တရုတ်လုံခြုံရေးတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်ခတ်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းမှ ပြစ်တင်ရှုတ်ချမှုများကို ခံခဲ့ရသည့် ၁၉၈၉ ခုနှစ် တီအန်မင်အရေးတော်ပုံ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို ဇွန် ၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် စုဝေးဆန္ဒပြခဲ့ကြသည့် ကျောင်းသားများသည် အလုပ်သမားနှင့် ပညာတတ်လူတန်းစားတို့၏ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို လှုပ်နှိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားစေခဲ့သည်။
သို့သော် ဆန္ဒပြပွဲများ သီတင်းပတ်အတန်ကြာ ဖြစ်ပွားပြီးနောက် တီအန်မင်လှုပ်ရှားမှုကို ညအချိန်တွင် စစ်တပ်ဖြင့် ဖြိုခွဲခဲ့ရာ လူပေါင်းရာနှင့်ချီလျက် သေဆုံးခဲ့ရသည်။ (အချို့သော တွက်ချက်ခန့်မှန်းမှုများက သေဆုံးသူအရေအတွက်မှာ ၁၀၀၀ ကျော်သည်ဟု ဆိုကြသည်)။ တီအန်မင်အရေးတော်ပုံသည် အာဏာရပါတီကိုလည်း နောင်အခါ အလားတူစိန်ခေါ်မှုများ ၎င်းတို့၏ အာဏာအပေါ် ကျရောက်မလာနိုင်ရေးအတွက် ကာကွယ်ထားရန် လှုပ်နှိုးမှုတစ်ရပ်ဖြစ်ခဲ့သည်။
ဆယ်စုနှစ်သုံးခု ကြာပြီးသည့် တိုင်တီအန်မင်အရေးတော်ပုံကို နှိမ်နင်းခဲ့မှုသည် တရုတ်ပြည်မ၌ ‘အထိမခံ ရွှေပန်းကန်’ အဖြစ်ဆုံး အကြောင်းအရာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ဖော်ပြမှုမှန်သမျှကို တင်းတင်းကျပ်ကျပ် ဆင်ဆာဖြတ်လျက်ပင် ရှိသေး၏။ တီအန်မင်အရေးတော်ပုံနှင့်ပတ်သက်၍ အထင်ကရအချိန်အခါ ငါးရပ်ကို တင်ပြအပ်ပါသည်။
ဧပြီ ၁၅ ရက် - ပြုပြင်ပြောင်းလဲရေးသမားတစ်ဦး ကွယ်လွန်မှု
ဖြုတ်ထုတ်သတ်လုပ်ခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ဟူယောင်ဘန်းသည် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။ သို့သော် ကျောင်းသားများ ဆန္ဒပြမှုတစ်ရပ်ကို ညင်သာစွာသာ ကိုင်တွယ်ခဲ့သည့်အတွက် ၁၉၈၇ ခုနှစ်တွင် ဖြုတ်ချခံခဲ့ရသည်။
ဟူသည် လစ်ဘရယ်ကျသည့် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် လူကြိုက်များ လေးစားခံရပြီး သူ ဧပြီ ၁၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် နှစ်ရက်အကြာ၌ တီအန်မင်အရေးတော်ပုံ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နှစ်အတန်ကြာ စီးပွားရေးကမောက်ကမဖြစ်မှုကြောင့် ဖြစ်ပေါ်နေသည့် မကျေနပ်မှုများက မီးထိုးပေးခဲ့ပြီး ပါတီအကြီးအကဲဟောင်းတစ်ဦးအတွက် ပြည်သူတို့၏ အောက်မေ့ဖွယ်အခမ်းအနားသည် နိုင်ငံရေး အပြောင်းအလဲပြုလုပ်ရန်နှင့် အစိုးရအရာရှိများ၏ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် တောင်းဆိုပွဲအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ဧပြီ ၂၇ ရက် - အပြောမတော် တစ်ခွန်း
ဧပြီ ၂၅ ရက်တွင် အဓိပတိ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က တီအန်မင်လှုပ်ရှားမှုသည် ကွန်မြူနစ်ပါတီကို ဖြိုချရန် ကြိုးပမ်းမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းပြောကြားချက်သည် နောက်တစ်ရက်၌ ထုတ်ဝေသည့် နိုင်ငံပိုင် People’s Daily သတင်းစာ၌ ပေါက်ကွဲမှုဖြစ်စေသည့် အယ်ဒီတာ့အာဘော် ရေးသားရန်အတွက် အခြေခံအချက်ဖြစ်ခဲ့သည်။
တိန့်ရှောင်ဖိန်၏ စကားကို ထင်ဟပ်ပြသည့် အယ်ဒီတာ့အာဘော်ကြောင့် လူအများ ဒေါသထွက်ကာ ဧပြီ ၂၇ ရက်တွင် ပေကျင်းမြို့၏ လမ်းများပေါ်သို့ ဆန္ဒပြသူများ လျှံကျလာခဲ့ပြီး တရုတ်နိုင်ငံတစ်လွှား၌ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာတော့သည်။
ယင်းနောက် သီတင်းတစ်ပတ်အကြာ၌ ၁၉၁၉ ခုနှစ်တွင် တရုတ်နိုင်ငံကို လှုပ်ခတ်စေခဲ့သည့် ကိုလိုနီဝါဒနှင့် နယ်ချဲ့ဝါဒ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်သော မေစတုတ္ထလှုပ်ရှားမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်၌ လူထုဆန္ဒပြပွဲ အသစ်တစ်ရပ်သည် ပေကျင်းမြို့သာမက ရှန်ဟိုင်းမှသည် ရှီအန်းမြို့အထိ ပါဝင်သော အခြားမြို့ကြီးများ၌ပါ ဖြစ်ပေါ်လာတော့သည်။
မေ ၁၃ ရက် - တီအန်မင်ရင်ပြင်ကို သိမ်းပိုက်ခြင်း
ရာပေါင်းများစွာသော ကျောင်းသားများသည် တီအန်မင်ရင်ပြင်ကို သိမ်းပိုက်လိုက်ပြီး မေ ၁၃ ရက်တွင် အစာငတ်ခံဆန္ဒပြမှုကို စတင်ခဲ့ရာ နောက်ရက်များတွင် လူပေါင်း ထောင်နှင့်ချီလျက် ပူးပေါင်းပါဝင်လာခဲ့သည်။
ဆန္ဒပြသူများသည် ပုံမှန်ပြုလုပ်နေကျ မေ ၁၅ ရက် တရုတ် - ဆိုဗီယက် ချစ်ကြည်ရေး ပွဲအတွက် ဆိုဗီယက်ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ဂေါ်ဘာချက်၏ သမိုင်းဝင် လာရောက်မှုကို နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီပင်းသည် မေ ၁၈ ရက်တွင် ဝူအာကိတ်စီနှင့် ဝမ်ဒန်းတို့အပါအဝင် ကျောင်းသားတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ယင်းကို ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ထုတ်လွှင့်ပြသခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် ကျောင်းသားများသည် ပါတီခေါင်းဆောင်များကို ဒေါသတကြီး ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
မေ ၂၀ ရက် - မာရှယ်လော ကြေညာခြင်း
ပါတီအကြီးအကဲ ကျောက်ကျိယန်သည် မေ ၁၉ ရက်တွင် အစာငတ်ခံဆန္ဒပြသူများအား တီအန်မင်ရင်ပြင်မှ ထွက်ခွာရန် စိတ်ခံစားမှုပြင်းစွာ ပြသလျက် ပန်ကြားမှု ပြုလုပ်ခဲ့သည်။ ယင်းသည် ကျောက်ကျိယန်အနေဖြင့် လူရှေ့သူရှေ့သို့ နောက်ဆုံးထွက်ခဲ့ခြင်းလည်းဖြစ်သည်။
အင်အားသုံး ဖြိုခွဲရန် ဆန့်ကျင်ခဲ့မှုကြောင့် ကျောက်ကျိယန်လည်း ဘေးဖယ်ခံလိုက်ရတော့သည်။ ကျောက်ကျိယန်ကို ပါတီအကြီးအကဲအဖြစ်မှ ဖြုတ်ချလိုက်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်မှာ နောက် ၁၆ နှစ်အကြာ ၎င်းကွယ်လွန်ချိန်အထိဖြစ်သည်။
သွေးမြေကျနှိမ်နင်းမှု၌ အဓိက အခန်းကဏ္ဍကို ယူခဲ့သောကြောင့် နောင်အခါ “ပေကျင်း၏ သားသတ်သမား” ဟု အမည်ပြောင်မှည့်ခေါ်ခံရသည့် ဝန်ကြီးချုပ်လီပင်းသည် မေ ၂၀ ရက်တွင် မြို့တော်ပေကျင်း၏ အစိတ်အပိုင်းအချို့၌ မာရှယ်လော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
သို့သော် ကျောင်းသားများသည် Forbidden City နံရံပေါ်ရှိ မော်စီတုံးရုပ်ပုံနှင့် မျက်နှာချင်းဆိုင်တွင် “Goddess of Democracy” ဟု အမည်တပ်ထားသော ရုပ်တုတစ်ခုကို စိုက်ထူလျက် တီအန်မင်ရင်ပြင်၌ ဆက်လက်စခန်းချ နေခဲ့သည်။
ဇွန် ၃ ရက်မှ ၅ ရက် - သွေးမြေကျ နှိမ်နင်းမှု
ဇွန် ၃ ရက်ညတွင် မူရှီဒီလမ်းဆုံ၌ လမ်းကြောင်းများကို ပိတ်ဆို့ရန် ရပ်ထားသည့် ဘတ်စ်ကားတန်းများကို တင့်ကားများက ထိုးဖောက်ဝင်ရောက်ကာ စစ်သားများသည် လူအုပ်ကြီးအား သေနတ်များဖြင့် ပစ်ခတ်လေတော့သည်။
ဇွန် ၄ ရက် အရုဏ်တက်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တီအန်မင် ရင်ပြင်ကို ဝိုင်းကာ အရပ်မျက်နှာအားလုံးမှနေ၍ ချဉ်းကပ်ဝင်ရောက်လာခဲ့သည်။ လှံစွပ်များဖြင့် ကျားတက်ထိုးသော လေထီးတပ်သားများ၏ မျက်စိအောက်တွင် ကျန်ရှိနေသော ကျောင်းသားများ တီအန်မင်ရင်ပြင်မှ ထွက်ခွာသွားကြသည်။
သတ်ဖြတ်ခံရသူများ၏ အလောင်းအများစုသည် တီအန်မင်ရင်ပြင်အပြင်ဘက် လမ်းများပေါ်၌ ပြန့်ကျဲ၍နေခဲ့သည်။ သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ အငြင်းပွားနေဆဲဖြစ်ပြီး တရုတ်အစိုးရသည် သေဆုံးသူအရေအတွက်ကို မည်သည့်အခါတွင်မျှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
သို့သော် ပညာရှင်များ၊ မျက်မြင်သက်သေများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ခန့်မှန်းတွက်ချက်မှုများအရ သေဆုံးသူအရေအတွက်သည် ရာပေါင်းများစွာမှနေ၍ ၁၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း သိရသည်။
ဇွန် ၅ ရက်တွင် လူတစ်ဦးသည် ၎င်းတစ်ယောက်တည်းဖြင့် လမ်းမပေါ်သို့ဖြန့်ကြက်ကာ ဆင်းလာသည့် တင့်ကားများနှင့် သံချပ်ကာကားယာဉ်တန်းကို ပိတ်ဆို့ထားခဲ့ရာ တစ်မိနစ်ကြာခန့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ပြီးနောက် လူနှစ်ဦးက ထိုသူအား အတင်းအဓမ္မဆွဲခေါ်သွားခဲ့သည်။
အဆိုပါ မြင်ကွင်းသည် ဓာတ်ပုံတစ်ပုံအဖြစ် ထွက်ပေါ်လာခဲ့ပြီး Tank Man ဟု ခေါ်ဆိုသော ယင်းပုံသည် ၂၀ ရာစု၏ အရေးအပါဆုံး ဓာတ်ပုံတစ်ပုံ ဖြစ်လာခဲ့သည်။
သို့သော် ထိုသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယနေ့တိုင် သိရှိရခြင်းမရှိသကဲ့သို့ ထိုသူ၏ ကံကြမ္မာကိုလည်း သိရှိလိုက်ရခြင်း မရှိပေ။