ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုနှင့် ဆက်လက်မြင့်တက်နိုင်သည့် အသား၊ ငါးနှင့် ကုန်စျေးနှုန်းများ

ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုနှင့် ဆက်လက်မြင့်တက်နိုင်သည့် အသား၊ ငါးနှင့် ကုန်စျေးနှုန်းများ
သင်္ကန်းကျွန်းမြို့နယ် စံပြစျေးအတွင်း စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
သင်္ကန်းကျွန်းမြို့နယ် စံပြစျေးအတွင်း စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
Published 2 June 2019
နီလာ၊ သိင်္ဂီဝင်းတင်၊ သိင်္ဂီဝင်းထွန်း

ပြီးခဲ့သည့်သင်္ကြန်ကျော်ကာ လမှစ၍ စျေးကွက်အတွင်း အသား နှင့်သစ်သီးစျေးနှုန်းများ တဖြည်း ဖြည်း မြင့်တက်လာခဲ့ရာ လက်ရှိအ ချိန်တွင်လည်း ဝယ်လိုအားနှင့် ရောင်းလိုအား မမျှမတဖြစ်နေပြီး အသား၊ ငါးနှင့် သစ်သီးစျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စျေးကွက် အတွင်းမှ သိရသည်။

ကြက်သားနှင့် ဆိတ်သားစျေးအခြေအနေ

“ကြက်သားစျေးကတော့ သိသိသာသာကို တက်တယ်။ အရင်က ဆို ၅၀၀ စျေး။အခုဆို ၈၀၀၊ ၉၀၀။ ဝက်သားကတော့ ၉၀၀၊ ၁၀၀၀ နဲ့ ပုံမှန်ပဲရောင်းပေးတယ်။ သူက ဒိုင် မှာဝယ်ရတာ စျေးတက်တယ်။ အစ်မ တို့ကတော့ ဖောက်သည် မပျက်ချင် လို့ စျေးကို ထိန်းပြီး ရောင်းပေးတယ်။ အစ်မတို့အတွက် အမြတ်ကတော့ နည်းသွားတာပေါ့” ဟု တောင်ဒဂုံစျေးမှ ဝက်သားသည်တစ်ဦးက ပြောကြားသည်။

လက်ကားစျေးကွက်အတွင်း ပစ္စည်းဝယ်လိုအား အလုံအလောက် မရသဖြင့် ယင်းလက်ကား စျေးကွက်၌ပင် စျေးမချနိုင် ဖြစ်နေသည့်အတွက် လက်လီစျေးနှုန်းတွင်ပါ လိုက်ပါမြင့်တက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဥပမာ ကြက်စျေးတက်တော့ အရင် ၁၀ ကောင်ရောင်းရတဲ့နေရာမှာ အခု ငါးကောင်လောက်ပဲ ရောင်းရတော့တယ်။ အဓိကက အရင်းကြီးလို့ လက်လီသမား မဝယ်နိုင်ဘူး။ ဝယ်တဲ့ လူကျတော့လည်း အရင်းများများ စိုက်ထားရတဲ့အတွက် အမြတ်နည်းတဲ့အတွက် ပစ္စည်းများများ မတင်ဘူး။ မဝယ်ဘူး။ မေလနောက်ဆုံးပတ် လောက်ကစပြီး ဝယ်လိုအား၊ ရောင်းလိုအား ထက်ဝက်ကျသွားတယ်။ လက်ကား ဒိုင်တွေမှာလည်း တွက်ခြေမကိုက်တဲ့အတွက် အလုပ်သမား လျှော့တာမျိုးတွေတောင် လုပ်နေရတဲ့ဒိုင်တွေ ရှိနေတယ်လို့ ကြားပါတယ်” ဟု ကြက်သားရောင်း ဝယ်ရေးလုပ်ကိုင်နေသူ ဦးကျော်က ပြောကြားသည်။

သင်္ကြန်ကျော် ကာလကတည်းက လက်ရှိအချိန်အထိ ကြက်သားစျေး ဆက်တိုက် မြင့်တက်နေခြင်းသည် ရာသီဥတု ပူပြင်းလွန်းသဖြင့် ကြက်အသေအပျောက်များခြင်း၊ အထွက်နှုန်း လျော့ကျခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“သင်္ကြန်ပြီးကတည်းက စပြီးတော့ အခုအထိ စျေးတက်တယ်။ ရာသီဥတုကြောင့်လည်းပါတယ်။ ပူပြင်းတော့ ကြက်အသေအပျောက် များတယ်။ ကြက်မဖြစ်တာလည်း ပါတယ်။ ကြက်မဖြစ်တော့ အထွက် နှုန်းကျတာပေါ့။အထွက်နှုန်းကျ တော့  ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူးပေါ့။ အဲဒီလို မမျှတဲ့အခါကျ တော့စျေးတွေက ခြံဖမ်းတောင် တစ်ပိဿာကျပ် ၄၈၀၀၊ ၄၉၀၀ လောက် ရှိတယ်။ အရင်က ၄၅ ရက် မှာ ပိဿာ ၆၀၊ ၇၀ လောက်ရတာက မရဘူးပေါ့။ အခုပိဿာ ၄၀၊ ၅၀ လောက်ပဲရတယ်” ဟု မြန်မာနိုင်ငံ ကြက်မွေးမြူသူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ဝင်းက ပြောကြားသည်။

“ကြက်တွေက ၄၅ ရက်ဆို ထွက်ပြီလေ။ မျိုးကြက်တွေကလည်း ပုံမှန်ထွက်လာပြီးနောက် ၄၅ ရက် ဆိုရင်တော့ ပြန်ကျသွားမယ်။ အရင်လို ပုံမှန်ပြန်ဖြစ်သွားမှာပါ” ဟု ဒေါက်တာကျော်ဝင်းက ဆက်လက် ပြောကြားသည်။

ကုန်စျေးနှုန်း အတက်အကျများခြင်း မရှိဘဲ ပုံမှန်စျေးနှုန်းခန့်ဖြင့် စျေးကွက်တည်ငြိမ်ရေး အရေးကြီးပြီး ယင်းသို့စျေးကွက် တည်ငြိမ်မှု ရှိပါက စားသုံးသူအတွက်သာမက ထုတ်လုပ်တင်ပို့ ရောင်းချသူများ အတွက်ပါ အကျိုးအမြတ်ရှိစေကြောင်း သိရသည်။

“တည်ငြိမ်တဲ့စျေးကွက် မရှိတဲ့အခါကျတော့ ကမောက်ကမတွေ ဖြစ်တာပဲ။ တည်ငြိမ်တဲ့စျေးကွက် တစ်ခုရဖို့ အရေးကြီးတယ်။ စျေးတွေ အများကြီးပေးမယ် ဆိုတာလည်း မကြိုက်ဘူး။ သူရဲ့ပုံမှန်စျေးသွားနေတာက ပြည်တွင်းစားသုံးသူရော၊ ပြည်ပအတွက်ရော အကျိုးအမြတ် ရှိစေတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်က စျေးတအားပေးလိုက်တယ်။တောင်သူတွေကလည်း စျေးအများ ကြီးပေးတော့ရှိတဲ့ပစ္စည်း အကုန် ထုတ်ရောင်းတယ်။တခြားပြန်ဝယ် မွေးတော့ စျေးကြီးနဲ့ပဲ ပြန်ဝယ်မွေးရ တယ်။ တောင်သူတွေ ထဲမှာ ၁၀၀ တန်ဟာ ၁၀၀၀ ဖြစ်နေလိမ့်မယ်။ ပြန်ရောင်းဖို့အတွက်ကို ၅၀၀ နဲ့ ရောင်းရင်တောင် သူရှုံးနေပြီ။ မရောင်းနိုင်ဘူး။ ဖြစ်သင့်တာက တည်ငြိမ်တဲ့ စျေးကွက်တစ်ခုရှိဖို့ လို အပ်တယ်။သက်ဆိုင်တဲ့ဌာနတွေက သက် ဆိုင်ရာနေရာတစ်ခု သတ်မှတ် ပြီး တော့ ဒီနေရာမှာဒီလောက်စျေး။ ပြည်ပစျေး ကွက်သွားမယ်ဆိုရင် ဒီနေ ရာမှာ ဝယ်သူဘက်က ကုန်သည်က ဘယ်လိုအကျိုးအမြတ်ရှိလဲ။ သူ့အ ပိုင်းညှိနှိုင်းပြီးသုံးမှသာလျှင် ပြည် တွင်းပြည်ပ နှစ်ခုစလုံးတည်ငြိမ်တဲ့ စျေးကွက်ရှိမှ ဒီလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာလိမ့်မယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး ဦးမင်းစိုးက ပြောကြားသည်။

ငါးစျေးကွက် အခြေအနေ

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် ငါးစျေးနှုန်းများမှာ ငါးဒိုင်း၌ငါးမြစ်ချင်း နှစ်ကီလိုဂရမ်ရှိသည့် ငါးတစ်ပိဿာ၏ တန်ဖိုးသည် စျေးကွက် အတွင်း ကျပ် ၄၂၀၀ အထိ ရှိနေသည်။ ယခင်နှစ်ကကျပ် ၂၆၀၀ သာရှိပြီး ကျပ် ၁၆၀၀ အထိမြင့်တက်နေကြောင်း သိရသည်။

အဆိုပါအခြေအနေတွင် ပြည်တွင်း၌ ပင်လယ်ငါးမဖမ်းရ ရာသီကို ဇွန်မှ သြဂုတ်လအထိ ရာနှုန်းပြည့် ပိတ်သိမ်းမှုနှင့် အင်းအိုင်ငါး ငါးရစ် ငါးသန်ကာလအဖြစ် မေမှဇူလိုင်အထိပိတ်သိမ်းမှုကြောင့် အဆိုပါငါးများ မဝင်လာမချင်း စျေးတက်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

“ပင်လယ်ငါးက သုညရာခိုင် နှုန်းအထိချလိုက်ပြီးတော့ ကုန်မ တက်တော့ဘူး။ အင်းအိုင်ငါးက လည်း ငါးရစ်ငါးသန်ကာလ အဖြစ် ပိတ်လိုက်တယ်ဆိုတော့ စျေးကွက် ထဲမှာ ပြည်တွင်းစားဖို့ရော၊ ပြည်ပ တင်ပို့ဖို့ အတွက်ရော၊ ပြီးတော့ငါး ခြောက်တွေအတွက်ရော ပင်လယ်ငါးက မရတော့ဘူးဆို ရင်မွေးမြူရေး ငါး၊ ငါးတန်နဲ့ပဲ လုပ်ရမယ့်သဘောရှိတယ်။ ဒီစျေးကွက် အားလုံးရဲ့ဆုံ ရပ်ဟာ မွေးမြူရေးငါးကိုပဲဖြစ်သွား တဲ့အတွက် ထုတ်လုပ်မှုကျပြီး စျေးကွက်မှာလည်း မွေးမြူငါး တစ်မည်တည်း ရှိနေတာဖြစ်တဲ့ အတွက်ကြောင့် မွေးမြူရေးငါးစျေး ဒီမိုးတွင်း ငါးလမှာ ကျိန်းသေတက်မယ်” ဟု ဦးဝင်းကြိုင်က သုံးသပ်ပြောကြားသည်။

အဆိုပါ မွေးမြူရေးငါးစျေးနှုန်း တက်မှုတွင် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ တီးလားဗီးယား၊ ငါးတန်၊ ငါးမှုန့်စသည့်ငါးများ စျေးတက်နိုင်ကြောင်း သိရသည်။

“မွေးမြူရေးငါးရဲ့ ထုတ်လုပ်မှု အနေထားကို ပြန်သုံးသပ်ကြည့်တဲ့ အခါကျတော့ မွေးမြူရေးငါးကထုတ် လုပ်မှုလျှော့နေတဲ့အ ခြေအနေဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်က ဆော်ဒီနိုင် ငံကို ငါးတင်ပို့မှု ရပ်ဆိုင်းခံရတဲ့ အပေါ်မှာ ငါးစျေးတွေကျသွားတယ်။ တစ်ဖက်က ဒေါ်လာစျေးတွေတက်ပြီးတော့ အစာတွေ စျေးတက်တယ်။ ဒီဇယ်တွေ စျေးတက်တဲ့ အတွက်ကြောင့် မွေးမြူထုတ်လုပ်သူတွေ မနှစ်က တစ်နှစ်လုံး ဆုံးရှုံးကြတယ်။ ရှုံးတဲ့လုပ်ငန်း အနေအထားကြောင့် ထုတ်လုပ်မှုမွေးမြူမှုကို လျှော့ချလိုက်တဲ့အခါ ငါးထုတ်လုပ်မှုက လျော့သွားတယ်။ လျော့သွားတဲ့ အချိန်မှာ ငါးစျေးတွေက ပြန်တက်လာတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလောက် ကစပြီးတော့ တစ်နွေလုံး မွေးမြူရေးငါးတွေ စျေးကွက်ထဲမှာ စျေးကြီးနေတယ်” ဟု အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ယခင်နှစ်ဧပြီ  ၁ ရက်မှစတင် ပြီး ဆော်ဒီနိုင်ငံသို့တင်ပို့နေသည့် ငါးများတွင် ရောဂါပိုးပါဝင်သည်ဟု ဆိုကာ မြန်မာနိုင်ငံမှ တင်ပို့သည့် ငါးများ ယခုလက်ရှိအချိန်အထိ ယာယီရပ်ဆိုင်းခံထားရပြီး မွေးမြူရေး သမားများ အရှုံးပေါ်ကာ ငါးအစာ စျေးနှုန်းတက်ခြင်း၊ ဒေါ်လာစျေး တက်ခြင်းကြောင့် ထုတ်လုပ်မှု ကျဆင်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

စားသုံးသူစျေးဆနှုန်း အခြေအနေ

၂၀၁၉ ခုနှစ် ဧပြီတွင် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီစျေးနှုန်း မြင့်တက်လာခြင်း၊ အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့် တက်လာခြင်း၊ ပြည်တွင်းလောင်စာ ဆီစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် အခြားကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် စားသုံး သူစျေးဆနှုန်းမှာ ယခင်လကထက် သိသာစွာ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။

ဧပြီအထိ ပျမ်းမျှငွေကြေးဖောင်း ပွမှု နှုန်းမှာ ၇ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင် စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက် ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်း ပွမှုနှုန်းမှာ ၅ ဒသမ ၉၈ ရာခိုင်နှုန်းရှိ သည်။ နှစ်အလိုက် ငွေကြေးဖောင်းပွ မှု နှုန်းမှာ ၈  ဒသမ ၇၃ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွ မှုနှုန်းမှာ ၆ ဒသမ ၃၀ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

ဆန်(ဧည့်ထမ)စျေးနှုန်းမှာ ယခင်လ နှင့် နှိုင်းယှဉ်ပါက ၀  ဒသမ ၂၈ ရာခိုင်နှုန်းမြင့် တက်လာပြီး ကြက် သား ၀ ဒသမ ၂၈ ရာခိုင် နှုန်း၊ အမဲ သား ၂  ဒသမ ၃၂ ရာခိုင်နှုန်း၊ ဘဲဥ ၁  ဒသမ  ၈၉ ရာခိုင်နှုန်း၊ ကြက်ဥ ၂ ဒသမ ၈၆ ရာခိုင်နှုန်း၊ ငါးခူ ၂  ဒသမ ၉၁ ရာခိုင်နှုန်း၊ ငါးရံ့ ၃ ဒသမ ၆၁ ရာ ခိုင်နှုန်း၊ငါးမြစ်ချင်း ၃ ဒသမ ၄၃ ရာ ခိုင်နှုန်းဖြင့် အသီးသီးမြင့်တက်လာ သည်။

ထို့ပြင် သစ်သီးများဖြစ်ကြ သော ငှက်ပျောသီး၊ အုန်းသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ သံပရာသီး၊ ရှောက်သီးစျေးများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

“စျေးကတော့ အတက်အကျရှိ တယ်။  အရင်ကဆို ပန်းသစ်တော်က ၂၅၀၀၀ နဲ့ ဝယ်ရတယ်။ အများဆုံး စျေးတက်လည်း ၂၇၀၀၀ ပေါ့။ အခု ဆို ပန်းသစ်တော်က ၄၀၀၀၀။ အဲဒီ ၄၀၀၀၀ တောင် ဒိုင်တိုင်းဆီမှာ ဝယ် မရဘူး။ စိတ်ညစ်နေပြီ။ စျေးတောင် မရောင်းချင်တော့ဘူး” ဟု တောင်ဒဂုံမြို့နယ်တွင် သစ်သီးရောင်းချနေသူ ဒေါ်အုန်းသန်းက ပြောကြားသည်။

“မျှစ်ပေါက်တွေက အရင်က ၁၂၀၀ စျေး၊ အခုဆို ၂၀၀၀ စျေး ဖြစ် နေတယ်။ ဒိုင်တွေမှာက အဲဒီလောက် စျေးတွေတက်တော့ ဒီမှာပြန်ရောင်း ရတာက အဆင်မပြေတော့ဘူး။ အခု စျေးတွေက ဘာလို့လည်းမသိ၊ အရမ်း ကိုတက်နေတာ” ဟု မျှစ်ရောင်းချနေသည့်စျေးသည် ဒေါ်မိုးမိုးက ဆိုသည်။

ယင်းကဲ့သို့ အခြေခံစားသောက် ကုန် စျေးနှုန်းမြင့်တက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းဖြစ် ပေါ်ခဲ့သည့် စျေးနှုန်းနှင့် ၂၀၁၈ ခု နှစ် ဧပြီလအတွင်းဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ဆန်စျေးနှုန်းမှာ ယခင်နှစ်ကထက် ၇ ဒသမ ၉၆ ရာခိုင်နှုန်း၊ ကြက်သား ၃ ဒသမ ၂၁ ရာခိုင် နှုန်း၊ ဝက်သား ၂ ဒသမ ၁၄ ရာခိုင်နှုန်း၊ အမဲ သား ၂၅ ဒသမ ၂၄ ရာ ခိုင်နှုန်း၊ ငါးခူ ၁၀ ဒသမ ၉၈ ရာခိုင်နှုန်း၊ ငါးရံ့ ၉ ဒသမ ၇၂ ရာခိုင်နှုန်း၊ ငါးမြစ်ချင်း ၅ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် အသီးသီးစျေးမြင့် တက်လာကြောင်း သိရသည်။

အသား၊ ငါးနှင့် ဥအုပ်စုတွင် ပါဝင်သော အသားစျေးနှုန်းများမှာ ပြည်ပမှ ကျွဲ၊ နွား၊ ဆိတ်၊ဝက် ဝယ်ယူမှုများ ရှိနေခြင်းကြောင့်လည်း ကောင်း၊ တိရစ္ဆာန်အစာဖြစ်သော ကြက်စာ၊ ငါးစာစျေးနှုန်းများမြင့် တက်လာခြင်းကြောင့် အသား၊ ငါး စျေးနှုန်းများ မြင့်တက်လာကြောင်း နှင့် ရာသီဥတုပူပြင်းသဖြင့် ဥထွက် နှုန်း ကျဆင်းလာပြီး ဘဲဥနှင့် ကြက်ဥ စျေးနှုန်းများလည်း မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ သိရသည်။

ငွေကြေးဖောင်းပွမှု အခြေအနေ

၂၀၁၉ ခုနှစ် ဧပြီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်းအနည်းငယ် ဆက်လက် မြင့်တက်လာကြောင်း နှင့်ငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်ပြန်လည် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဧပြီတွင်  တစ်နှစ် အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၅၁ ရာခိုင်နှုန်းဖြစ် ပြီး၂၀၁၉ ခုနှစ် မတ်လရှိ ငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၂၈ ရာခိုင် နှုန်းနှင့် နှိုင်းယှဉ်ပါကငွေကြေး ဖောင်းပွမှု နှုန်းပြန်လည်မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် ဧပြီမှ၂၀၁၉ ခုနှစ် ဧပြီ အထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၃ လဆက်တိုက်မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေး ဆနှုန်းအပေါ် အခြေခံတွက်ချက် ထားသော ငွေကြေးဖောင်းပွမှုနှုန်း မှာ ၂၀၁၉ ခုနှစ်ဧပြီအထိ တစ်နှစ် ပျမ်းမျှ ၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၈ ဒသမ ၇၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီအတွင်း မကွေးတိုင်း ဒေသကြီးတွင် ၁၁ ဒသ မ ၄၀ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၀ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဖြစ်ကာ မွန်ပြည်နယ်တွင် ၁၀ ဒသမ ၁၆ ရာ ခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီအထိနှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအ များဆုံးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ၄ ဒသမ ၂၉ ရာခိုင် နှုန်းဖြင် ့ပြောင်းလဲမှုရာခိုင်နှုန်းအ နည်း ဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူ ခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အားပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent