယ်ကနေ စဖြစ်တာလဲဆိုရင် မေ ၁၉ ရက်က တနင်္ဂနွေနေ့ဖြစ်တော့ ဘဏ်ကပိတ်တယ်။ အဲဒီတော့စုမဲထည့်ထားတဲ့လူတွေကို ငွေပေးဖို့ခက်သွားတယ်။ အဲဒီနေ့မှာ အတိုးကလည်းကောင်းတယ်။ စုမဲနှစ်ခု ဆုံသွားတယ်။ ထုတ်မယ့်စုမဲကလည်း များသွားတယ်။ ဘဏ်ကလည်း ပိတ်တယ်။ သူတို့ပြောတာက ဘဏ်ပိတ်ရက်ဆိုတော့ ငွေကြေးက နည်းနည်း အခက်အခဲရှိတယ်ပေါ့။ ရှိတဲ့ပိုက်ဆံနဲ့ပဲ ပေးတယ်။ အစောပိုင်းထုတ်တဲ့လူတချို့ဆိုရင် ပိုက်ဆံရကြတယ်။ နောက်ပိုင်းကျ ပိုက်ဆံနည်းသွားတော့ မဲပြန်ချေရတယ်။ တချို့ဆိုရင် တစ်ယောက်တစ်ဝက်။ တချို့ဆိုရင် လုံးဝကိုမရလိုက်ဘူး” လို့ လမိုင်းမြို့ခံတစ်ဦးဖြစ်သူ မသဇင်မိုးက ပြောပါတယ်။

“မတ် ၂၀ ရက်နေ့မှာတော့ ကျန်တဲ့လူတွေကို ထပ်ပေးတယ်။ အဲဒါကလည်း မေ ၁၉ ရက်နေ့ထုတ်မယ့် လူတွေအတွက်ပဲ ပေးတာ။ အဲဒီမှာမေ ၂၀ ရက် စုမဲထုတ်မယ့်လူတွေကလည်း ပိုက်ဆံလိုချင်ကြတယ်။ အဲဒီမှာ သူတို့လည်း ထပ်ပေးမနိုင်တော့ အဲဒီကနေ နည်းနည်းဆူပူလာတာပေါ့။ စုမဲတွေကလည်း လာဆုံတော့ သူတို့အတွက် ငွေအခက်အခဲ ဖြစ်သွားတာနဲ့တူတယ်” လို့ မသဇင်မိုးက သုံးသပ်ပြောကြားပါတယ်။

Online လေလံစုမဲဆိုတာဘာလဲ

Online လေလံစုမဲလုပ်ငန်းသဘောက ကနဦး ငွေကျပ်ငါးသိန်း ထည့်ဝင်ပြီး တစ်ပတ်ပြည့်ပါက အတိုးရော၊ အရင်းပါ ငွေခုနစ်သိန်းရကြောင်း၊ တချို့မှာငွေကျပ်သုံးသိန်းခန့်ထည့်ပြီး တချို့မှာလည်း ငွေကျပ် သိန်းရာနှင့်ချီပြီး ထည့်ဝင်ထားကြကြောင်း၊ အထူးစုမဲ၊ အရေးပေါ်စုမဲစသည်ဖြင့် စုမဲပုံစံအမျိုးမျိုးရှိကြောင်း၊ အထူးစုမဲမှာလည်း သုံးရက်စုမဲ၊ ငါးရက်စုမဲရှိကြောင်း၊ အရေးပေါ်စုမဲအဖြစ် ယနေ့ငွေထည့်ပြီး နောက်နေ့ငွေပြန်ထုတ်၍ ရကြောင်း၊ ဥပမာသိန်း ၁၀၀ ထည့်ထားပါက နောက်နှစ်ရက်တွင် ကျပ်သိန်း ၁၂၀ ပြန်ရကြောင်း၊ လုပ်ငန်းက နာမည်မရှိဘူး။ Messenger ၌  Group ဖွဲ့ပေးထားကာ လမိုင်းမြို့တွင်  IC Groupနှင့် NNCC Group နှစ်ခုရှိကြောင်းနှင့် NNCC Group ကို မိငြိမ်းချမ်းက ဦးဆောင်ပြီး  IC Group ကို မိခိုင်ရည်မွန်က ဦးဆောင်ကြောင်း လမိုင်းမြို့ခံပြည်သူများရဲ့ ပြောကြားချက်များအရ သိရပါတယ်။

မတ် ၁၉ ရက်ကအစပြုခဲ့တဲ့ Online လေလံစုမဲအငြင်းပွားမှုဟာမေ ၂၂ ရက် မှာတော့ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုအသွင် ပြောင်းသွားပြီးတော့ လူအင်အားနဲ့ စုမဲဒိုင်အိမ်တွေနဲ့ သူတို့နဲ့ ဆွေမျိုးအိမ်တွေကို ဝင်ရောက်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

“မေ ၂၂ ရက်မှာ စုမဲဒိုင်လုပ်တဲ့ မိခိုင်ရည်မွန်တို့နေတဲ့ အိမ်ဝိုင်းထဲကနေ အိမ်သုံးလုံး။ အဲဒီမှာဘေးအိမ်နှစ်လုံးက ကြောက်လို့ ထွက်ပြေးတာကို အဲဒီအိမ်တွေပါ အဖျက်ခံလိုက်ရတယ်။ တချို့ဆိုရင် ပစ္စည်းတွေပါ ဝင်ကောက်ကြတယ်။ မြို့အဝင်မှာရှိတဲ့ မိခိုင်ရည်မွန်ရဲ့ဆွေမျိုးတွေရဲ့ သုံးလုံးလောက် အဖျက်ခံရတယ်။ နောက်ပြီးတော့ သူတို့အိမ်တွေကို ဝိုင်းဖျက်ဝိုင်းလုကြတာ စုမဲထည့်ထားတဲ့လူထက် စုမဲမထည့်ထားတဲ့ လူတွေက ပိုများတယ်” လို့ လမိုင်းမြို့တွေက ပြောပြကြပါတယ်။

“စဖြစ်တာက လေလံစုမဲဒိုင်လုပ်တဲ့ မိခိုင်ရည်မွန်က ပြောတာက ဒီငွေတွေနဲ့ပတ်သက်လို့ ပထမ ကတိကဝတ် ပြောထားတာက (၃.၆.၂၀၁၉) မှာ ငွေထည့်ဝင်ထားသူတွေရဲ့ အရင်းကို ပေးမယ်။ ဒါပေမဲ့ သူက ဒီပြဿနာကို ပြေလည်အောင်ဆိုပြီးတော့ မေ  ၂၃ ရက်မှာသူ့လက်ထဲမှာ ရှိသလောက်ပိုက်ဆံကို အနည်းအကျဉ်းလောက် ပေးမယ်လို့ သူကပြောတယ်။ အဲဒါ လူတွေက အဲဒီပိုက်ဆံရမလာဆိုပြီး စောင့်ကြတယ်။ တကယ့် တကယ် ပေးတဲ့အခါမှာတော့ သူ့မှာရှိနေတဲ့ ငွေကမလောက်ဘူး။ မလောက်တဲ့အခါကျတော့ လူတွေက ရလိုရငြား အိမ်ပေါ်မှာ ငွေအများကြီးရှိနိုင်တယ်ဆိုပြီးတော့ အိမ်ပေါ်အထိ တက်တောင်းကြတယ်။ အဲဒီမှာ မိခိုင်ရည်မွန်တို့က ထွက်ပြေးရတဲ့အဆင့်အထိ ရောက်သွားတယ်။ အဲဒီမှာ ဖျက်ဆီးမှုတွေ စဖြစ်သွားတယ်” ဟု လမိုင်းမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းကပြော ပါတယ်။

လုံခြုံရေးအားနည်းချက်များကြောင့် မြို့ခံပြည်သူတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြို့ခံပြည်သူတွေ ကိုယ်တိုင် ကိုယ့်မြို့လုံခြုံရေးကိုကိုယ်တိုင် ပေးနေရတဲ့ အခြေအနေမျိုးအထိ ဖြစ်ပွားခဲ့ရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

“မတ် ၂၂ ရက်က နေအိမ်တွေဖျက်ဆီးခံရတဲ့အချိန်မှာ မော်လမြိုင်တို့၊ ရေးတို့၊ မုဒုံတို့က ရဲတွေ မရောက်လာသေးဘူး။ အဲဒီအချိန်မှာ လမိုင်းမှာရှိတဲ့ ရဲအင်အားကနည်းတယ်။ အဲဒီအချိန်မှာ လူအုပ်က အုံကြွလာတဲ့အချိန်မှာ ရဲလည်းမတတ်နိုင်ဘူး။ အခုလက်ရှိအချိန်မှာတော့ ဆရာတော်တွေ၊ ဂေါပကအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လမိုင်းမြို့က ၀ိသုကာမ ပရဟိတ လူငယ်အဖွဲ့တို့ပူးပေါင်းပြီးတော့ မြို့ပေါ်မှာ လုံခြုံရေး လုပ်ဆောင်နေကြပါတယ်။ မြို့ပေါ်မှာဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ လုပ်စားနေကြတဲ့အဖွဲ့တွေရဲ့ရန်က ကာကွယ်ပေးဖို့အတွက်၊ အများပြည်သူ အေးချမ်းစွာ ရှိနေကြဖို့အတွက်ကို လုံခြုံအောင် ဆောင်ရွက်ပေးနေရပါတယ်” လို့ လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောပါတယ်။

“နေအိမ်တွေ ဖျက်ဆီးခံရတဲ့အချိန်မှာ လုံခြုံရေးအရ ကျွန်တော်တို့ဘက်က ဘာမှ အဆင်သင့်မဖြစ်ဘူး။ ရဲအင်အားကလည်း နည်းနေတယ်။ ဒီလောက်အထိ ဖြစ်လာမယ်မှန်း မထင်ထားတယ်။ ဒီလူတွေ တန်းစီစနစ်နဲ့ ရသလောက်ပဲ ယူကြမယ်လို့ ထင်နေတာ။ လောဘစိတ်ကြောင့်ပဲ ပိုက်ဆံကို ဝင်လုတဲ့အဆင့်အထိ ဖြစ်သွားတယ်။ နောက်ပြီးမှ မိခိုင်ရည်မွန်နဲ့ ပတ်သက်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ နေအိမ်တွေမှာ ပိုက်ဆံတွေ ထားထားတယ်ဆိုပြီးတော့ တစ်အိမ်ပြီးတစ် အိမ်ဖျက်ဆီးတယ်။ နောက်ဆုံးကျတော့ ကျွန်တော်တို့လမိုင်းမြို့က အဲဒီလိုလုပ်မယ်ဆိုရင် ဥပဒေမဲ့သလိုဖြစ်နေမယ်” လို့လမိုင်း မြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောပါတယ်။

“အဲဒါကို ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးကို တင်ပြတယ်။ လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး လာတုန်းကလည်း တင်ပြခဲ့ပါတယ်။ လုံခြုံရေးအရ ကျွန်တော်တို့လမိုင်းမြို့ကို စောင့်ရှောက်ပေးပါ။ ကျွန်တော်တို့အနေနဲ့ကလည်း ဒီကိစ္စကို မထိန်းနိုင်ဘူးဆိုတာ တင်ပြပေးခဲ့ပါတယ်။ မေ ၂၃ ရက်နေ့မှာတော့ ကျွန်တော်တို့လမိုင်းမြို့က ၀ိသုကာမ ပရဟိတလူငယ်အဖွဲ့က ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေကို နောက်ထပ်ဖျက်ဆီးခံရမှု မဖြစ်ရအောင် ထိန်းသိမ်းခဲ့ပါတယ်။ မြို့မ - ၁ ရပ်ကွက်မှာ မိခိုင်ရည်မွန်တို့နေတဲ့ အိမ်ဝိုင်းထဲမှာ နေအိမ်ငါးအိမ်ရှိပါတယ်။ ဒီကိစ္စနဲ့ ပါဝင်ပတ်သက်မှု မရှိတဲ့နေအိမ်က နှစ်အိမ်ရှိပါတယ်။ အဲ့ဒီအိမ်တွေမှာက ငွေလည်းမရှိဘူး။ အဲ့ဒါကိုလူတွေက ဒီမိသားစုကို စိတ်ဆိုးလို့ လုပ်ကြတဲ့ ပုံစံမျိုးဖြစ်သွားတယ်” လို့ ဦးအေးထွန်းက ဆက်ပြောပါတယ်။

61032984_2672138239480724_3764060611810426880_n.jpg

ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ်

မှေးမှိန်ခဲ့သည့်အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေးအပိုင်းတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၏အခန်းကဏ္ဍ

“ဒီလို တရားမဝင် လေလံစုမဲကိစ္စက လမိုင်းမြို့မှာ အုတ်အုတ်ကျက်ကျက် လူတိုင်းလုပ်နေကြတာဟာ နှစ်လလောက်ရှိနေပြီး။ ဒါကိုတရားဥပဒေစိုးမိုးရေးအပိုင်းအရ စိစစ်ကြပ်မတ်ဖို့တာဝန်ရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တာဝန်ရှိသလို၊ အားနည်းချက်တွေလည်း ရှိခဲ့တယ်လို့ မြင်ပါတယ်။ လမိုင်းမှာ လူစုလူဝေးနဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေမဖြစ်ခင် နှစ်လလောက်ကတည်းက လမိုင်းမှာ ရွှေမိုးငွေမိုးရွာနေတယ်ဆိုပြီးတော့ လူတိုင်းပြောနေ၊ လုပ်နေကြတဲ့ ဒီလေလံစုမဲကိစ္စကို တရားဥပဒေနဲ့မညီညွတ်မှန်းလဲ သိသိကြီးနဲ့၊ မတားဆီးကြဘူး။ မထိန်းသိမ်းခဲ့ဘူး။ အရေးတယူ ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြဘူး” လို့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က အတွင်းရေးမှူးဖြစ်တဲ့ ဦးအောင်နိုင်ဝင်းက သုံးသပ် ပြောကြားပါတယ်။

ဦးအောင်နိုင်ဝင်းက ဆက်လက်ပြီးတော့ “နောက်တစ်ချက်က ဒီဖြစ်စဉ်က မေ ၁၉ ရက်မှ စပါတယ်။ မေ ၁၉ ရက်မှာ သတ်မှတ်ထားတဲ့ ငွေတွေမပေးနိုင်လို့ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်နေကြပြီ။ ပြဿနာလည်း စနေကြပြီ။ မေ ၂၀ ရက်နေ့ ညမှာတော့ လေလံစုမဲဒိုင်လုပ်တဲ့ အိမ်တွေကို လူအင်အား သုံးလေးရာလောက်နဲ့ လာဝိုင်းတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပြီး။ ထွက်ပြေးတဲ့လူတွေက ထွက်ပြေးကုန်ပြီး။ အဲဒီအခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်အခြေအနေအမှန်ကို သုံးသပ်ပြီးတော့ လမိုင်းနယ်မြေ ရဲစခန်းကနေ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစရှိတဲ့ အဆင့်ဆင့်သော ရုံးတွေကို သတင်းပို့သင့်ပါတယ်။ အလားတူပဲ နိုင်င့ံဝန်ထမ်းဖြစ်တဲ့ လမိုင်းမြို့အုပ်ချုပ်ရေးမှူးကလည်း ဒီကိစ္စကို သက်ဆိုင်ရာ အထက်ဌာနအဆင့်ဆင့်ကို အစီရင်ခံတင်ပြသင့်တယ်။ တင်ပြတဲ့အခါမှာလည်း ဖြစ်စဉ်အပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ တင်ပြသင့်ပါတယ်။ နောက်လမိုင်းမြို့နေပြည်သူလူထုရဲ့ လုံခြုံရေး၊ ပဋိပက္ခအသွင်မဆောင်စေရေးအတွက် စဉ်းစားပြီးတော့ မေ ၂၀ ရက် နေ့ညကတည်းက မှန်မှန်ကန်ကန် သတင်းပို့နိုင်မယ်ဆိုရင် ဒီလောက်အခြေအနေအထိ ဖြစ်လာမှာမဟုတ်ဘူး” လို့ပြောကြားပါတယ်။    

“နောက် မေ ၂၁ ရက်နေ့မှာလည်း မနက်မိုးလင်းကတည်းက ဒီလေလံစုမဲကိစ္စမှာ ပါဝင်ပတ်သက်နေကြတဲ့ တစ်နယ်လုံးမှာရှိတဲ့ ရွာတွေကလူတွေပါ ဒိုင်အိမ်တွေမှာ သွားစုနေကြပြီ။ အဲ့ဒီအချိန်လောက်မှ မြို့နယ်ရဲတပ်ဖွဲ့မှူးက သူ့ရဲ့တပ်ဖွဲ့ဝင် အင်အားအနည်းငယ်နဲ့ ရောက်လာပြီးတော့ စောင့်ကြည့်တဲ့သဘော လုပ်တယ်။ အဲ့ဒီအချိန်ကလည်း လမိုင်းမြို့ရဲ့ လမ်းတွေပေါ်မှာ လူတွေက အပြည့်ဖြစ်နေပြီးတော့ စိုးရိမ်စရာဖြစ်နေပြီး။ အဲဒီအချိန်အထိရဲတပ်ဖွဲ့က တားဆီးတာတွေ၊ ထိန်းသိမ်းတာတွေ တစ်ခုမှ မလုပ်သေးဘူး။ စောင့်ကြည့်တဲ့ အနေအထားမျိုးပဲ လုပ်နေတယ်။ ဒါဟာ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းအလိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းစနစ်မှာ ပေါ့လျော့ခဲ့တယ်လို့ ကျွန်တော်တို့က ထင်ပါတယ်။ မေ ၂၂ ရက်မှာ လူထုကို ထိန်းသိမ်းလို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်လာပြီးတော့ လေလံစုမဲဒိုင်အိမ်နဲ့သူတို့ရဲ့ ဆွေမျိုးနီးစပ်တဲ့ နေအိမ်အဆောက်အအုံတွေ ဖောက်ထွင်းဝင်ရောက်တာတွေ၊ ဖျက်ဆီးတာတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဖျက်ဆီးခံရတဲ့ အခြေအနေမျိုး ဖြစ်လာတဲ့အချိန်မှာလည်း တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကာကွယ်နိုင်ခဲ့တာကို မတွေ့ရဘူး။ ဥပမာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုရင် အဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနဲ့ စီမံညွန်ကြားမှုမရှိတဲ့အတွက် လုံလောက်တဲ့ ရဲတပ်ဖွဲ့အင်အား ရောက်မလာတာလို့မြင်ပါတယ်” လို့ ဦးအောင်နိုင်ဝင်းက သုံးသပ်ပြောကြားပါတယ်။

လမိုင်းမြို့မှ မေ ၂၂ ရက်ကနေအိမ် တွေဖျက်ဆီးခံရမှုအပြီးမှာ မေ ၂၃ ရက်မှာလည်း လေလံစုမဲဒိုင်နဲ့ ဆွေမျိုးနီးစပ်သူတစ်ချို့ကို လေလံစုမဲထည့်ဝင်ထားကြတဲ့ သူလို့ဆိုကြတဲ့လူတွေက ပြန်ပေးဆွဲတာတွေ၊ ခြိမ်းခြောက်မှုတွေရှိခဲ့လို့ ကျူးလွန်သူသုံးဦးကိုလည်း သက်သေခံနှင့်တကွ ဓားတွေ၊ သေနတ်အတုတွေနဲ့ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မေ ၂၄ ရက် ညပိုင်းမှာတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး နေထွဋ်ဦး လမိုင်းမြို့ကို ရောက်ရှိလာပြီးတော့ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ အပါအဝင်၊ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟနဲ့ ရေးမြို့နယ်အတွင်းမှာရှိတဲ့အုပ်ချုပ်ရေး ဆိုင်ရာဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်တကွ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ဆုံပြီးတော့ လမိုင်းမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လမိုင်းမြို့ အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ရေးမြို့နယ်ကို လာရောက်တဲ့အခါမှာလည်း ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ဒါဟာတရားမဝင်ဘူး။ လောဘတွေကြောင့် ဖြစ်သွားတဲ့ ပြဿနာကို အပြစ်ပြောနေတာ မဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းကို ရှာမှာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့အပေါ်မှာ ဥပဒေကြောင်းအရ လုပ်ဆောင်သွားပါမယ်။ အုပ်ချုပ်ရေးအပိုင်းက ဥပဒေအရလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို နှစ်ဖက်လုံး ရှင်းပြပေးရပါမယ်။ အဲ့ဒါကိုမှ သူတို့ကလက်မခံကြဘူးဆိုရင် အုပ်ချုပ်ရေးအပိုင်းက ရဲတပ်ဖွဲ့ကို ဥပဒေနဲ့အညီ တရားဝင် စာထုတ်ပေးရပါမယ်။ မနိုင်တော့ဘူးဆိုတဲ့အချိန်။ ရုန်းရင်းဆန်ခတ်ဖြစ်လာတယ်။ ထိန်းလို့သိမ်းလို့မရတော့ရင်။ ပြောလို့ဆိုလို့မရတော့ရင် ဒါသည်အကြမ်းဖက်မှုမြောက်ပါတယ်” ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဥပဒေအတိုင်းလုပ်ပါ။ ကျွန်တော် တာဝန်ယူပါတယ်။ နောက်ဆုံးအဆင့် ပစ်ရမယ့် အဆင့်ရောက်ရင် ပစ်ထုတ်ပစ်လိုက်။ ရှင်းတယ်။ ကိုယ်ကတော့ မခံရစေနဲ့။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကို ပြတ်ပြတ်သားသား လုပ်ပါ။ မီးရှို့တာကို ကျွန်တော်လုံးဝလက်မခံဘူး။ အပြတ်ပြောထားပါမယ်။ မညှာပါနဲ့။ လက်ဖြောင့်တဲ့သူတွေကို တစ်ခါတည်းရွေးထားပါ။ မီးရှို့တဲ့လူတွေ့ရင် ပြတ်ပြတ်သားသားလုပ်ပါ။ မီးရှို့တာက ကျန်တဲ့ပြည်သူတွေပါ အကုန်ဒုက္ခရောက်ကုန်ပါမယ်။ ပြတ်ပြတ်သားသားလုပ်ပါ” ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောကြားခဲ့သည်။

ဒါပေမယ့် မေ ၂၅ ရက် နံနက် ၃ နာရီ မိနစ် ၃၀ မှာ လမိုင်းမြို့မြို့မ (၂) ရပ် ကွက်အတွင်းမှာရှိတဲ့ ရော်ဘာ၊ ကွမ်းသီးနှင့် ဆန်ရောင်းဝယ်ရေးပြုလုပ်တဲ့ဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို မြို့ခံတွေ ပြောကြားချက်တွေအရ သိရပြီးတော့၊ မီးလောင်မှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

လုံခြုံရေးနှင့် ပတ်သက်ပြီး ပြည်နယ်၌ အကြီးဆုံးဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအနေဖြင့်လည်း  အနီးကပ်ကြီးကြပ်ပြီးဆောင်ရွက်နိုင် ခဲ့မည်ဆိုပါက ပြဿနာတွေက ဒီလောက်အထိ ကြီးလာမှာမဟုတ်ဘူးဟု မြင်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အထက်မှာရှိသည့် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့်လည်း လမိုင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စိတ်ပါလက်ပါဖြင့် ကိုင်တွယ်မှု အားနည်းခဲ့သည်ဟု မြင်ပါကြောင်း ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့မှ ဦးအောင်နိုင်ဝင်းက သုံးသပ်ပြောကြားသည်။

“ဘာကြောင့် အဲဒီလိုပြောရလဲဆိုတော့ ရန်ကုန်တိုင်းမှာ အလုပ်သမားတွေ ဆန္ဒထုတ်ဖော်တာတွေဖြစ်ရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွားရောက်ဖြေရှင်းပေတာတို့၊ ရွှေဘိုထောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သွားရောက်ဖြေရှင်းပေးတာတို့ ရှိခဲ့တယ်။ ဒီလမိုင်းဖြစ်စဉ်ဟာလည်း အဲဒီဖြစ်စဉ်တွေထက် မနည်းဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ လူအင်အားကသူတို့ရဲ့ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စိတ်ခံစားချက်တွေရှိနေသလို၊ တောကြောင်လို့ခေါ်မယ့် အချောင်သမားတွေကလည်း အခွင့်ကောင်းယူဖို့ စောင့်ကြည့်နေကြတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တယ်။  ဒီဒေသကို ထိန်းသိမ်းမှုအပိုင်းမှာ တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်းမှုအပိုင်းမှာတုံ့ပြန်မှုတွေက နှေးကွေးခဲ့တယ်။ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုတွေ ပျက်ကွက်ခဲ့တယ်။ အဆင့်ဆင့် သတင်းပေးပို့မှုတွေ အားနည်းခဲ့တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်” လို့ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

“တစ်ဖက်ကလည်း အငြင်းပွားမှုတွေ၊ တင်းမာမှုတွေတွေက ဒီလောက်လေးနဲ့ပြီးသွားတာဟာ ဒေသတွင်းမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေ၊ မွန်လွှတ်တော်ဒုဥက္ကဋ္ဌ  ဒေါက်တာအောင်နိုင်ဦးတို့လို ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ၊ ကျေးရွာနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ၀ိုင်းဝန်းထိန်းသိမ်းပေးနိုင်ခဲ့ကြလို့ ဒီလောက်နဲ့ပြီးသွားတယ်လို့ မြင်ပါတယ်။ သူတို့သာမရှိရင် ဒီထက်ပိုဆိုးမယ်လို့ ကျွန်တော်ယူဆမိပါတယ်” လို့ဦးအောင်နိုင်ဝင်းက ဆက်လက်ပြောကြားသည်။

ယူလို့မဆုံးသေးတဲ့ သင်ခန်းစာ

မြန်မာနိုင်ငံအတွင်းမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ နည်းနာပေါင်းမြောက်များစွာနဲ့ စည်းရုံးပြီး လိမ်လည်လှည့်ဖြားနေကြတဲ့သူတွေ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း ရှိခဲ့ပါတယ်။ လက်ရှိလည်းရှိနေဦးမှာဖြစ်သလို၊ နောင်ကိုလည်းရှိနေကြဦးမှာပါ။

လူဆိုတာကလည်း လောဘသားကောင်တွေဖြစ်ကြတဲ့အားလျော်စွာ အသစ်သစ်သောပုံစံတွေနဲ့ လာကြမယ့် မက်လုံးတွေနောက်ကို လိုက်ကြဦးမှာပါ။ ဒီလိုဖြစ်ရပ်မျိုးတွေကို သင်ခန်းစာယူပြီးတော့ နောက်ထပ်၊ နောက်ထပ် သင်ခန်းစာတွေမရအောင် သတိပြု ဆင်ခြေကြပါလို့ တိုက်တွန်းပါရစေ။    

 

Most Read

Most Recent