ထားဝယ်ဒေသခံတွေအတွက် မပြေလည်သေးတဲ့ မီတာခနှုန်းထား ပြဿနာ

ထားဝယ်ဒေသခံတွေအတွက် မပြေလည်သေးတဲ့ မီတာခနှုန်းထား ပြဿနာ
ထားဝယ်မြို့နယ်အတွင်း လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
ထားဝယ်မြို့နယ်အတွင်း လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
Published 2 June 2019
ဖြိုးဇင် (ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် ၂၀၁၇ ခုနှစ်ဇူလိုင်မှစ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် Global Grand Services (GGS) ကုမ္ပဏီမှာ နိုင်ငံတော်အစိုးရထံ ဂက်စ်ဖိုးငွေ အကြွေး ကျပ်ကိုးဘီလျံကျော် မပေးသွင်းခြင်းနှင့် တိုင်းဒေသကြီး အစိုးရနှင့် ချုပ်ဆိုခဲ့သော လျှပ်စစ်ထုတ်လုပ်ရေးစာချုပ် ပြဿနာများကြောင့် လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ကုမ္ပဏီ တာဝန်ရှိသူများအား ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသည့်အနေအထားသို ့ရောက်ရှိနေ သော်လည်း ကုမ္ပဏီကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မေမှစ၍ ယခင်မီတာခ တစ်ယူနစ် ကျပ် ၂၀၀ မှ ၂၅၀ နှင့် လမ်းမီးခ ကျပ် ၁၀၀ မှ  ၄၀၀ အထိတိုးမြှင့် ကောက်ခံခွင့် ပြုခဲ့ခြင်းနှင့် စက်တင်ဘာကုန်အထိ ယာယီစာချုပ် ဆက်လက်ချုပ်ဆိုရန် စီစဉ်နေမှုနှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှု ပြင်းထန်စွာ ထွက်ပေါ်နေသည်။

တိုင်းအစိုးရဘက်မှ စာချုပ်စည်းကမ်း ဖောက်ဖျက်ပြီး နိုင်ငံတော်ဘဏ္ဍာနှင့် ပြည်သူများအပေါ် နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည့် GGS ကုမ္ပဏီကို အရေးယူ အပြစ်ပေးရမည့်အစား ကုမ္ပဏီမှ ဂက်စ်ဖိုးငွေ အကြွေးများကို ပေးဆပ်နိုင်ရန်နှင့် ကုမ္ပဏီက ဆက်လက် မလုပ်ကိုင်တော့ဘဲ မီးဖြတ်လိုက်ပါက ဒေသတွင်း မီးမှောင်သွားမည့် အကြောင်းပြချက်ဖြင့် လက်ရှိလုပ်ကိုင်နေသည့် GGS ကုမ္ပဏီကို ပြည်သူများ၏ သဘောထားဆန္ဒ တောင်းခံခြင်းမပြုဘဲ မီတာခနှုန်းထား တိုးမြှင့်၍ ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းအပေါ် အမျက်ထွက်နေကြခြင်း ဖြစ်သည်။

GGS ကုမ္ပဏီကိုဒေသခံများ မလိုလားရသည့် အကြောင်းရင်းများ ရှိနေသည်။ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်အတွက် ၂၀၁၆ ခုနှစ် နှောင်းပိုင်းက တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ GGS ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခင်ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်လက်ထက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာအတွင်း တိုင်းအစိုးရနှင့် ကုမ္ပဏီတို့ ငါးနှစ်သက်တမ်းရှိစာချုပ် စတင်ချုပ်ဆိုခဲ့သည်ကိုလည်း ဒေသခံများ အနေဖြင့် သိရှိခဲ့ရခြင်း မရှိခဲ့ပေ။ ထို့အပြင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအတွက် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) က တိုင်းအစိုးရနှင့် စာချုပ်,ချုပ်ဆိုရာတွင် DDPC ကုမ္ပဏီဘက်က GGS ကုမ္ပဏီအား အာမခံ စပေါ်ငွေအဖြစ် ကျပ်သိန်း ၁၅၆၀၀ ကို တစ်ခါတည်း ပေးချေခဲ့ရသည့်အပြင် စာချုပ်ကို လက်မှတ်မရေးထိုးမီ နာရီပိုင်း အလိုမှသာ DDPC ကုမ္ပဏီက တာဝန်ရှိသူများ ဖတ်ရှုခွင့်ရခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ယင်းစာချုပ်ပါ အချက်အချို့မှာလည်း မျှတမှုမရှိဘဲ GGS ကုမ္ပဏီဘက်မှ အသာရသည့် အချက်များကို ရေးသွင်းထားခြင်းမျိုး ရှိခဲ့ကြောင်း၊ စာချုပ်သက်တမ်းကိုလည်း စမ်းသပ်ကာလ ခြောက်လအဖြစ်သာ ချုပ်ဆိုခွင့်ပြုခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်၏ ထားဝယ်ခရိုင် လျှပ်စစ်ကိစ္စကြားနာပွဲတွင် DDPC ကုမ္ပဏီ တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောဆို ချက်များအရ သိရသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်စတင် ပေးဝေခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်တွင်ပင် မကြာခဏ လျှပ်စစ်ပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများအကြား ဝေ ဖန်မှုများ မြင့်တက်ခဲ့ရာ တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲ ချက်ချင်းပြုလုပ်ခဲ့သော်လည်း မီးပျက်မှုများ ထပ်မံဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ လမ်းမပေါ်ထွက်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

ထိုစဉ်က သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က တက်ရောက်လာသူများကို ပြသခဲ့သော GGS ကုမ္ပဏီနှင့် တိုင်းအစိုးရ၏ စာချုပ်အတွင်း အဓိက ကိန်းဂဏန်းများ နေရာ၌ ကွက်လပ်များသာ ပါနေသောကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ဒေသတွင်း မကြာခဏ လျှပ်စစ်ပြတ်တောက်ခြင်း၊ မီးအားမြင့်တက်မှုကြောင့် လျှပ်စစ်ပစ္စည်းများ ဆုံးရှုံးမှုရှိခဲ့ပြီး ဒေသခံများအကြား ဝေဖန်သံ အများအပြား ထွက်ပေါ်လာသောကြောင့် တိုင်းဒေသကြီးလွှတ်တော်က ကုမ္ပဏီ နှစ်ခုစလုံးနှင့် တိုင်းလျှပ်စစ်ဝန်ကြီး၊ လျှပ်စစ်ဌာန တာဝန်ရှိသူများကို ခေါ်ယူကာ လွှတ်တော်၌ ကြားနာမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် DDPC နှင့်စမ်းသပ် ကာလခြောက်လစာချုပ် ပြည့်ခဲ့သည့် ဒီဇင်ဘာတွင် DDPC ကုမ္ပဏီဘက်မှ စာချုပ်သက်တမ်း တိုးပေးရန် တိုင်းအစိုးရထံ တောင်းဆိုမှု ရှိခဲ့သော်လည်း အစိုးရက ခွင့်မပြုဘဲ ဖြန့်ဖြူးရေးလုပ်ငန်းအတွက် ၂၀၁၈ ခုနှစ်အစောပိုင်းတွင် တင်ဒါထပ်ခေါ်ခဲ့သည်။

ထိုသို့ တင်ဒါထပ်ခေါ်ပြီးကုမ္ပဏီ အများအပြား တင်ဒါလျှောက်လွှာ တင်ခဲ့သော်လည်း  တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို မရွေးချယ်မီ တိုင်းဒေသကြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ GGS ကုမ္ပဏီမှာ ထုတ်လုပ်ရေးအပိုင်းတွင် အရှုံးပေါ်နေ ကြောင်း တင်ပြလာသည်ဟုဆိုကာ တင်ဒါ ခေါ်ယူထားမှုကိုဖျက်သိမ်းပြီး လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်းကို ယာယီလုပ်ကိုင်ခွင့်ပြု လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ ခွင့်ပြုချက်အရ GGS ကုမ္ပဏီက လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်းကို DDPC ကုမ္ပဏီထံမှ ၂၀၁၈ ခုနှစ်မတ်တွင် စတင်လွှဲပြောင်းရယူခဲ့ပြီး ဧပြီမှစ၍ မီတာခပေးသွင်းရမည့်ရက်ကို လျှော့ချခဲ့သည့်အပြင် ရက်လွန်ကြေး ကျပ် ၃၀၀၀ နှင့် မီးဆက်ခ ကျပ် ၂၀၀၀ သတ်မှတ် ကောက်ခံခဲ့သောကြောင့် ဒေသခံများအကြား ဝေဖန်မှုြ မင့်တက်ခဲ့ပြန်သည်။

လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး လုပ်ငန်းကို GGS ကုမ္ပဏီက တစ်ဦးတည်း လုပ်ကိုင်ခွင့် ရရှိပြီးနောက် ယာယီလုပ်ကိုင် ခွင့်ပေးထားသည့် ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါပြန်ခေါ်မည်ဟု ထိုစဉ်က တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က မီဒီယာများအား မကြာခဏ ဖြေ ကြားခဲ့သော်လည်း လက်ရှိအချိန်အထိ  တင်ဒါခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ GGS ကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးရေး စတင်လုပ် ကိုင်ချိန်မှစ၍ မကြာခဏ လျှပ်စစ်ပြဿနာ များ ပေါ်ပေါက်ခြင်း၊ ဝန်ဆောင်မှုပေးရာ တွင်ဆက်ဆံရေးည့ံဖျင်းခြင်း စသည့် ပြဿနာများကြောင့် ဒေသခံများအကြား ကုမ္ပဏီအပေါ် မလိုလားမှုများ မြင့်တက်ခဲ့ ပြန်သည်။ ထို့ပြင် ကုမ္ပဏီကမီတာခရက် လွန်ကြေး ကျပ် ၃၀၀၀ နှင့် မီးဆက်ခ ကျပ် ၂၀၀၀ သတ်မှတ်ကောက်ခံနေမှုကိုကောက် ခံခြင်းမပြုရန် တိုင်းအစိုးရက ညွှန်ကြားခဲ့ သော်လည်း ကုမ္ပဏီကယနေ့အထိ ဆက် လက်ကောက်ခံခဲ့သည်။

GGS ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို အစိုးရနှင့် စာချုပ်မချုပ်ဆိုဘဲ လုပ်ကိုင်နေသောကြောင့် ယင်းသို့ အစိုးရ၏ညွှန်ကြားချက်ကိုလုပ်ဆောင် ခြင်း မရှိဘဲ မထီမဲ့မြင် ပြုနေသည်ဟု ထိုစဉ်က ဝေဖန်မှုများရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ကုန်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၌ ကျွန်းစုမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက GGS ကုမ္ပဏီ၏ နိုင်ငံတော်အား ပေးသွင်းရန် ဂက်စ်ဖိုးငွေ အကြွေးကျပ်ရှစ်ဘီလျံကျော် ကျန်ရှိနေပြီး ယင်းအတွက် အစိုးရက စိုက်ထုတ်ပေးနေရ သော ကြောင့် ဘဏ္ဍာငွေနစ်နာဆုံးရှုံးနေရ ကြောင်း ဆွေးနွေးမှုကြောင့် GGS ကုမ္ပဏီနှင့် ထားဝယ်ခရိုင် လျှပ်စစ်အရေးကို တစ်နိုင်ငံလုံးမှ ပြည်သူများ သတိပြုမိခဲ့ကြပြီး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

ဦးဇော်ဟိန်း၏ ဆွေးနွေးချက် ထွက်ပေါ်ခဲ့ပြီးနောက် GGS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်က ထားဝယ်မြို့တော်ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဦးဇော်ဟိန်းအား ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်ခဲ့သည့်အပြင် ဂက်စ်ဖိုးငွေအတွက် ပေးရန်ငွေ ၎င်းင်းထံတွင်အသင့်ရှိသော်လည်း အစိုးရကဂက်စ်ဖိုးငွေလျှော့ချတွက်ချက် ပေးခြင်း (သို့မဟုတ်) မီတာယူနစ်ခ တိုးကောက်ခွင့်ပြုမှသာ ၎င်းငွေကို ပေးနိုင်မည် ဖြစ်ကြောင်းနှင့် အကယ်၍မလုပ်ဆောင် ပေးပါကငွေကို အစိုးရအနေဖြင့် ရလိမ့်မည် မဟုတ်ဘဲ ထောင်သာ အကျခံမည်ဟု ဆိုခဲ့သည်။ ထိုသို ့ပြောဆိုချက်ကြောင့် သတင်းစာ ရှင်းလင်းပွဲသို ့တက်ရောက်လာသည့် ဒေသခံတက်ကြွလှုပ်ရှားသူ အချို့နှင့် ပွဲအတွင်း စကားအချေအတင် ဖြစ်ပွားခဲ့ပြီး ဒေသခံများအကြား ယင်းကုမ္ပဏီနှင့် တိုင်းအစိုးရအဖွဲ့အပေါ် မည်သို ့ပတ်သက်နေသည်ကို မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ အဂတိလိုက်စားမှုများနှင့် GGS ကုမ္ပဏီ၏ လုပ်ငန်းများနှင့်ပတ်သက်၍ အစိုးရ၏ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေးခြင်းစသည့် အချက်များဖြင့် ဒေသခံများကလက်မှတ် ရေးထိုးကာ ၂၀၁၉ ခုနှစ် အစောပိုင်းတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနှင့် NLD ပါတီဗဟိုတို့ထံ တိုင်ကြားခဲ့သည်။ ထိုသို့ တိုင်ကြားမှုအပေါ် ပါတီက စုံစမ်းစစ်ဆေးသကဲ့သို့ သမ္မတ၏ ညွှန်ကြားချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်၏တနင်္သာရီတိုင်း ခရီးစဉ်အတွင်း ဒေသခံများက ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းခရီးစဉ်အပြီး သုံးပတ်ခန့်အကြာ မတ် ၁၀ ရက်တွင်မူ ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ကာ စတင်ဖမ်းဆီးခဲ့သည်။ ထိုသို ့ဖမ်းဆီးပြီးနောက်ပိုင်း GGS ကုမ္ပဏီ၏ လျှပ်စစ်လုပ်ငန်းနှင့် ပတ်သက်၍ အရေးယူမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးနှစ်ဦး အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် ထားဝယ်ခရိုင် လျှပ်စစ်ပြဿနာကို ဖြေရှင်းရန် အဖွဲ့ဝင် ၃၄ ဦးပါကော်မတီကိုဖွဲ့စည်းပြီး GGS ကုမ္ပဏီ၏ ပြဿနာနှင့် ပတ်သက်၍ အဖြေရှာခဲ့ကြသည်ဟု သိရသည်။ ပြီးခဲ့သည့် မေ ၁၅ ရက်က ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲတွင် အဆိုပါ ကော်မတီ က္ကဋ္ဌ ဖြစ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာ၌ နိုင်ငံတော် အစိုးရသို့ သဘာဝဓာတ်ငွေ့ဖိုး အကြွေး ကျပ်ကိုးဘီလျံကျော် ပေးသွင်းရန် ကျန်နေသည့် GGS ကုမ္ပဏီအား လက်ရှိလုပ်ကိုင်နေသည့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်/ဖြန့်ဖြူး ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ကုန်အထိ ယာယီလုပ်ကိုင်ခွင့်ဆက်လက် ခွင့်ပြုပေးခဲ့ပြီး ယခုမေမှစ၍ မီတာခတစ်ယူနစ်လျှင် ကျပ်၂၀၀ မှ ၂၅၀ သို့ လည်းကောင်း၊ လမ်းမီးခကို မီတာတစ်လုံးလျှင် ကျပ် ၁၀၀ မှ  ၄၀၀ သို့ လည်းကောင်း တိုးမြှင့်ကောက်ခံခွင့် ပြုခဲ့ကြောင်း ဖြေကြားရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက တွေ့ဆုံပွဲ၌ရှင်းလင်းရာတွင် GGS ကုမ္ပဏီမှာ  လျှပ်စစ်ထုတ်လုပ်ရန် တင်ဒါအောင်ခဲ့စဉ် က လျှပ်စစ်ထုတ်လုပ်စရိတ်ကို တစ်ယူနစ် လျှင် ကျပ် ၁၂၀-၁၃၀ ဖြင့် တင်ဒါအောင်ခဲ့ပြီး ထိုစဉ်က ဂက်စ်စျေးနှုန်းကို G to G စျေးနှုန်းဖြစ်သည့် ဂက်စ် 1mmbtu လျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဒေါ်လာဖြင့် တွက်ချက်၍ တင်ဒါဆွဲခဲ့ကာ တင်ဒါအောင်ပြီးသည့် အချိန်တွင် ဂက်စ်စျေးနှင့် ဒေါ်လာစျေးများ တက်လာသဖြင့် ကုမ္ပဏီမှာ အရှုံးပေါ်ခဲ့ပြီး အကြွေးများတင်ခြင်းနှင့် အခွန်များ မသွင်း နိုင်ဖြစ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့်ဝန်ကြီး ဖြစ်လာပြီးနောက် ဝန်ကြီးချုပ်က အဖွဲ့ဝင် ၃၄ ဦးပါဝင်သည့် ထားဝယ်ခရိုင်လျှပ်စစ် ဓာတ် အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းစေ၍ ယင်းပြဿနာကို ဖြေရှင်းရန် တာဝန်ပေးခဲ့သောကြောင့် အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ချက်များကို တိုင်းအစိုးရအဖွဲ့ Cabinet အစည်းအဝေးသို့ တင်ပြရာ တိုင်းအစိုးရအဖွဲ့က ယင်းသို့ အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ပြင် ဝန်ကြီးက GGS ကုမ္ပဏီအားယင်းသို့ လုပ်ကိုင်ခွင့် ပြုခြင်းမှာ ထားဝယ်ဒေသ၌ မီးပြတ်၍ အမှောင်ကျမည်ကို စိုးရိမ်သောကြောင့် လက်ရှိ အဆင်သင့်ဖြစ်နေသည့် GGS ကို ယာယီ ဆက်လက် လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း၊ တိုင်းအစိုးရအဖွဲ့နှင့် ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်လေးခု၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများတွင် ပြောကြားခဲ့သောကြောင့် ဒေသခံများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ထိုသို့ ဝန်ကြီး၏ ပြောကြားချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် မေ ၁၈ ရက်က ထားဝယ်မြို့ရှိ ဆိပ်ကမ်းသာ-၂ မင်္ဂလာခန်းမ၌ကျင်းပခဲ့သည့် ဒေသတွင်း လျှပ်စစ်ပြဿနာဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့်လျှပ်စစ်ကျွမ်းကျင် ပညာရှင်များ၊ လျှပ်စစ်အရေးတက်ကြွ လှုပ်ရှားသူများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများက ဒေသတွင်း လျှပ်စစ်အရေး လှုပ်ရှားသူများအဖွဲ့ (ထားဝယ်ခရိုင်) ကို ဖွဲ့စည်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ အစိုးရက ထောက်ပံ့သည့် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် အခြေခံယူနစ် ၂၀ ရရှိရန် တိုင်းလုံးကျွတ် လူထုတောင်းဆိုပွဲ ပြုလုပ်သွားမည့်အပြင် GGS ကုမ္ပဏီအား တစ်ယူနစ် ၂၅၀ ကျပ်ဖြင့် ဆက်လက်လုပ်ခွင့်ပြုမှုကိုလည်း ကန့်ကွက်ပြီး ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ယင်းသို ့ဒေသတွင်း လျှပ်စစ်အရေး လှုပ်ရှားသူများအဖွဲ့ (ထားဝယ်ခရိုင်)က ဆုံးဖြတ်ခဲ့ပြီးနောက် မေ ၂၁ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ၎င်းဦးဆောင်သော အဖွဲ့ဝင် ၃၄ ဦးပါဝင်သည့် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် သုံးနာရီကျော်ကြာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲအတွင်း ၃၄ ဦးကော်မတီဘက်က GGS အား အရေးယူပါက အစိုးရက လျှပ်စစ်ဆက်လက် ပေးဝေရန် အဆင်သင့်မရှိခြင်း၊ အစိုးရ၌ ရှစ်မဂ္ဂါဝပ် ဒီဇယ်ဓာတ်အားပေးစက်များ ရှိသော်လည်း ထားဝယ်ခရိုင် တစ်ခုလုံးသို့ လျှပ်စစ်မပေးနိုင်ခြင်းနှင့် ယင်းဒီဇယ် ဓာတ်အားပေးစက်များ လည်ပတ်ရန်အစိုးရ၌ ဆီမရှိခြင်း၊ GGS ၏လုပ်ငန်းနှစ်ခုစလုံး အားအစိုးရက တာဝန်ယူပါက ကံပေါက်ရှိ GGS ကငှားရမ်းထားသော Aggreko မီးစက်များကို လည်ပတ်စေနိုင်သော်လည်း GGS ကုမ္ပဏီ၏ စာရင်းဇယား မမှန်ကန် ပါက ဖြန့်ဖြူးရေးလုပ်ငန်းတွင် ပြဿနာရှိ ခြင်း၊ အစိုးရက တာဝန်ယူလုပ်ကိုင်၍ အရှုံးပေါ်ပါက စိုက်ထုတ်သုံးစွဲရန်ငွေ အစိုးရ၌ မရှိသည့်အပြင် မီတာခ ကောက်ခံရငွေအတွက် ထားရှိရန် အစိုးရ၌ ငွေစာရင်းခေါင်းစဉ် ပြဿနာရှိခြင်း၊ GGS ဘက်က မီတာခတိုးကောက်ရန် စာတင်လာသည့်အပြင် စာချုပ်ပါ အချက်အရ  ၁၀ မဂ္ဂါဝပ်သာ ထုတ်ပေးနိုင်မည်ဟု ဆိုလာခြင်းနှင့် တစ်လပြီး တစ်လ Gas ဖိုးငွေမဆပ်နိုင်ခြင်း၊ ကုမ္ပဏီနှင့် စာချုပ်သေချာစွာ မချုပ်ထားသည့် ပြဿနာရှိပြီး GGS နှင့် စာချုပ်သက်တမ်း သုံးနှစ်ကျော် ကျန်နေပြီး တင်ဒါပြန်ခေါ်ချိန် မီးမပြတ်ရန် GGS သာ အဆင်သင့်ရှိသောကြောင့် အဘက်ဘက်မှ အဆင်ပြေစေရန် မီတာခနှုန်း အသစ်ဖြင့် GGS ကိုကာလတိုအတွက် ၃၄ ဦးကော်မတီ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ကော်မတီက ရှင်းလင်းခဲ့သည်။ 

၎င်းအပြင် ဒေသခံများအနေဖြင့် GGS ကုမ္ပဏီကို တစ်ယူနစ်ကျပ် ၂၅၀ ဖြင့်ဆက်လက် လုပ်ကိုင်ရန် အစိုးရနှင့် ကုမ္ပဏီတို့ သဘောတူဆုံးဖြတ်ထားချက်ကို ကန့်ကွက်ကြောင်းနှင့် GGS အနေဖြင့် မူလစာချုပ်အတိုင်း ၂၀၀ ကျပ်ဖြင့် ဆက်လုပ်မည်ဆိုလျှင် မည်သို့မျှ မပြောလိုကြောင်း၊ တနင်္သာရီတိုင်းအတွက် နိုင်ငံတော်အစိုးရက ဂက်စ်ကို အခမဲ့သုံးစွဲခွင့်၊ ခွဲဝေခွင့်ပြုပေးရန် တစ်တိုင်းလုံး လှုပ်ရှားမှုကို စတင်လှုပ်ရှားမည် ဖြစ်သည့်အတွက် ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများဘက်က ရပ်တည်ပါဝင် ပေးစေလိုကြောင်း၊ စျေးကြီးကြီး ပေးငှားနေရသည့် ဂက်စ်အင်ဂျင်များ နေရာတွင် အစားထိုးရန် နိုင်ငံတော်မှ ဂက်စ်အင်ဂျင်များ ဝယ်ယူပေးနိုင်သည့်ဘတ်ဂျက် ထည့်သွင်းရေးဆွဲပေးရန်၊ လျှပ်စစ်လုပ်ငန်းကို အစိုးရဌာနကပင် ပြန်လည်တာဝန်ယူ လုပ်ဆောင်ပေးရန်၊ အစိုးရက ဖွဲ့စည်းထားသော ကော်မတီတွင် အမှန်တကယ် လူမှုအဖွဲ့အစည်း (CSO) များကို ကိုယ်စားပြုသူများကို ထည့်သွင်းပေးရန်နှင့် လျှပ်စစ်ကိစ္စကို ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် စသည့်အချက်ငါးချက် တောင်းဆိုခဲ့သည်။

လက်ရှိအနေအထားအရ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် GGS ကုမ္ပဏီက ကံပေါက်ဒေသတွင် Aggreko ကုမ္ပဏီထံမှ ဂက်စ်အင်ဂျင်များ ငှားရမ်းလည်ပတ်၍ တစ်ရက်လျှင် ၁၄ မဂ္ဂါဝပ်ကျော် ထုတ်လုပ်ကာ ကံပေါက်ဒေသမှ ၆၆ ကေဗွီ ဓာတ်အားလိုင်းဖြင့် ထားဝယ်သို့ ပို့လွှတ်၍ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်လေးခုမှ မီတာအလုံးရေ ၆၀၀၀၀ ခန့်ကို ပေးဝေနေသည်။ ယင်းအတွက် Aggreko ကုမ္ပဏီ၏ စက်ငှားရမ်းခမှ လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်စရိတ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဆင့် (မြန်မာငွေ ၈၀ ကျပ်ခန် ့) ကျသင့်နေကြောင်း သိရသည်။

ကံပေါက်ရှိ ဂက်စ်အင်ဂျင်များလည် ပတ်ရန်လိုအပ်သော Gas အတွက် MOGE ထံမှ တစ်နေ့လျှင် Gas ယူနစ် နှစ်သန်း ဝယ်ယူခွင့်ရပြီး Gas စျေးနှုန်းမှာ G to P စျေးဖြင့် Gas 1mmbtu လျှင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဒေါ်လာကျသင့်ကာ လက်ရှိတွင် G to G စျေးဖြင့်ဝယ်ယူခွင့်ပြုရန် မေ ၂ ရက် က MOGE နှင့် တိုင်းအစိုးရအဖွဲ့တို့ စာချုပ်ချုပ်ဆိုထားခဲ့သဖြင့် Gas 1mmbtu လျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဒေါ်လာသာ ကျသင့်တော့မည်ဟု သိရသည်။

GGS ကုမ္ပဏီအနေဖြင့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် စတင်လုပ်ကိုင်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ MOGE ထံပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အမေရိကန်ဒေါ်လာ ၉၀၈၅၉၁၀ ဒသမ ၈၄ ဒေါ်လာ (မြန်မာငွေ ကျပ် ၁၂ ဘီလျံကျော် ၁၂၈၄၇၈၄၂၉၅ ဒသမ ၅၀)ရှိပြီး လက်ရှိတွင်ကုမ္ပဏီဘက်က ကျပ်ငါးဘီလျံ ပေးသွင်းထားပြီးဖြစ်ကာ ကျန်ရှိသည့် ငွေများအား လေးရစ်ခွဲ၍ ယခုနှစ် အောက်တိုဘာတွင် အပြီးသတ် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် GGS ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအတွက် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ် ၂၅၃၂ သိန်းကို ပြည်တွင်းအခွန်ဌာနထံ ပေးဆောင်ရန် ကျန်ရှိနေပြီး ယင်းအတွက် ကုမ္ပဏီဘက်က အရစ်ကျပေးဆပ်မည်ဟု ဆိုထားကြောင်း သိရသည်။ ကုမ္ပဏီတစ်ခု အနေဖြင့် အခွန်အကြွေးကျန် ရှိနေပါက လုပ်ငန်းများ ထပ်မံလုပ်ကိုင်၍ မရသလို စာချုပ်များ ထပ်မံချုပ်ဆို၍ မရနိုင်ကြောင်း သိရသည်။

GGS ကုမ္ပဏီအား အရေးယူမည်ဆိုပါက ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ယခင်ချုပ်ဆိုထားသည့် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူ စာချုပ်အရ လုပ်ဆောင်ရမည့် အပေါ်တွင် အမှားအယွင်း အတိမ်းစောင်း ရှိ၊ မရှိ စစ်ဆေးရမည်ဖြစ်ပြီး စာချုပ်ချိုးဖောက်မှုများ ရှိပါက ဥပဒေကြောင်းအရသာ သွားရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် တနသာင်္ရီတိုင်းဒေသကြီး အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး ဥပဒေပုဒ်မ- ၈ တွင် အစိုးရအဖွဲ့သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ခွင့်ကို အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် ရုပ်သိမ်းနိုင်သည်ဟု ဖော်ပြထားပြီး ပုဒ်မ-၈(ခ)တွင် လုပ်ကိုင်ခွင့်ပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းဟု ဖော်ပြထားသဖြင့် ယင်းပုဒ်မပါ အချက်အရ ချုပ်ဆိုထားသည့် စာချုပ်တွင် မည်သည့်စည်းကမ်းချက်များ ထည့်သွင်းချုပ်ဆို ထားသည်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ သိသာထင်ရှားသည့် အချက်မှာ စာချုပ်အတွင်း ကုမ္ပဏီအနေဖြင့် ဂက်စ်ဖိုးငွေနှင့် ကျသင့်ငွေ အခွန်အခများကို လစဉ်ပုံမှန်ပေးသွင်းရမည်ဟု ပါဝင်ပြီး လက်ရှိ အခြေအနေအရ ကုမ္ပဏီက ဂက်စ်ဖိုးငွေ မပေးသွင်းမှုကြောင့် အကြွေးကျန်ကိစ္စများ ဖြစ်လာကာ အခွန်အခများ ပုံမှန်မပေးသွင်းသောကြောင့် စာချုပ်ပါ စည်းကမ်းချက်ကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ဆိုသည်။

“ဆိုတော့ သူ့ သက်ဆိုင်ရာကုမ္ပဏီကတာဝန်ရှိသူတွေလည်းအချုပ်နဲ့ အမှုရင် ဆိုင်နေရတယ်။ အမှုရင်ဆိုင်ရတာကလည်း အဂတိကနေစွဲတဲ့အမှု ဖြစ်တယ်။အကြောင်း ကြောင်းထောက်ကြည့်တော့ ဒီလိုဖြစ်နေတယ်။ ပြီးတော့မြေပြင်မှာ ဆောင်ရွက်မှု အခြေအနေ အနေအထားကလည်း စွမ်း ဆောင်ရည် ပြည့်ဝမှုမရှိဘူး။ ဝန်ဆောင်မှု ပေးတာလည်း ပြည်သူရဲ့ ပြောကြားချက်အရ လက်ခံနိုင်တဲ့ အနေအထားတွေ မရှိဘူး။ စာချုပ်မှာပါတဲ့ စည်းကမ်းချက်တွေ ချိုးဖောက် တယ်ဆိုတော့ လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပေါ့။ ကျွန်တော်က အဲဒီလိုဖြစ်စေချင်တယ်။ ဒါဥပဒေကြောင်းအရ ကျွန်တော်တို ့စဉ်းစားရမှာ ဒီတစ်ခုပဲ။ ရုပ်သိမ်းလိုက်တဲ့ အချိန် ဘာဖြစ်မယ်။ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းက အစိုးရကိုယ်စား ဝင်လုပ်ပေးရမယ်။ ဖြန့်ဖြူးတာကို တင်ဒါခေါ်ပြီး လုပ်ခိုင်းထားလို့ရတယ်။ ထုတ်လုပ်/ ဖြန့်ဖြူး နှစ်ခုစလုံး လုပ်ရကိုင်ရခက်နေရင် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ရှိတယ်။ ဒါနဲ့ ချိတ်ဆက်ပြီးတော့ အခက်အခဲကို တိုင်ပင်ပြီး သွားလိုက်မယ်။ ဒီလိုသွားလိုက်ရင် G to G ဆိုတာသွားပါမယ်။ G to G ဆိုတာကို ဓာတ်ငွေ့ဝယ်တဲ့ နေရာမှာပဲ G to G၊ ပြီးတော့ကျန်တဲ့ငွေ ကြေးကောက်ခံမှု အကျိုးအမြတ် အစိုးရက ရှယ်ယာ ဘယ်လောက်၊ လုပ်ငန်းရှင်က ဘယ်လောက်ဆိုပြီး PPP (Public Private Partnership -အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု) ပုံစံမျိုး ဆောင်ရွက်နေတယ်ဆိုရင် G to G ဆို ပြောလို့ရတယ်။ အခုက ဓာတ်ငွေ့ဝယ်ရုံလောက်ပဲ၊ အကြွေးတောင်း အကြွေးဆပ် လုပ်ပေးရုံပဲ တာဝန်ခံသလိုမျိုး ဖြစ်နေတယ်” ဟု ဦးကြည်စိုးက ပြောကြားသည်။

“လက်ကိုပေနေမှန်းသိရင် အရင်ဦးဆုံး ဆေးပစ်လိုက်။ ဆေးပစ်လိုက်ပြီးမှ နောက်တစ်ခု ကိုင်တာကောင်းတယ်။ မူလစာချုပ်မှာရှိတဲ့ဟာကြီး ရှင်းပစ်လိုက်။ အဲဒီအချိန် မှာယာယီကိုင်ထား။ ကိုင်ထားပြီးအချိန်မှာတင်ဒါခေါ်ဖို ့တည်ဆောက်။ တင်ဒါခေါ်တဲ့ အရေးပေါ်ကာလမှာစီစဉ်ဖို့အတွက် မီးသေ မှာကြောက်ဖို ့ဟာမျိုးလုံးဝမသေစေရဘူး။ (မီး) မသေအောင်လုပ်ခိုင်းလို့ ရတယ်။ (အစိုးရ) အာဏာနဲ့။ ပြည်သူတွေကြားထဲက အကြံကောင်းဉာဏ်ကောင်း ပေးတဲ့သူတွေ ရှိတယ်။ ကူညီပေးမယ့် လူတွေရှိတယ်။ ဒါတွေနဲ့ ၀ိုင်းပြီးဖေးမသွားလို့ရတယ်။ တော်တော်လေး ကမောက်ကမနိုင်မယ့် အနေအထားရှိတယ်။ ဒါပေမဲ့ အမှန်အတိုင်း လျှောက်လှမ်းပြီးသွားတဲ့အချိန်မှာ ဖြစ်ကို ဖြစ်နိုင်တယ်။ လျှောက်ကိုလျှောက်ရမယ်။ အဲဒီလမ်းကိုမသွားဘဲနဲ ့အရင်တုန်းက အတိုင်းသာ လုပ်လိုက်မယ်ဆိုရင် အခုလိုမျိုး ဖြစ်မယ်” ဟု ဦးကြည်စိုးက ဆိုသည်။

အကယ်၍ အစိုးရအနေဖြင့် GGS ကုမ္ပဏီနှင့် စာချုပ်အသစ်ချုပ်ဆိုမည် ဆိုပါ က စာချုပ်အဟောင်းကို ပယ်ဖျက်ကြောင်း စာထုတ်ရမည်ဖြစ်ပြီး မီတာခနှုန်းထား အသစ် သတ်မှတ်မှုနှင့် စည်းကမ်းချက်များ စသည့်အချက်များကို ကော်မတီနှင့်ဆွေးနွေး၍ ပါသင့်ပါထိုက်သည့် အချက်များကို ထည့်ရမည် ဖြစ်ကြောင်း၊ စာချုပ်အတွင်း မည်သည့်အချက်များ ထည့်သွင်းချုပ်ဆိုထားကြောင်း ပြည်သူများကို တင်ပြရှင်းလင်း၍ အကြံဉာဏ်ရယူကာ ထိုသို့လုပ်ဆောင်ပြီးမှသာ အစိုးရက မီတာခနှုန်းထား အသစ်ဖြင့် ကောက်ခံမည်ကို ကြေညာသင့်ပြီး ယခုကဲ့သို့ အစိုးရနှင့် စာချုပ်အသစ် ချုပ်ဆိုရခြင်း မရှိသေးသည့်အပြင် အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုသေးဘဲ ကုမ္ပဏီက မီတာခ တိုးကောက်ရန် ကြေညာခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ယင်းသို ့ကြေညာခြင်းကို လက်မခံကြောင်း ၃၄ ဦးကော်မတီတွင် ပါဝင်သည့် ဦးကြည်စိုးက ဆိုသည်။

GGS ကုမ္ပဏီနှင့်တိုင်းအစိုးရအကြား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်ကချုပ်ဆိုထားသော လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းစာချုပ် အပိုဒ် ၁၀ တွင်ဖော်ပြထားချက်များအရ လုပ်ကိုင်ခွင့်ရသူသည် သဘောတူစာချုပ်ပါ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် နိုင်ခြင်းမရှိတော့ခြင်း၊ စာချုပ်စည်းကမ်းများ ချိုးဖောက်ခြင်း၊ မလွန်ဆန်နိုင်သောဖြစ်ရပ် များ ဖြစ်ပေါ်မှုသည် ခြောက်လထက် ကျော်လွန်၍ ဖြစ်ပေါ်နေခြင်း စသည့်အကြောင်း အချက်များ ဖြစ်ပေါ်ပါက သက်တမ်းမစေ့မီ စာချုပ်ရပ်စဲပါကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယင်းစာချုပ်အပိုဒ် ၁၂ ၌ စာချုပ်သက်တမ်း မကုန်ဆုံးမီ ရပ်စဲပါက စာချုပ်ရပ်စဲသည့်ဘက်မှ စာချုပ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ရပ်စဲခံရသူဘက်သို ့စာချုပ်ရပ်စဲပြီး တစ်လအတွင်း ပေးချေရမည်ဖြစ်ပြီး အပိုဒ်ခွဲ ၁၂-၂ ၌လုပ်ကိုင်ခွင့်ရသူမှ ရပ်စဲပြီးနောက် လုပ်ကိုင်ခွင့်ပြုသူသို့ ငွေစာရင်းများ ရှင်းလင်းပြီးပြတ်ခြင်းအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက စက်ယန္တရားများကို တည်ဆောက်ထားသည့် နေရာမှ မပြောင်းရွှေ့ရန် လုပ်ကိုင်ခွင့်ပြုသူက တားမြစ်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ယင်းအချက်အရ GGS ကုမ္ပဏီအား စာချုပ်စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူပြီး လက်ရှိစာချုပ်ကို အစိုးရဘက်မှ ရပ်စဲပါကလည်း ကံပေါက်ဒေသ၌ လျှပ်စစ်ထုတ်လုပ်ရန် GGS ကုမ္ပဏီက ငှားရမ်းထားသည့် Aggreko ကုမ္ပဏီပိုင် မီးစက်များကို မရွှေ့ပြောင်းစေရန် တားမြစ်နိုင်ပြီး လျှပ်စစ်     ဆက်လက် ထုတ်လုပ်ပေးရန် အစိုးရက လုပ်ဆောင်နိုင်သည့် အခြေအနေ ရှိနေသည်။

“မီတာခတိုးတာကို အစိုးရက စာချုပ်အသစ်ချုပ်ပြီး တရားဝင်ထုတ်ပြန်ပေးရတယ်။ ထုတ်ပြန်တဲ့ရက် အရှေ့ပိုင်းက မူလစျေး၊ နောက်မှထုတ်ပြန်စျေးပါ။ ဒါကအရင် GGS မတိုင်ခင်ဖြန့်ဖြူးရေးလုပ်တဲ့ PTC ကနေ DDPC ပြောင်းတုန်းကလည်း ဒီလိုပဲ ဆောင်ရတယ်။ စျေးတိုးရင် တစ်လအနည်းဆုံး ကြိုတင်သတိပေးရပါတယ်။ အခု GGS ကုမ္ပဏီကို စာချုပ်အတိုင်း တာဝန်ခံပေးစေမယ်ဆိုရင် စာချုပ်ပါအတိုင်း စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ ပေးရမယ်။ သူမပေးနိုင်ရင် အစိုးရကိုအပ်ရမယ်။ အပ်မယ်ဆိုလည်း တစ်လကြိုတင် ပြောရမယ်။ အခုမီတာခ တိုးမယ်ဆိုပြီး GGS က ကြေညာတော့ ဒေသခံတွေ မကျေနပ်မှု ပိုများလာမယ်။ တရားဝင်စာနဲ့ ပြည်ထောင်စုအဆင့် တင်ပြတာ ဆန္ဒထုတ်ဖော်တာအပြင် ဒေသအတွင်း အစိုးရကို မကျေနပ်မှု များလာပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်” ဟု ထားဝယ်ခရိုင် လျှပ်စစ်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ကိုမင်းအောင်သူက ဆိုသည်။

လက်ရှိ GGS ကုမ္ပဏီက ထုတ်လုပ်သည့် လျှပ်စစ်ကို ထားဝယ်ခရိုင်အတွင်း ဖြန့်ဖြူးရေးလုပ်ကိုင်ရန် DDPC ကုမ္ပဏီနှင့် တိုင်းအစိုးရကြား ၂၀၁၇ ခုနှစ် ဇွန်လကုန်ပိုင်းက ချုပ်ဆိုထားသည့် ခြောက်လသက် တမ်းရှိစာချုပ်၏ အပိုဒ် ၅-၁၆ တွင် လုပ်ကိုင်ခွင့်ရသူသည် လုပ်ငန်းလည်ပတ် ကောင်းမွန်သည့် အချိန်ကာလတွင် ယူနစ်စျေးနှုန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ကျပ် (၂၁၀-၁၉၀) အတွင်း လျှော့ချပေးရမည်ဟု သတ်မှတ်ထားသည့်အပြင် အပိုဒ် ၉-၃ တွင်လည်း လုပ်ကိုင်ခွင့်ရသူသည် လိုင်းပေါ်တင် တစ်ယူနစ် နှုန်းထားငွေကျပ် ၁၃၀ နှုန်းဖြင့်ရယူ၍ ဖြန့်ဖြူးမှု ဓာတ်အားခ တစ်ယူနစ်လျှင် ငွေကျပ် ၁၉၀ ထက်မနည်း ငွေကျပ် ၂၁၀ ထက်မများသော နှုန်းထားဖြင့် ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်လေးမြိ့့နယ် နှင့် မြို့နှစ်မြို့သို ့ဖြန့်ဖြူးပေးရမည်ဟု ပါဝင်သည်။

“DDPC နဲ့ တိုင်းအစိုးရတို့ ချုပ်ခဲ့တဲ့ လျှပ်စစ်ဖြန့်ဖြူးရေး စာချုပ်ကိုကြည့်ပြီး ပြောရမယ်ဆိုရင် ၂၀၁၇ နိုဝင်ဘာ ၂၁ မှာ DDPC က စာချုပ်သက်တမ်းတိုးခြင်း တင်ပြမှုကို အစိုးရက လက်မခံဘဲ တင်ဒါခေါ်မယ်လို့ပြောပြီး တိုင်းအစိုးရက ၂၀၁၈ ဇန်နဝါရီ ၃ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ တင်ဒါခေါ်ခဲ့ပေမယ့်လည်း တင်ဒါကိုဖွင့်ခြင်း မပြုဘဲ ဒီဖြန့်ဖြူးရေး လုပ်ငန်းကို DDPC ဆီကနေ GGS ကို အဲဒီနှစ်လပိုင်းထဲမှပဲ လွှဲပြောင်းပေးခဲ့တယ်။ ၂၀၁၈ ၄ လပိုင်း ၁၈ ရက်မှာ တိုင်းအစိုးရက ခေါ်ယူထားတဲ့ တင်ဒါကို ပယ်ဖျက်ပြီး GGS ကိုယာယီလုပ်ပိုင်ခွင့်ပေးခဲ့တယ်။ DDPC ဆီကနေ GGS ကိုလွှဲပြောင်းပေးပြီး တင်ဒါခေါ်ယူသော်လည်း ပြန်လည်ဖျက်သိမ်းခြင်း၊ စာချုပ်အသစ် မချုပ်ဆိုခြင်းတို့ကြောင့် တိုင်းအစိုးရနဲ့ DDPC အကြား ချုပ်ဆိုထားတဲ့ လျှပ်စစ် ဖြန့်ဖြူးရေးစာချုပ်သည် အခုအထိ အသက်ဝင်နေဆဲပဲလို့ ယူဆမိတယ်” ဟု ကိုမင်းအောင်သူက ဆိုသည်။

လက်ရှိတွင် ၂၀၁၈ ခုနှစ် မတ်မှစ၍ လက်ရှိအချိန်အထိ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအား ယာယီလုပ်ကိုင်နေသည့် GGS ကုမ္ပဏီအနေဖြင့် DDPC နှင့်တိုင်းအစိုးရအကြား ချုပ်ဆိုထားသည့် လျှပ်စစ်ဖြန့်ဖြူးရေး စာချုပ်ပါ အချက်များကို လိုက်နာလုပ်ဆောင်သင့်ပြီး လျှပ်စစ်ယူနစ်စျေး ၂၀၀ (သို့မဟုတ်) ၂၁၀ ကျပ်ထက်ပို၍ လုံးဝမသတ်မှတ်သင့်ကြောင်း၊ GGS ကုမ္ပဏီက အရှုံးပြထားနေမှာ ထုတ်လုပ်ရေး အပိုင်းတွင် ဖြစ်နိုင်ပြီး လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်ပါ အချက်အရ လိုင်းပေါ်တင်စျေး တစ်ယူနစ် ၁၃၀ ကျပ်နှင့် ဖြန့်ချိစရိတ် ၇၀ ကျပ် ပေါင်း ၂၀၀ ကျပ်ဖြစ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် လျှပ်စစ်ထုတ်လုပ်နေသည့် ကုမ္ပဏီနှင့် ဖြန့်ဖြူးနေသည့်ကုမ္ပဏီမှာ တူသော်လည်း စာချုပ်အရ သီးခြားစီဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်၍ လိုင်းတင်စျေးမှာစာချုပ်ပါအတိုင်း ၁၃၀ ကျပ်သာဖြစ်ကာ ကုမ္ပဏီအနေဖြင့် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းအတွက် တင်ဒါမပြိုင်မီက သေချာစွာ မတွက်ချက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရှုံးပေါ်ခြင်းမှာ လျှပ်စစ်သုံးစွဲသူ ပြည်သူများနှင့် မသက်ဆိုင်သဖြင့် မီတာယူနစ်ခ တိုးကောက်ခြင်းမှာ မဖြစ်သင့်သည့် လုပ်ဆောင်မှုဖြစ်ကြောင်း ၎င်းကဆိုသည်။

“၂၅၀ ကောက်မယ်ဆိုတဲ့ကိစ္စမှာ အကျပ်အတည်း ဖြစ်နေတဲ့ ကာလဖြစ်နေလို့ တာဝန်ရှိသူတွေက သင့်တော်တဲ့ နည်းလမ်း တစ်ခုကို ရွေးချယ်လိုက်တယ်လို့ပဲမြင်တယ်။ ဒါပေမဲ့ သတိပြုသင့်တဲ့ အချက် သုံးချက်ရှိ တယ်။ (၁)  ဒီလိုတိုးမကောက်ခင် ကော်မတီ နဲ့ ကတိပြုထားတဲ့အတိုင်း မေလအတွက် ဂက်စ်ဖိုးစဘော်ငွေ ရ-မရ၊ အခြားကတိပြု ထားတာတွေ လိုက်နာနိုင်ဖွယ် ရှိ-မရှိ၊ ကတိ ထပ်ဖျက်ရင်ဘာလုပ်မလဲ။ ဒါတွေကိုလမကုန် ခင်ကြေညာပေးဖို့ လိုမယ်ထင်တယ်။ (၂)  ၂၀၁၉ ဖေဖော်ဝါရီအထိ ဂက်စ်ဖိုး အကြွေးကျန်ကို အရစ်ကျဆပ်ဖို့ သဘောတူညီမှုရပြီလို့ သိရတယ်။ဒါပေမဲ့ အခုကြားကာလဖြစ်တဲ့ မတ်နဲ့ ဧပြီအတွက် ဂက်စ်ဖိုး ရပြီလား၊ မရ သေးဘူးလား၊ ဘယ်လိုစီမံထားလဲ ကြေညာပေးဖို့ လိုမယ်ထင်တယ်။ (၃) တာဝန်ရှိသူတွေ ပြောနေတဲ့ Black Out ဖြစ်မှာကို မစိုးရိမ်စေချင်ဘူး။ မီးကို ပိတ်ချင်တိုင်း ပိတ်ပစ်လို့ရအောင် မင်းမဲ့တိုင်းပြည် မဟုတ်ဘူး။ ဒီလိုစိုးရိမ်နေလေ နောက်လည်း ခဏခဏ ခြိမ်းခြောက်လေ ထပ်လုပ်လာမှာ စိုးလို့ပါ” ဟု လျှပ်စစ်ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဒေါက်တာဝင်းထိန်က သုံးသပ်သည်။

ထားဝယ်ခရိုင် လျှပ်စစ်အရေး လှုပ်ရှားသူများနှင့် ၃၄ ဦးကော်မတီတို့ တွေ့ဆုံပွဲအတွင်း GGS နှင့် တိုင်းအစိုးရတို့ လက်ရှိ စာချုပ်အသစ် ချုပ်ဆိုမည့် မူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို တင်ပြမည်ဖြစ်ပြီး  ယင်းရုံး၏အကြံပြုချက်နှင့်အညီ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် GGS နှင့် တိုင်းအစိုးရတို့၏ လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ မတင်ခဲ့ သည့်အပြင် အကြံဉာဏ် တရားဝင် မတောင်းခဲ့သည့်အတွက် ၎င်းတို့ဌာန၏ အကြံဉာဏ် မပါဝင်ကြောင်း၊ လက်ရှိ အသစ်ချုပ်ဆိုမည့် စာချုပ်တွင် ကုမ္ပဏီက စည်းကမ်းချက်တစ်ခုခုကို ဖောက်ဖျက်ပါက ချက်ချင်းစာချုပ် ရပ်နားမည်ဖြစ်ပြီး ယခင်စာချုပ်တွက် ယင်းသို့ အချက်မပါဝင်ခဲ့သောကြောင့် အားနည်းချက်များ ဖြစ်ခဲ့ရကြောင်း တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ဆိုခဲ့သည်။

ထို့ပြင် GGS ကုမ္ပဏီနှင့် တိုင်းအစိုးရအကြား ယခင်စာချုပ် ချုပ်ဆိုစဉ်က စာချုပ်မူကြမ်းကိုသာ ၎င်းအနေဖြင့် ဖတ်ရှုခဲ့ရပြီး စာချုပ်ချုပ်ဆိုသည်ကို ၎င်းအနေဖြင့် မသိရှိခဲ့ကြောင်းနှင့် DDPC ထံမှ GGS က ဂက်စ်ဝယ်ယူမှု အတွက်လည်း စာချုပ်မရှိသည့်အတွက် အားနည်းချက်ဖြစ်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေအရ ၎င်း GGS ကုမ္ပဏီ တာဝန်ရှိသူများမှာ အဂတိအမှုဖြင့် တရားရင်ဆိုင် နေရသော်လည်း ကုမ္ပဏီမှာ ဥပဒေအရ ရပ်တည်နေဆဲဖြစ်သည်ဟု ဦးစိုးမြင့်က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့တော့ လျှပ်စစ်မီး လှုပ်ရှားမှုအဖွဲ့ရဲ့ ရပ်တည်ချက် အတိုင်းပါဘဲ။ လုံးဝကန့်ကွက်ပါတယ်။ ၃၄ ဦးအဖွဲ့နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ကျွန်တော့်အနေနဲ့  နားလည်လိုက်တာ တစ်ခုရှိတယ်။ ဒါက တစ်ယောက်တည်းရဲ့ အမြင်ပေါ့။ ၂၅၀ ကျပ် ၂၀၀ ကျပ်ဆိုတဲ့ စျေးနှုန်းက အဓိက မဟုတ်တော့ဘဲ အဓိက က No GGS ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ အစိုးရ တာဝန်ရှိသူနဲ့ GGS တို့ဟာ အရှေ့မှာ စာချုပ်ကမောက်ကမ ဖြစ်ထားတာကို သိနေကြလျက်သားနဲ့ ဒီစာချုပ်ကြောင့်ပဲ ပြဿနာတက်ခဲ့တယ်။ စာချုပ်ပါ စည်းကမ်းချက်တချို့ကို ကုမ္ပဏီက ချိုးဖောက်ခဲ့တယ်လို့ သူတို့ပါးစပ်က အကြိမ်ကြိမ် ထုတ်ပြောနေကြပြီးမှ ဒီကုမ္ပဏီကို အသက်ပြန်သွင်းနေကြတာဟာ အရမ်းသံသယ ရှိလာကြပြီး ပြည်သူလူထုကို ကျောပွတ်ပြီး စာချုပ်အသစ်တစ်ခုကို ဖန်တီးပြန်ချုပ်လို့ သေဆုံးနေပြီဖြစ်တဲ့ ကျားဆိုးကို အသက်ပြန်သွင်းသလို ဖြစ်နေတယ်။ ဒီလို ဘာဖြစ်လို့ ဖြစ်ရသလဲလို့ ပြန်တွေးတိုင်း သံသယပဲ ပိုကြီးလာပါတယ်” ဟု ဒေသတွင်း လျှပ်စစ်အရေး လှုပ်ရှားသူများအဖွဲ့ (ထားဝယ်ခရိုင်) အဖွဲ့ဝင်ဖြစ်သူ ဦးသန်းဝင်းက ပြောကြားသည်။

လက်ရှိအနေအထားအရ GGS ကုမ္ပဏီက စာချုပ်စည်းကမ်း ဖောက်ဖျက်မှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန်လိုပြီး လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ပတ် သက်၍ အစိုးရက တာဝန်ယူပေးရန် လိုနေကြောင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ပြဿနာမှာ နိုင်ငံတော်မှရရန်ရှိသည့် ဂက်စ်ဖိုးငွေ အကြွေးကြောင့် ဖြစ်ပွားလာရသဖြင့် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေအပေါ် ထိန်းသိမ်းရန် ပြည်ထောင်စုအစိုးရကတာဝန်ရှိ ပြီး ဒေသခံများမီးမပျက်ဘဲ မီတာခယူနစ်ခ သက်သာစေရေး စီစဉ်ပေးရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မီတာခနှင့် လမ်းမီးကြေးကို မေလမှစတင်၍ တိုးကောက်မည်ဟု GGS ကုမ္ပဏီက မေ ၂၃ ရက်က ၎င်းတို့၏ တရားဝင် လူမှုကွန်ရက်တွင် ကြေညာခဲ့ပြီး ယင်းအပေါ် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်နေသည်။

“အဓိက,က ပြည်သူတွေလက်မခံတဲ့ အချက်ပါ။ အဲဒါကိုဆက်လုပ်မယ် ဆိုတာက နည်းလမ်းမမှန်ဘူးပေါ့။ ဘယ်လိုပဲကြည့်ကြည့် လွဲနေတာပဲတွေ့တယ်။ ပြည်သူတွေကတော့ ဆက်မလုပ်ဘဲ အစိုးရကယာယီ ဝင်ကိုင်ပေးတာမျိုး ဖြစ်စေချင်တာ။ မီတာခ တိုးတဲ့ကိစ္စဟာ မီးသုံးစွဲသူတွေအနေနဲ့ လက် မခံတဲ့ကိစ္စဖြစ်တယ်။ ဒါတွေက ပေါက်ထွက် လာနိုင်တယ်လို့ ပြောရမလား။ ဒီလိုပဲပြောမှရမယ” ဟု လျှပ်စစ်အရေး လှုပ်ရှားမှုကွန်ရက် (ထားဝယ်ခရိုင်) အဖွဲ့ဝင်ဖြစ်သူ ကိုဝေဖြိုးက ပြောကြားသည်။

GGS ကုမ္ပဏီ၏ပြဿနာနှင့် ပတ်  သက်၍ကော်မတီက အစည်းအဝေးများ ပြုလုပ်အဖြေရှာပြီး  ကုမ္ပဏီကို ခေါ်ယူဆွေး နွေးရာတွင် ကုမ္ပဏီဘက်က ၎င်းတို ့အရှုံးပေါ်ခဲ့သည့် အကြောင်းရင်းမှာ တင်ဒါဆွဲခဲ့စဉ်က ဂက်စ်စျေးနှုန်းမှာ ဂက်စ် 1mmbtu လျှင် ၇ ဒသမ ၅ ဒေါ်လာသာ ရှိသော်လည်း လက်ရှိတွင် ဂက်စ် 1mmbtu လျှင် ၉ ဒသမ ၃၆ ဒေါ်လာအထိ စျေးနှုန်းဖြစ်နေကြောင်း၊ နောက်တစ်ချက်အဖြစ် လျှပ်စစ်ယူနစ် Losses များမှာ ရာခိုင်နှုန်း ၂၀ ခန့် ဆုံးရှုံးနေရကြောင်း တင်ပြလာပြီး ကော်မတီက စာရင်းများကို စစ်ဆေးခဲ့ကြောင်း၊ ကုမ္ပဏီက လျှပ်စစ်ယူနစ် စျေးနှုန်းတိုးမြှင့်ပေးရန် တင်ပြလာပြီး ကုမ္ပဏီဘက် ဂက်စ်အား G to G စျေးဖြင့်ဝယ်ယူခွင့်ရပါက တစ်ယူနစ် လျှင် ၂၈၀ ကျပ်နှင့် G to P ဖြင့်ဆိုပါက တစ်ယူနစ်လျှင် ၃၅၀ ကျပ်ဖြင့် တောင်းဆို လာခဲ့သောကြောင့် ကော်မတီက လက်မခံခဲ့ကြောင်း၊ ကုမ္ပဏီဘက်က တောင်းဆိုသည့် စျေးနှုန်းကို ဖြစ်သင့်မသင့် ပြည်ထောင်စုအဆင့်သို ့အကူအညီတောင်း၍ တွက်ချက်စေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် အနေဖြင့်လည်း နေပြည်တော်သို ့သွားရောက်ကာ ထားဝယ်ခရိုင် လျှပ်စစ်အတွက် ဂက်စ်ကို G to G  စျေးဖြင့်ဝယ်ယူခွင့်ရရန် တောင်းဆိုသဖြင့် ဧပြီ ၂၃ ရက်တွင် တိုင်းဒေသကြီး

အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ်ကိစ္စ အစည်းအဝေးတွင် ပြည်ထောင်စုလျှပ်စစ်၊ စွမ်းအင် ဒုတိယဝန်ကြီးက ဓာတ်ငွေ့ကို G to G စျေးဖြင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကတိကဝတ် ပေးခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက မေ ၂၁ ရက် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ထို့ပြင် GGS ကုမ္ပဏီမှာ လက်ရှိတွင် (Gas စျေး G to P နှုန်းဖြင့်) တစ်လလျှင် ကျပ်သိန်း ၆၀၀၀ ခန့် အရှုံးပေါ်နေပြီး ၎င်းအားလက်ရှိတွင် မီတာခ တိုးကောက်ခွင့် ပြုလိုက်သော်လည်း ကော်မတီက ခွင့်ပြုခဲ့သော စျေးနှုန်းမှာ ကုမ္ပဏီအတွက် အမြတ်ပေးခြင်း မဟုတ်ဘဲ မရှုံးအောင် 0 line အနေဖြင့် ခွင့်ပြုထားကြောင်း၊ လမ်းမီးခမှာလည်း ယခင်ကကျပ် ၄၀၀ ကောက်ခံမှုကို GGS ကုမ္ပဏီက ၁၀၀ ကျပ်ဖြင့်လက်ခံထား၍ လက်ရှိတွင် ယခင်စျေးနှုန်းအတိုင်းသာ ကောက်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းအတွက် GGS က လမ်းမီးအတွက် ဝန်ဆောင်မှု ပိုမိုဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

“တင်ဒါခေါ်ဖို့ ကော်မတီတွေ စခေါ်နေပြီ။ အခုလက်ရှိကတော့ ဥပဒေအရ စာချုပ်အသစ် ပြန်ချုပ်ရမယ်။ ကာလတိုစာချုပ်ချုပ်ပြီးမှ တင်ဒါပြန်ခေါ်မယ်။ မဟုတ်ရင် ဥပဒေကြောင်းအရ နည်းနည်းဆန့်ကျင်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ နောက်တစ်ပတ် အတောအတွင်းလောက်မှာ ချုပ်မယ်။ ပြီးတာနဲ့ သတင်းစာမှာ ကြေညာမယ်။ ထုတ်လုပ်နဲ့ ဖြန့်ဖြူးသီးခြားခေါ်မလား တစ်တွဲတည်း ခေါ်မလားဆိုတာ အစိုးရအဖွဲ့မှာ မဆွေးနွေးရသေးဘူး။ တင်ပြရဦးမယ်။ ရှင်းရှင်းပြောရင် အရင်က ဘယ်လိုပုံစံမျိုး ခေါ်ထားလဲ ကျွန်တော်တို ့မသိဘူး။ အခုကတော့ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်ကိုလည်း ခေါ်ချမယ်။ ကျွန်တော်တို့က သင်ခန်းစာ ရသွားပြီ။ စျေးနှုန်းအနည်းဆုံးကို ရွေးလိုက်လို့ ဖြစ်လာတဲ့ ပြဿနာ။ စျေးနှုန်းက သင့်တင့်မျှတတဲ့စျေးနှုန်း ဖြစ်ရမယ်။ ကုမ္ပဏီ ရဲ့ background၊ တာဝန်ယူမှု တာဝန်ခံမှု၊ နည်းပညာပိုင်း ဘယ်လောက်အထိရှိတယ်။ ဒါတွေကို အကုန်လုံး စိစစ်မယ်။ တစ်ခုတည်းကို ဦးတည်ပြီး ပေးမယ်ဆို ကျွန်တော်တို့အတွက် ပြဿနာ ဆက်ဖြစ်နေမှာပဲ။ တင်ဒါအသစ်ခေါ်ရင် အခုလက်ရှိ ပေးနေတဲ့ စျေးထက် ပိုလာမလားဆိုတာ ကျွန်တော်တို့ ကြမ်းခင်းစျေးနှုန်းကို သတ်မှတ်ရဦးမယ်။ ကြမ်းခင်းစျေးနှုန်းကိုပြောလို့ မရဘူး။ ပြောရင် ပြဿနာရှိလို” ဟု ဦးအောင်သူရက ပြောကြားသည်။

 

Most Read

Most Recent