သတင်းသူခိုးဖမ်းပွဲ

သတင်းသူခိုးဖမ်းပွဲ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် တရားဝင်သတင်းဌာနများမှ သတင်းများ၊ ဆောင်းပါးများနှင့် ဓာတ်ပုံများကို ခိုးယူ၍ လုပ်ဆောင်နေသည့် လူမှုကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်အချို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် တရားဝင်သတင်းဌာနများမှ သတင်းများ၊ ဆောင်းပါးများနှင့် ဓာတ်ပုံများကို ခိုးယူ၍ လုပ်ဆောင်နေသည့် လူမှုကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်အချို့ကို တွေ့ရစဉ်
Published 2 June 2019
ဆန်းမိုးထွန်း

 

လက်ရှိတွင် မြန်မာမီဒီယာလောကရှိ သတင်းစာ၊ ဂျာနယ်တိုက်များအနေဖြင့် ခက်ခဲစွာ ရှင်သန်ရပ်တည်နေရသော အချိန်လည်း ဖြစ်သည်။

ဖုန်းတစ်လုံးရှိရုံဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသော သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနေသည့် အွန်လိုင်းခေတ်ကြီးတွင် သတင်းစာနှင့် ဂျာနယ်များကို ဝယ်ယူဖတ်ရှုသည့် စာဖတ်သူနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေသည်။

ထိုသို့သောအခြေအနေတွင် တရားဝင်သတင်းဌာနများအနေဖြင့် ခေတ်ရေစီးကြောင်းအတိုင်း အွန်လိုင်းတွင် မိမိတို့၏ သတင်းများကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန် အပြိုင်အဆိုင် တင်ပြကြရသည်။

တရားဝင်သတင်းတိုက်များအနေဖြင့် အချိန်နှင့်ငွေကို အသုံးပြုပြီး လူအင်အားအများအပြားဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သတင်းလိုက်၊ တည်းဖြတ်ပြီး စာဖတ်သူများ ဖတ်ရှုနိုင်ရန် ကြိုးပမ်းနေရချိန်တွင် အရင်းမစိုက် လှေထိုးလိုက်သည့် သတင်းသူခိုးပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များက ပေါ်ပေါက်လာသည်။

လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် တရားဝင် မီဒီယာတိုက်များ၏ သတင်းများကို လွယ်လင့်တကူ ခိုးကူးယူ၍ ၎င်းတို့၏ ပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များတွင် တင်ခဲ့ကြသည်။

ယင်းပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များသည် အမည်မျိုးစုံပေး၍ လူမှုကွန်ရက်စာမျက်နှာ (Facebook)တွင် အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။ တရားဝင်သတင်းဌာနများမှ သတင်းများ၊ ဆောင်းပါးများနှင့် ဓာတ်ပုံများကို ခိုးယူ၍ တင်နေကြသည့် ပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များကို မည်သို့အရေးယူမည်ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

တရားဝင်သတင်းဌာနများ၏ သတင်းများကို ခိုးယူပြီး ပြန်လည်ဖော်ပြနေသည် ပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များ၏ အမည်စာရင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) က မေ ၂၇ ရက်တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်အရ တရားဝင်သတင်းဌာနများမှ သတင်းများ၊ ဆောင်းပါးများနှင့် ဓာတ်ပုံများကို ခိုးယူ၍ လုပ်ဆောင်နေသည့် လူမှုကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်များမှာ ၃၁ ခုအထိ ရှိနေသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် အွန်လိုင်းမီဒီယာများတွင် သတင်းခိုးယူနေသည့် ဝက်ဘ်ဆိုတ်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များ၏ အမည်စာရင်းများကို ကြေညာခဲ့ခြင်းဖြစ်သည်။

“ဒါတွေက တရားမဝင်တဲ့ဟာတွေကို ကြေညာပေးတာပဲ။ ဒီဟာတွေက တရားမဝင်ဘူး။ သူတို့လွှင့်တဲ့ဟာတွေကို မယုံဖို့ပါ။ ကော်မတီက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။ ဒါတွေက တရားမဝင်ဘူးဆိုတော့ အများပြည်သူ မယုံကြည်ဘူးပေ့ါ” ဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သော မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၁၃ ချက် ရရှိခဲ့သည်။

ထိုသဘောတူညီချက် ၁၃ ချက်အနက် သတင်းအတုအယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန် ဆိုသောအချက်လည်း ပါဝင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ကြောင့် ကောင်စီအနေဖြင့် သတင်းခိုးယူမှုစောင့်ကြည့်ရေးအဖွဲ့က ပေးပို့လာသော သတင်းခိုးယူနေသည့် ဝက်ဘ်ဆိုက်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များကို စိစစ်ခဲ့သည့်အပြင် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ခဲ့သော စာရင်းများအရ အချို့သော သတင်းခိုးကူးသည့် အွန်လိုင်းဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များသည် Application များပင်ရှိနေပြီး လူအင်အားများစွာဖြင့် ဆောင်ရွက်ဖွယ်ရှိကြောင်း၊ Pho Thu Taw နှင့် Shwe Mon တို့တွင် Application ရှိကြောင်း ပါရှိသည်။

သတင်းမီဒီယာကောင်စီက ပထမဆုံးအကြိမ်အဖြစ် မေ ၂၇ ရက်က ထုတ်ပြန်သည့်စာရင်းတွင် Pho Thu Taw၊ Myanmar Daily Feed၊ မြန်မာ့သတင်းဦး သတင်းထူးများဏ္ဍ @Thandinsar– 1၊ Shwe Mon၊ မြန်မာ့သတင်းစုံ၊ Lwin Pyin၊ လှတောသား Hlattaw.com စသည်တို့ အပါအဝင် ဆိုရှယ်မီဒီယာ အသုံးပြုသူများအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့် လူမှုကွန်ရက်စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်များ ပါဝင်နေသည်။

မီဒီယာများစွာမှ သတင်း၊ ဝတ္ထု၊ ဆောင်းပါးများနှင့် ဓာတ်ပုံသရုပ်ဖော်ပုံများပါမကျန် မူလပိုင်ရှင် မသိအောင် ခိုးယူဖော်ပြနေသည့် အွန်လိုင်းဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များမှာ Pho Thu Taw, Dagung၊Mynmar Daily Feed၊ မြန်မာ့သတင်းဦး သတင်းထူး၊ မြန်မာ့သတင်းစုံ၊ Zee Kwat- ဇီးကွက်၊Shwe Wiki ၊ Shwe Mon၊ YuyaLay၊ Apann Pyay၊  ACHITLWINPYIN၊ Lwin Pyin၊ Hlataw.com၊ တိုလီမိုလီကုမ္ပဏီ၊Thadinhtoo၊ Knowledge၊ News၊ လတ်တလောမြန်မာသတင်း၊  TawThuတောသူ၊ ဖြစ်ရပ်မှန် သတင်းထူး၊Nanmalgyi ၊ Latest Updates in ၊ Lat Khat Than ၊ Media News ၊ သုတကြယ် Thutastar ၊ Daily Feed ၊  Myanmar News Plus ၊ Daily Time ၊  Myanmar ၊ Beautiful Myanmar ၊ OK သတင်းစုံတို့ ဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်လိုက်သည့် အွန်လိုင်းဝက်ဘ်ဆိုက်များနှင့် လူမှု ကွန်ရက်စာမျက်နှာများတွင် Like လုပ်ထားသူ သန်းနှင့်ချီ၍ ရရှိထားကြောင်း တွေ့ရှိရသည်။

Shwe Mon Facebook စာမျက်နှာတွင် Like လုပ်ထားသူ ခြောက်သန်းနီးပါးခန့်၊ Pho Thu Taw စာမျက်နှာတွင် လေးသန်းခွဲနီးပါးခန့်၊  Knowledge စာမျက်နှာတွင် လေးသန်းကျော်၊ Shwe Wiki စာမျက်နှာတွင် နှစ်သန်းကျော်၊ လှတောသား Hlataw.com တွင် နှစ်သန်းနီးပါးခန့်၊ Zee Kwat ဇီးကွက်စာမျက်နှာတွင် ၁ ဒသမ ၃ သန်း ကျော်နှင့် News Daily Time တွင် Like လုပ်ထားသူ တစ်သန်းကျော် ရှိနေသည်။

ကောင်စီအနေဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ယင်းပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များကို တရားစွဲဆိုရန် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“ဒီဟာတွေက မယုံကြည်ရတဲ့ဟာ နောက်တစ်ခုက ဒီသတင်းဌာနတွေက ကျင့်ဝတ်ထဲက ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုရဆိုတဲ့ အချက်ကို ချိုးဖောက်တယ်ဆိုတော့ ကျွန်တော်တို့ကတော့ တရားစွဲတာတို့ ဘာတို့ အဲဒီလိုလုပ်ဖို့တော့ မရှိဘူး” ဟု ဦးမြင့်ကျော်က ဆိုသည်။

တရားဝင်သတင်းဌာနများအနေဖြင့် သတင်းမီဒီယာလုပ်ငန်းတွင် အရှုံးပြနေ၍ ရုန်းကန်နေကြရသော်လည်း ကြိုးစားတင်ဆက်ထားသည့် သတင်း၊ ဆောင်းပါးနှင့် ဓာတ်ပုံများကို အဆိုပါသတင်းသူခိုးများက အလိုက်သင့်ရယူ၍ အကျိုးအမြတ်ရှာသည့်အပြင် လူထုအတွက် အဆိပ်အတောက်ဖြစ်စေမည့် သတင်းမှားများကိုလည်း ဖြန့်ဖြူးလျက်ရှိသည်ကို တွေ့ရှိရကြောင်း မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ဦးဇေယျာလှိုင်က ပြောသည်။

“ပုံမှန်တော့ သတင်းတွေ ခိုးတင်တာပေါ့။ Celebrity သတင်းတွေ ခိုးတင်တာများတယ်။ တိုင်းပြည်မှာ နိုင်ငံရေးအရ တင်းမာနေတဲ့အချိန် ဒါမှမဟုတ်ရင်လည်း ဘာသာရေးအရတင်းမာနေတဲ့ အချိန်ကျရင်လည်း ဘုမသိဘမသိ ဆိုက်တွေကနေ သတင်းအတုတွေပါ ထပ်ထွက်လာပြီးတော့ လူ့အဖွဲ့အစည်းကို လှုပ်ခတ်တာပေါ့။ အတွေးမှားအမြင်မှား ဖြစ်စေတာပေါ့။ ဒါတွေက သတင်းစာဆရာတွေအတွက်လည်း မကောင်းသလို လူ့အဖွဲ့အစည်းအတွက်လည်း မကောင်းဘူး” ဟု ဦးဇေယျာလှိုင်က ဆိုသည်။

ထိုသို့ တရားဝင်တရားဌာနများ၏ သတင်းများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Credit ပေး၍ ခိုးယူတင်ပြနေသော်လည်း ပြည်သူများသိစေရန် ပြန်မျှဝေခြင်းမျိုးမဟုတ်ဘဲ ယင်းပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များတွင် ကြော်ငြာများ လက်ခံကာ စီးပွားဖြစ်လုပ်လာကြသည့်အတွက် ငွေအား၊ လူအား၊ ဉာဏအား စိုက်ထုတ်ရသည့် တရားဝင်သတင်းဌာနများမှာ နစ်နာမှုက ကြီးမားလွန်းနေသည်။

“သူ့တို့ကတော့ Credit တော့ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပစ္စည်းကို ကျွန်တော်တို့မသိအောင် ခိုးသုံးထားတာဆိုတော့ သူခိုးပဲပေါ့။ ကျွန်တော် သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်ကြည့်တယ်။ ဘာလို့ဆို သူတို့ဝက်ဘ်ဆိုက်တွေမှာ ကြော်ငြာတွေက ရနေတာကို။ ကျွန်တော်တို့တောင် ကြော်ငြာ သူတို့လောက် မရဘဲနဲ့ ကျွန်တော်တို့ဆီက ခိုးထားတဲ့ ဝက်ဘ်ဆိုက်တွေက ကြော်ငြာတွေ ရနေတယ်ဆိုတော့ လုပ်စားတာပေါ့။ ဦးနှောက်ဖောက်စားတာပေါ့” ဟု ဦးဇေယျာလှိုင်က မှတ်ချက်ပြုသည်။

61153686_2725395364142168_3932194695819558912_n.jpg

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် ကြေညာချက်နှင့် သတင်းခိုးယူနေသည့် ဝက်ဘ်ဆိုက်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များ၏ စာရင်းဇယားကို တွေ့ရစဉ်

လက်ရှိအချိန်တွင် တရားဝင်သတင်းဌာနများအနေဖြင့် သတင်း စာဂျာနယ်များ စောင်ရေကျဆင်းခြင်း၊ ကြော်ငြာနည်းပါးခြင်း၊ ထုတ်လုပ်မှုကုန်စရိတ်ကြီးမြင့်ခြင်း စသည့် ထိုးနှက်ချက်များရှိနေသည့်အပြင် အစိုးရ၊ တပ်မတော်နှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများက သတင်းဌာနများကို ပြစ်မှုပုဒ်မများဖြင့် တရားစွဲဆိုခံရခြင်းများ ရှိနေသည့်ကြားက သတင်းခိုးယူခံရမှုပါ ထပ်မံဖြစ်ပေါ်လာသည့်အတွက် ထိုးနှက်ချက်က ကြီးမားလွန်းသည်။

ထိုသို့သောအခြေအနေတွင် နစ်နာသူ တရားဝင်သတင်းတိုက်များက သတင်းခိုးယူသည့် ပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များကို တရားစွဲဆိုမည်ဆိုပါက သတင်းမီဒီယာ ဥပဒေဖြင့်သာ တရားစွဲဆိုနိုင်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များတွင် တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားပြီး ကျူးလွန်ပါက ငွေဒဏ်အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ် ၁၀ သိန်းအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ ခိုးယူခံရသည့် သတင်းဌာနက တရားစွဲဆိုရမည်ဖြစ်ပြီး ယင်းငွေဒဏ်ကို တရားရုံး၌သာ ချမှတ်ခွင့်ရှိသည်။ ထို့အတွက်ကြောင့် သတင်းခိုးယူနေသည့် ပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များကို အရေးယူမည်ဆိုလျှင် အားနည်းမှုများရှိနေသည်က အဓိကအချက် ဖြစ်နေသည်။

၂၀၁၈ နှစ်ဆန်းပိုင်းက စတင်ပြီး Facebook အနေဖြင့် မြန်မာနိုင်ငံမှ ထင်ရှားသူအချို့၏ အကောင့်များနှင့် သတင်းမှားများ ဖြန့်ဝေနေသည့် Facebook Page များ၊ အကောင့်များကို စတင်ပိတ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံက ထင်ရှားသူအချို့၏ Facebook အကောင့်များနှင့် Page များကို ပိတ်သိမ်းလိုက်ခြင်းသည် Facebook ၏ Community Standard သတ်မှတ်ချက်များဖြင့် မကိုက်ညီခြင်းကြောင့် ဖြစ်ကြောင်း Facebook တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာပြည်ကိုရောက်ရှိနေသည့် Facebook တာဝန်ရှိသူတွေက ၂၀၁၈ ဇွန် ၈ ရက်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်ရည်ရွယ်ပြီး အကောင့်ပိတ်ခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးက Facebook အသုံးပြုနေသူ အားလုံးကို သတ်မှတ်ထားသည့်Community Standard သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် အကောင့်များကို ပိတ်သိမ်းရခြင်းဖြစ်ကြောင်း Facebook မှ အာရှပစိဖိတ် Regional Policy Coordinator မစ္စတာ Mia Garlick က ဆိုသည်။

“တစ်ကမ္ဘာလုံးနဲ့အတူတူ မြန်မာနိုင်ငံရဲ့အသံကို ကျွန်မတို့က အတူတူနားထောင်ကြတာပါ။ Community Standard သတ်မှတ်ချက်တွေထဲက အမုန်းစကား ဖြန့်တာပဲဖြစ်ဖြစ် ၊ အနိုင်ကျင့်စော်ကားတာပဲ ဖြစ်ဖြစ် ဒီလိုမျိုးအကြောင်းအရာတွေကို တွေ့တာနဲ ့ ကျွန်မတို့က ချက်ချင်းဖယ်ရှားပစ်တာပါ” ဟု ၎င်းက ပြောသည်။

Facebook သုံးစွဲသူ အရေအတွက်မှာ ၁၈ သန်းကျော်ရှိသောကြောင့် အရေအတွက်အားဖြင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်များပြားသည့်အတွက် သတိပြုစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ ဖေ့ဘွတ်တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပြီး မကြာမီ အချိန်တွင် မြန်မာနိုင်ငံ၌ Facebook အသုံးပြု၍ အမုန်းစကားဖြန့်ဝေမှုများ ဖြစ်ပေါ်နေခြင်းကို တိုက်ဖျက်သည့် အစီအမံတစ်ရပ်အဖြစ် အကောင့် ၁၈ ခုနှင့် စာမျက်နှာ ၅၂ ခုကို ပိတ်သိမ်းကြောင်း အမေရိကန်အခြေစိုက် Facebook က ၂၀၁၈ သြဂုတ်၂၇ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရားဝင်စာမျက်နှာအပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ ခန့်က ဖွင့်လှစ်ထားသည့် အကောင့်နှင့် စာမျက်နှာများ Facebook ပေါ်မှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်နှင့် ဆက်နွှယ်နေသည့် မြဝတီရုပ်မြင်သံကြားဌာန၏ စာမျက်နှာလည်း ပါဝင်သည်။ Facebook က ဖြုတ်ချခဲ့သည့် စာမျက်နှာများတွင် Follower ၁၂ သန်းခန့်ထိ ရှိနေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေးပြဿနာများသည် အမှန်တကယ် ဆိုးရွားလွန်းနေကြောင်း၊ အစောပိုင်းတွင် ဖေ့စ်ဘွတ်ခ်အနေဖြင့် အမုန်းစကားနှင့် သတင်းတုဖြန့်ဝေမှုများကို တားဆီးရာတွင် အားနည်းချက်အချို့ ရှိခဲ့ကြောင်း၊ သို့သော် နည်းပညာပိုင်းမြှင့်တင်လာနိုင်မှုနှင့်အတူ ယင်းကဏ္ဍကို ပိုမို၍ ကြပ်မတ်ကိုင်တွယ်လာနိုင်ပြီ ဖြစ်ကြောင်း Facebook ၏ ကြေညာချက်တွင် ပါရှိသည်။

ထိုသို့ ဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေစိစစ်ရေးမစ်ရှင်အဖွဲ့နှင့် နိုင်ငံတကာကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအလိုက် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများရှိနေသည့် အထောက်အထားများ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ Facebook အနေဖြင့် ၎င်းတို့ပေးထား သည့် ဝန်ဆောင်မှုကို အသုံးပြုကာ လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများ အရှိန်မြင့်လာအောင် လှုံ့ဆော်မည်ကို တားဆီးရန် လိုလားကြောင်း၊ ထို့ကြောင့် ယင်းအဖွဲ့အစည်းများနှင့် ဆက်စပ်သည့် စာမျက်နှာခြောက်ခု၊ အကောင့်ခြောက်ခု၊ Instagram မှ အကောင့်တစ်ခုကို ဖယ်ရှားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Facebook ပေါ်၌ အစစ်အမှန်မဟုတ်သော၊ Facebook ၏ စံသတ်မှတ်ချက်များနှင့် မလျော်ညီသော စာမျက်နှာခြောက်ခုနှင့် အကောင့် ၁၂ ခုတို့ကိုပါ ဖြုတ်ချရန် ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ Facebook က ယင်းတို့၏ ဝန်ဆောင်မှုကို မလျော်ကန်သော နည်းလမ်းများအသုံးပြုခြင်း၊ လူ့အခွင့်အရေးကို သက်ရောက် ထိခိုက်စေခြင်းများ ထပ်မံမဖြစ်စေရန် ဆက်လက်၍ စီမံလုပ်ဆောင်မည်ဟုဆိုသည်။

Facebook အနေဖြင့် ဖြုတ်ချခဲ့သော အကောင့်နှင့် စာမျက်နှာများအနက် အချို့ကို Screenshot မှတ်တမ်းယူကာ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ အရေးယူ ဖယ်ရှားခံရသူများနှင့် အဖွဲ့အစည်းများအနေဖြင့် Facebook ပေါ်တွင် နောက်ထပ်လှုပ်ရှားမှုမျိုး မတွေ့ရ ဟုလည်း Facebook က ကြေညာခဲ့သည်။ 

ထိုသို့ Facebook Team မှ မြန်မာပြည်က အကောင့်အချို့ကို ပိတ်သိမ်းမှုများ ရှိခဲ့သော်လည်း တရားမဝင် သတင်းခိုးယူနေသည့် ပေ့ချ်များနှင့် ဝက်ဘ်ဆိုက်များကို Facebook မှ ဖြုတ်ချနိုင်ရန်မှာ Facebook Team ဘက်က ပူးပေါင်းဆောင်ရွက်လိုအပ်သည်ဟု ဦးမြင့်ကျော်က ဆိုသည်။

“Facebook က ပူးပေါင်း ဆောင်ရွက်ရင်တော့ အဲဒီပေ့ချ်တွေ ကို Facebook ကနေ ပယ်ဖျက်တာမျိုး အဲဒါကလည်း Facebook ဘက်က ပူးပေါင်းဆောင်ရွက်မှုရှိဖြစ်မှာ” ဟု ၎င်းက ပြောကြားသည်။

Facebook အနေဖြင့် ၎င်း၏ Community Standard အရ မြန်မာနိုင်ငံမှ ထင်ရှားသူများ၏ အကောင့်များနှင့် ပေ့ချ်များကို ဖြုတ်ချခဲ့သော်လည်း သတင်းအတုနှင့် သတင်းအမှားများကို လွှင့်နေသည့် ပေ့ချ်များကိုမူ ဖြုတ်ချခြင်းမရှိသည့်အတွက် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဦးဇေယျာလှိုင်က ဆိုသည်။

“Facebook အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေ့ချ်အပြင် တခြားပေ့ချ်တွေကို ပိတ်ပစ်လိုက်တဲ့နည်းတူ တခြားသတင်းအမှားလွှင့်နေတဲ့ ပေ့ချ်တွေလည်းရှိတယ်။ အရမ်းကာရော သတင်းအမှားတွေ သတင်းအတုတွေ လွှင့်နေတဲ့ ပေ့ချ်တွေရှိတယ်။ အဲဒါတွေကျတော့ အရေးမယူဘဲ လွှတ်ထားတာကျတော့ Facebook ရဲ့Community Standard ကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ Facebook အနေနဲ့ကတော့ သူ့ပလက်ဖောင်းကို သူတာဝန်ယူသင့်တယ်” ဟု ဦးဇေယျာလှိုင်က ထောက်ပြပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းခိုးယူနေသည့် ပေ့ချ်နှင့် ဝက်(ဘ်)ဆိုဒ် ၃၁ ခုကို ကြေညာထားပြီး ထပ်မံရရှိမည့် သတင်းခိုးကူးသော အွန်လိုင်းဝက်(ဘ်)ဆိုဒ်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များကိုလည်း ဆက်လက်ကြေညာသွားမည်ဟု ထုတ်ပြန်ထားသည့်အတွက် ယင်းကိစ္စမှာ မည်သို့ဖြစ်လာမည်ကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်သည်။

“ကျွန်တော်က ဖြစ်စေချင်တာကတော့ ကျန်တဲ့မီဒီယာတိုက်တွေကပါ စုပေါင်းပြီးတော့မှ တောင်းဆိုချက်တစ်ခုပေါ့။  Facebook ကိုလည်းကောင်း၊  Google ကိုသော်လည်းကောင်း ဒီပေ့ချ်တွေနဲ့ ဝက်ဘ်ဆိုက်တွေကတော့ မူပိုင်ခွင့်အရလည်း ခိုးသလို လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်စေတယ်။ အဲဒါကြောင်မို့လို့ အွန်လိုင်းပေါ်ကနေ ဖယ်ရှားဖို့အတွက်  မြန်မာမီဒီယာသမားတွေက လိုလားတယ်ဆိုတာမျိုးကို သတိပေးပြီးတော့ ကောင်စီကနေ သတင်းအချက်အလက်လုပ်ပေါ့။ . . .။ ရှင်းရှင်းပြောရင် ဒါကိုတွန်းဖို့အတွက်က အစိုးရမှာ နည်းပညာဌာနတွေလည်း ရှိနေပြီ။ ဆက်သွယ်ရေးဝန်ကြီးဌာနလည်း ရှိတယ်။ နောက်ပြီးတော့ ဆိုက်ဘာမှုခင်းရဲတွေလည်း ရှိတယ်။ အဲဒါတွေနဲ့ပေါင်းပြီး မီဒီယာသမားတွေနဲ့ တွန်းသင့်တယ်လို့ ကျွန်တော်က မြင်တယ်။ ဘာလို့ဆိုတော့ အစိုးရကလည်း အွန်လိုင်းကို စောင့်ကြည့်ဖို့ ဘတ်ဂျက်သုံးထားတာ ရှိတာကို။ ဒီငွေတွေကို ဒီနေရာမှာ သုံးပြီးတော့မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အဆိပ်ခတ်စေမယ့် ကြိုးစားမှုမျိုးတွေကို ဖယ်ရှားသွားသင့်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မီဒီယာသမားတွေကလည်း ပေါင်းပြီး စပြီးတော့မှ ကောင်စီကနေ သတင်းအချက် အလက်လုပ်ပြီး စသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးဇေယျာလှိုင်က ပြောသည်။

Most Read

Most Recent