တရားသူကြီး ကျမ်းကျိန်ရမှာက တရားစီရင်ရေးအတွက် အဖြေလား

တရားသူကြီး ကျမ်းကျိန်ရမှာက တရားစီရင်ရေးအတွက် အဖြေလား
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများအား ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများအား ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ်
Published 2 June 2019
အလင်းဒီ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် အုပ်ချုပ်ရေးမဏ္ဍိုင် အကြီးအကဲ နိုင်ငံတော်သမ္မတဖြစ်လာပြီး ရက်သတ္တ နှစ်ပတ်မပြည့်မီတွင် တရားစီရင်ရေးမဏ္ဍိုင်မှ အကြီးအကဲများကို ခေါ်ယူတွေ့ဆုံခဲ့သည်။

သမ္မတ ဦးဝင်းမြင့်က “တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေရေး အတွက် မည်သို့ကြပ်မတ်သွားမည် ကို စဉ်းစားဆောင်ရွက် စေလိုကြောင်း” ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး အပါအဝင် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးများကို မှာကြားခြင်းက တရားစီရင်ရေး ကဏ္ဍကို တည့်မတ်ဖို့ လိုအပ်နေသေးကြောင်း နိုင်ငံတော် အကြီးအကဲကိုယ်တိုင် အသိအမှတ်ပြုခြင်းဟု ဆိုနိုင်သည်။

လက်ရှိ အရပ်သားအစိုးရ အနေဖြင့် တရားစီရင်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ လွတ်လပ်စွာ တရားစီရင်မှုနှင့် တရားဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ ခံစားခွင့် ရရှိရေးအပေါ် ယုံကြည်မှုနည်းနေဆဲဖြစ် သည်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာ၊ အသနားခံစာများ စိစစ်ရေးကော်မတီကို ရောက်ရှိသည့် တိုင်စာများက သက်သေခံနေပေသည်။

အဆိုပါကော်မတီက လက်ခံရရှိသည့် တိုင်စာများတွင် တရားသူကြီးများ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး တိုင်ကြားမှု နည်းပါးသော်လည်း တရား မျှတစွာ စီရင်ပါ့မလား ဆိုသည့်စိုးရိမ်မှုဖြင့် တရားမစီရင်ရသေးမီ ပေးပို့သည့် တိုင်စာက များပြားသည်ဟု ကော်မတီဝင် လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

“တချို့က ဦးအောင်တိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးကဏ္ဍကို ယုံကြည်မှုအားနည်းလို့။ တချို့ကျ အမှုဖြစ်နေတုန်း သက်သေတင်သွင်းတာ အဆင်မပြေလို့၊ ရုံးချိန်းများလို့ဆိုပြီး တိုင်ကြားတာတွေလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် တရားစီရင် ရေးနှင့်ပတ်သက်၍ ပြည်သူများ ကြား ဝေဖန်မှုမြင့်တက်နေပြီး ယုံကြည်အားကိုးမှုများလည်း လျော့ကျနေကာ ထိုအခြေအနေအတွက် တရားသူကြီးများပါ ကျမ်းကျိန်သင့်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ပြောကြားသည်။

ပြည်သူများ ယုံကြည်ကိုးစား ပြီး ဖြောင့်မတ်မှန်ကန်သည့် တရား စီရင်ရေး ဖြစ်ထွန်းစေရန် ရည် ရွယ်ချက်ဖြင့် အမှုကိုစီရင်သည့် တရားသူကြီးများပါ ကျမ်းသစ္စာ ကျိန် ဆိုသင့်ကြောင်း တိုက်တွန်းသည့် အဆိုတစ်ရပ်ကို အဆိုပါ ကိုယ်စား လှယ်က ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တင်သွင်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်အနက် လွှတ်တော် တစ် ရပ်ကသာ အတည်ပြုရသေးပြီး ကျန် လွှတ်တော်တစ်ရပ်တွင် ဆက်လက် ဆွေးနွေးမည့် အခြေအနေဖြစ်သော် လည်း အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးစိုးမိုး တင်သွင်းသည့် အဆိုနှင့်ပက်သက်၍ တရားသူကြီး များအကြား၊ ရှေ့နေနှင့် ပြည်သူလူထု အကြား အာရုံစိုက်စရာအကြောင်း အရာဖြစ်စေခဲ့သည်။

“ဒါက အလင်းတစ်ခုတော့ ထွက်လာတာပေါ့။ တရားစွဲခံရသူ၊ တရားစွဲသူ စတဲ့သူတွေကို မှန်မှန် ကန်ကန်ထွက်ဖို့ ချည်နှောင်တဲ့ ကျမ်းထုပ်နဲ့ ပတ်သက်ပြီး ဒါက ဖြစ် လည်းဖြစ်သင့်ပါတယ်။ ကျွန်တော် တို့က နောက်ဆုံးတရားသူကြီးတွေ ကိုတောင် တရားစွဲလို့ရတဲ့ ခုံရုံးသီး သန့်တောင်ရှိစေချင်တာ” ဟု သာယာဝတီမြို့နေ ကိုဇေယျာက ဆို သည်။

လွှတ်တော်တွင် အဆိုအတည်ဖြစ်မှု အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဦးစိုးမိုးသည် အသက်  ၃၉ နှစ် အရွယ်ရှိပြီး တရားလွှတ်တော်ရှေ့ နေတစ်ဦးဖြစ်ကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ဖြစ်သည်။  ထို့ပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၏ သမက်တော်စပ်သူလည်း ဖြစ် သည်။

၎င်းင်းတင်သွင်းသည့်အဆိုနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ တရားသူကြီးဦးမျိုး တင့်က တရားသူကြီးများအနေဖြင့် စတင်ခန့်အပ်စဉ်အချိန်ကတည်းက ကျမ်းသစ္စာကျိန်ဆိုမှုများ ပြုလုပ် ပြီးဖြစ်သည့် အတွက် အဆိုကို မှတ် တမ်းအဖြစ်ထားရှိရန် လွှတ်တော် သို့ တင်ပြခဲ့သည်။ ယင်းအတွက် ကြောင့် အဆိုကို အတည်ပြုရေး မဲခွဲဆုံးဖြတ်ခဲ့ရပြီး မဲပေးခွင့်ရှိသူ ၁၉၇ ဦးအနက် ထောက်ခံမဲ ၁၆၅ မဲ ရသည့်အတွက် ထောက်ခံမဲအများစုဖြင့် အဆိုအတည်ဖြစ်ခဲ့သည်။

ယင်းအဆို အောင်မြင်မှုကြောင့် စတုတ္ထအကြိမ် ပြင်ဆင်ရေးဆွဲနေသည့် ပြည်ထောင်စုတရား စီရင်ရေး ဥပဒေကြမ်း ပုဒ်မ ၂၃ ပုဒ် မခွဲ (ဂ) ၂ ပုဒ်မခွဲငယ် (၂) တွင် ရွေး ချယ်ခန့်ထားခြင်းခံရသည့် တရား သူကြီးများက နေ့စဉ်တရားခွင် တက် ရန် စတင်ဆောင်ရွက်သည့်အချိန် တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန် အတွက် စီစဉ်ဆောင်ရွက်ရမည်ဟု ဖြည့်စွက်ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ခြွင်းချက်အနေဖြင့် ဥပဒေတစ်ရပ် ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ် ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟုလည်း ပါရှိခဲ့ပြီး ယင်းအချက်များပါ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်က မေ ၂၈ ရက် တွင် အတည်ပြုခဲ့သည်။

“တရားရုံးရှေ့မှောက်မှာ လူ တိုင်းအပေါ် သာတူညီမျှရှိခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ တရားသူကြီးတစ်ဦး၏ ပြုမူဆောင်ရွက်ချက်သည် တရားစီရင်ရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုအပေါ် ပြည်သူရဲ့ ယုံကြည်ကိုးစားမှု ရရှိဖို့ ထပ်လောင်းအတည်ပြုခြင်း ဖြစ်စေပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ပြောကြား သည်။

တရားရုံးတော်သို့ မှန်ကန်စွာ ထွက်ဆိုပါမည်ဟု အမှုသည်နှင့် သက်သေများက ကျမ်းသစ္စာကျိန် ဆိုရပြီး အမှုကိုစီရင်ဆုံးဖြတ်ရသည့် တရားသူကြီးကလည်း ကျမ်းသစ္စာ ကျိန်ဆိုမည်ဆိုပါက တရားစီရင်ရေး အပေါ် အထိန်းအကျောင်းဖြစ်မည် ဖြစ်ပြီး ၎င်းတို့၏ မလျော်မကန် ဆောင်ရွက်ချက်များလည်း လျော့နည်းလာမည်ဟု အဆိုရှင် ဦးစိုးမိုးက ယူဆသည်။

သို့သော် NLD ပါတီမှ ၂၀၁၈ ခုနှစ် ဇွန်တွင် နုတ်ထွက်ခဲ့သည့် မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင် အောင်ထွန်းကတော့ ကျမ်းကျိန်ရုံဖြင့် ပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် မဖြစ်နိုင်ဟု ဆိုသည်။ ၎င်းအနေဖြင့် စတုတ္ထ အကြိမ်ပြင်ဆင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကြမ်းကို ဆွေးနွေးစဉ်ကလည်း မတ်တတ်ရပ် ကန့်ကွက်ခဲ့ပြီး ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်ခွင့်မရခဲ့ပေ။

ဦးတင်အောင်ထွန်းသည် ဥပဒေကြမ်းကို တရားလွှတ်တော် ချုပ်ရုံး၊ ရှေ့နေချုပ်ရုံးတို့နှင့် တွေ့ဆုံ ကြားနာစဉ်က လာရောက်ကြားနာခြင်း မရှိသည့်အတွက် အမျိုးသား လွှတ်တော် နည်းဥပဒေ ပုဒ်မ ၁၉၁ (ခ)အရ ကန့်ကွက်ခွင့် မရှိတော့ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ဖြေရှင်းသည်။

ထို့နောက်တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းပါ အပုဒ်များကို တစ်ပုဒ်ချင်းစီအလိုက် ဖတ်ကြားပြီး လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်သူ မရှိသည့်အတွက် ဥပဒေကြမ်းကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

ကျမ်းကျိန်ရုံနှင့် တရားစီရင်ရေး ဖြောင့်မတ်မှန်ကန်ပြီလား

မြန်မာပြည်သူလူထု အနေဖြင့် ကျမ်းသစ္စာကျိန်ဆိုသည့်အပေါ် ယုံကြည်သည့် အဆင့်တွင် ရှိသည့်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခြင်းသည် တရားသူကြီး အပေါ်တွင်လည်းကောင်း၊ ပြည်သူအပေါ်တွင်လည်းကောင်း သက်ရောက်မှုရှိမည်မှာ သေချာသည်ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက RFA သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သို့သော် ၎င်းက ဆက်လက်ပြီး “ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့အတွက် တရားသူကြီးတွေဟာ မှန်မှန်ကန်ကန် ပြုကျင့်ပြီလား။ တည့်တည့်ပြောရင် လာဘ်ပေးလာဘ်ယူတွေ မရှိတော့ဘူးလားလို့တွေးရင် အဲဒီလောက်ကြီး အထိတော့ ရာနှုန်းပြည့်အာမ မခံနိုင်ဘူး” ဟု ပြောကြားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက် တွင် စတင်ဖွဲ့စည်းသည့် ပြန်ကြား ရေး ဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် လက်ထက်တွင် ဒုတိယခရိုင်သူကြီး၊ မြို့ နယ် တရားသူကြီးနှင့် တရားရေး ဦးစီးအရာရှိ စသည့် တရားစီရင်ရေး ကဏ္ဍမှ တာဝန်ရှိသူများ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံခဲ့ရသည်။ ထို့ပြင် ဥပဒေအရှာရှိနှင့် ရဲဝန်ထမ်းများလည်း အရေးယူခံရမှုတွင် ပါဝင်ပြီး အထင်ရှားဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ တရား စီရင်ရေးစနစ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ အထက်ပါ ဥပဒေများအရ ပြည် ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်၊ ခရိုင်တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ တရားရုံး၊ မြို့နယ်တရားရုံး၊ ဥပဒေ အရ တည်ထောင်သည့် အခြား တရားရုံးများဟူ၍ တရားရုံး အဆင့် ဆင့် ဖွဲ့စည်းတည်ရှိသည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ပြီးနောက် နိုင်ငံ၏ ဒုတိယအမြင့်ဆုံး တရားရုံး များဖြစ်သည့် တိုင်းဒေသကြီး၊ ပြည် နယ် တရားလွှတ်တော် ၁၄ ရုံး၊ ဒုတိယအနိမ့်ဆုံး တရားရုံးများ ဖြစ်သည့် ခရိုင်တရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ တရားရုံး စုစုပေါင်း ၇၄ ရုံး၊ မူလရုံးများဖြစ်သည့် မြို့နယ်တရားရုံး ၃၃၀ ရုံးနှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံး ၂၂ ရုံးတို့ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သိရသည်။

တရားသူကြီးအချို့သည် အဂတိတရားလေးပါးနှင့် မကင်းရှင်းမှုက ရှေ့နေသက်တမ်းတစ်လျှောက် ကြုံတွေ့ရသည့် အခက်အခဲများထဲမှ အဓိက အခက်အခဲ ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က မှတ်ချက်ပြုသည်။

“အဂတိလိုက်စားမှုဆိုတာ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ။ ပိုက်ဆံယူမှ အဂတိလိုက်စားမတာ မဟုတ်ဘူး။ ငွေလာဘ်စားမှ အဂတိ လိုက်စားတာ မဟုတ်ဘူး။ ဥပမာ အမျိုးသမီး တရားသူကြီးဆိုရင် အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အမျိုးသမီးဘက်က ငဲ့ညှာပြီးတော့ ဘက်လိုက်ပြီးတော့ စစ်တာမျိုးတွေ၊ ပိုက်ဆံရရှိရင်လည်း ပိုက်ဆံရှိတဲ့ ဘက်ကို လိုက်ပြီးတော့ စစ်တာမျိုး တွေရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ဆိုသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားသူကြီး အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် တရားလွှတ်တော်တွင် တိုင်းဒေသကြီး၊ ပြည်နယ်တရားသူကြီးချုပ် အပါအဝင် တရားသူကြီး အနည်းဆုံး သုံးဦးမှ ခုနှစ်ဦးအထိ ခန့်အပ်နိုင်ကြောင်း ၂၀၀၈ အခြေခံဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အမျိုးသားလွှတ်တော်က အ တည်ပြုသည့် စတုတ္ထအကြိမ် ပြင် ဆင်သည့် ပြည်ထောင်စုတရားစီရင် ရေး ဥပဒေကြမ်း ပုဒ်မ ၂၃ (က) အရ ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်   ချုပ် တရားသူကြီးများသည် စတင် တာဝန်မထမ်းဆောင်မီ ပြည်ထောင် စုလွှတ်တော် နာယကရှေ့မှောက်၌ လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည် နယ် တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် တရားသူကြီးများသည် စတင်တာဝန်မထမ်းဆောင်မီတွင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌရှေ့မှောက်၌လည်း ကောင်း ကျမ်းသစ္စာ (သို့မဟုတ်) ကတိသစ္စာပြုရမည်ဖြစ်သည်။ ထို့ အပြင် ဥပဒေကြမ်း ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ)  ပုဒ်မခွဲငယ် (၂) အရလည်း ရွေးချယ်ခန့်ထားခြင်းခံရသည့် တရားသူကြီးများအနေဖြင့် နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်ချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ (သို့မဟုတ်) ကတိသစ္စာပြုရမည် ဖြစ်သည်။

တရားသူကြီးများ အနေဖြင့် ကျမ်းကျိန်ပြီး တရားစီရင်ချက် ချမှတ်တိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ် မည်မှာ မသေချာသဖြင့် ကျမ်းကျိန် ရေး ဆောင်ရွက်ချက်က ထိရောက်မှု ရှိမည်ဟု မထင်ကြောင်း အငြိမ်းစား တရားသူကြီး စာရေးဆရာ ပြေလွင်မြင့်က မီဒီယာတစ်ခုသို့ မှတ်ချက်ပေးသည်။ 

ကျမ်းသစ္စာ ကျိန်ဆိုရသည့် အမှုသည်နှင့် သက်သေများနည်းတူ အမှုစီရင်သည့် တရားသူကြီး ကိုယ်တိုင် ကျမ်းကျိန်ရခြင်းက တရားသူကြီးအပေါ် စိတ်ပိုင်းဆိုင် ရာ ချည်နှောင်မှုဆိုသည့် ခံစားမှုသာ ဖြစ်စေပြီး ယင်းအချက် တစ်ချက် တည်းဖြင့် တရားစီရင်ရေးစနစ်ကို မတည့်မတ်နိုင်ဟု ၀ါရင့်တရားလွှတ် တော်ရှေ့နေများနှင့် ပြည်သူအချို့ က ပြောကြားသည်။

“တရားသူကြီး ကျမ်းကျိန်ရုံနဲ့ လည်း ဘာမှ ဖြစ်လာမှာတော့ မဟုတ်ဘူး။ ပြည်သူလူထုက ကျမ်း ကျိန်ရင် ကောင်းမယ်ဆိုလို့  လုပ် တယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဘာမှထူးပြီး တိုး တက်လာစရာ မရှိပါဘူးလို့ပဲ မှတ် ချက်ပြုချင်ပါတယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

တရားစီရင်ရေး တည့်မတ်ရန် တရားရေးကဏ္ဍ တစ်ခုတည်းတွင် သာ တာဝန်ရှိသည်မဟုတ်ဘဲ ရှေ့နေနှင့် ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုလည်း လိုအပ်သည်ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက သုံးသပ် သည်။

အချို့သော ရှေ့နေများနှင့် အမှုသည်အချို့က အမှုမြန်ဆန်စွာ ပြီးမြောက်ရေး၊ အသာရရေးတို့ အတွက် လာဘ်လာဘဖြင့် ဆောင် ရွက်ရန် ကြိုးပမ်းမှုများလည်းရှိရာ ယင်းအချက်က တရားရေး ယိမ်း ယိုင်စေသည့် အကြောင်းအရာများ ထဲတွင် တစ်ချက်အနေနှင့် ပါဝင် သည်ဟု ၎င်းင်းက ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင် အသစ်လက်ထက်တွင် ဥပဒေအရာရှိ ငါးဦး၊ တရား လွှတ်တော်ရှေ့နေ နှစ်ဦးနှင့် အထက်တန်းရှေ့နေ နှစ်ဦး၊ ရဲဝန်ထမ်းများ ပါဝင်နေခြင်းက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း သုံးသပ်ချက်နှင့် ကိုက်ညီနေသယောင်ရှိသည်။

“အခုဟာက အရမ်းယိုင်နေ တဲ့ကိစ္စတစ်ခုကို ဆောင့်ဆွဲပြီး တည့် ဖို့က အတော်ခက်တယ်လေ။ အဲဒီ တော့ တဖြည်းဖြည်းချင်း ဆွဲယူ၊ လွှတ်တော်တို့ အုပ်ချုပ်ရေးပိုင်းတို့ ကလည်း ၀ိုင်းတွန်း၊ သူတို့ကိုယ်တိုင်ကလည်း တည့်နိုင်အောင်ကြိုးစား နောက်တစ်ခါ နှစ်ဖက်ဖြစ်တဲ့ ပြည် သူကိုယ်တိုင်ကလည်း တည့်မတ်ဖို့ အရေးကြီးတယ်” ဟု ၎င်းက ပြောကြားသည်။

တရားရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခြင်းနှင့် အခြားသောနည်းလမ်းများ

တရားစီရင်ရေးစနစ်ကို ပြည် သူယုံကြည်ကိုးစားရန် တရားသူကြီး ကျမ်းကျိန်ခြင်းထက် တရားရေး ဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခြင်း၊ ၂၀၀၈ အခြေခံဥပဒေနှင့် ပြည် ထောင်စုတရားစီရင်ရေး ဥပဒေ တို့ကို ပြင်ဆင်ခြင်းတို့ လုပ်ဆောင် ခြင်းက ပို၍ထိရောက်မည်ဟု ဥပဒေ ပညာရှင်များက မှတ်ချက်ပြုထားသည်။

အမှုသည်နှင့် သက်သေများ သည် ကျမ်းသစ္စာကျိန်ဆို၍လည်း မမှန်မကန် ထွက်ဆိုခြင်းများ ရှိနေသောကြောင့် တရားသူကြီးများ ကျမ်းကျိန်မည့်အပေါ် တရားလွှတ် တော်ရှေ့နေအချို့ သဘောမကျ ကြခြင်းဖြစ်သည်။

တရားရေးဝန်ကြီးဌာနကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ပြီး ယင်းသို့ ဖျက်သိမ်းမှု ကြောင့် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု နှင့် တရားရေးလုပ်ငန်းပိုင်ဆိုင်ရာ လိုအပ်ချက်များ ပေါ်ပေါက်သည့် အတွက် တရားရေးဝန်ကြီးဌာန ပြန် လည်ဖွဲ့စည်းရန် ရှေ့နေအဖွဲ့ အစည်းအချို့က တောင်းဆိုမှုများရှိ သည်။ ထို့ပြင် တရားရေးဝန်ကြီး ဌာန ပြန်လည်ထားရှိ သင့်၊ မသင့် အလုပ်ရုံ ဆွေးနွေးပွဲများလည်း လုပ်ဆောင်မှုများ ရှိနေသည်။

အဓိက ပြုပြင်ရမည်မှာ တရားစီရင်စနစ် ပင်မအရင်းအမြစ်ဖြစ် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပဒေ ဖြစ်သည်ဟု နိုင်ငံရေး တက်ကြွသူများနှင့် ဥပဒေပညာရှင်များက ဆိုသည်။

“အချုပ်ပြောရရင်တော့ ၂၀၀၈ စာအုပ်စိမ်းကြီးနဲ့ ကင်းလွတ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ လုပ်ရမယ်။ အဲဒါမှ လူထုကို ကာကွယ်တဲ့၊ ဒီမိုကရေစီ ကာကွယ်တဲ့၊ တရားမျှတ မှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တရားစီရင်ရေးစနစ် ဖြစ်လာမယ်။ ၂၀၀၈ စာအုပ်အစိမ်းကြီးရဲ့ လောင်းရိပ်အောက်က သွားလို့ကတော့ ကင်ဆာရောဂါသည်ကို လျက်ဆားတိုက်လိုက်၊ သံမနိုင် ကျောက်မနိုင် တိုက်လိုက် အဖြစ်မျိုးပဲ ဖြစ်မှာပဲ။ တကယ့် ပင်မကို ဖြေရှင်းရမှာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

အာဏာရပါတီဖြစ်သည့် NLD ပါတီ (ဗဟို) ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ကလည်း တရားရေး ဝန်ကြီးဌာန ပြန်လည်ထားရှိ သင့်၊ မသင့်နှင့် စပ်လျဉ်းပြီး ဥပဒေပညာရှင်များနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိသည်။ ယင်းအချက်အပြင် ပိုမိုကောင်းမွန်သည့် တရားသူကြီး အဆင့် ၄ (မြို့နယ် တရားသူကြီးအဆင့်) ခန့်အပ်နိုင်ရေး၊ လျော်ကန်သင့်မြတ်မှုမရှိသည့် စီရင်ချက်နှင့် အမိန့်များအတွက် မည်သို့ကုစားမည် စသည့်အချက်များနှင့် စပ်လျဉ်းပြီး ရွှေဂုံတိုင်ရှိ NLD ပါတီ ဌာနချုပ်တွင် ဧပြီ ၁ ရက်က ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဥပဒေပညာရှင် ၇၀ ဦးခန့် တက်ရောက်ဆွေးနွေးကြပြီး  အားလုံးနီး ပါးက တရားရေးဝန်ကြီးဌာန ပြန် လည်ထားရှိသင့်ကြောင်း့ မှတ်ချက်ပေးကြသည်ဟု NLD ပါတီ (ဗဟို) ဥပဒေရေးရာအထောက် အကူပြု အဖွဲ့ အဖွဲ့ဝင်တရား လွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ပြောကြား သည်။

အချို့သော ၀ါရင့်ရှေ့နေများ ကတော့ လက်ရှိကျင့်သုံးနေသည့် တစ်ပါးထိုင် တရားစီရင်ရေးစနစ်ကို ဖျက်သိမ်းပြီး ဂျူရီစနစ် (သို့မဟုတ်) သုံးပါးထိုင် တရားစီရင်ရေး စနစ်များကို ပြန်လည်ကျင့်သုံးသင့်သည်ဟု ရှုမြင်သည်။

“၁၉၈၈ မတိုင်မီတုန်းက သုံးပါးထိုင်စနစ် ကျင့်သုံးခဲ့တယ်။ အခု သုံးပါးထိုင်စနစ်ကို ပြန်သွားဖို့ ဆိုပြီး နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဂျူရီစနစ်ဆိုတာ တရားသူကြီး လည်းပါမယ်။ ကျန်တဲ့ ဂျူရီလူကြီး တွေလည်းပါမယ်။ အဲဒီစနစ်ကို ပြောတာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်ကာလက ပြည်သူ့တရားစီရင်ရေးစနစ်ကို ကျင့် သုံးသည်။ ပြည်သူ ရွေးကောက်တင် မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ် များဖြင့် တရားသူကြီးများကို ဖွဲ့ စည်းခဲ့ပြီး တရားသူကြီးသုံးဦးဖြင့် ရုံးထိုင်ကာ ဗဟိုတွင် ပြည်သူ့တရား သူကြီးအဖွဲ့ရှိသည်။ ပြည်နယ်နှင့် တိုင်းအဆင့်တွင် ပြည်နယ်နှင့် တိုင်းပြည်သူ့တရားသူကြီးအဖွဲ့၊ မြို့နယ် အဆင့်တွင် မြို့နယ်တရားသူကြီး အဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်မှု အဆင့်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့တရားသူကြီး အဖွဲ့များ ဖွဲ့စည်းထားရှိပြီး ခရိုင်အဆင့်ဟူ၍ မထားခဲ့ကြောင်း သိရသည်။

ထိုအချိန်က တရားသူကြီးများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ ဦးဆောင်မှုကို ခံယူရသော်လည်း တရားစီရင်ရေးတွင် ပါတီနှင့် ကောင်စီအဆင့်ဆင့်တို့က ဝင်ရောက် သြဇာလွှမ်းမိုးမှု မရှိသလောက်ဖြစ်သည်ဟု ဆောင်းပါးရှင် မောင်စာဂ၏ တရားစီရင်ရေးဆိုင်ရာ အခြေခံများနှင့် ဥပဒေ ဆောင်းပါးတွင် ရေးသားဖော်ပြ သည်။

ပြည်သူ့လွှတ်တော်ကို ဖြတ်သန်းရဦးမည့် စတုတ္ထအကြိမ် ပြင်ဆင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကြမ်း

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီမှ ကိုယ်စားလှယ် ၁၂ ဦးဖြင့် စုစုပေါင်း ၁၆၈ ဦး တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦးဖြင့် ဖွဲ့စည်း ထားသည့် အမျိုးသားလွှတ်တော် တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရမည့် အချက်များပါဝင် သည့် ပြည်ထောင်စုတရားစီရင် ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ဖြစ် ခဲ့သော်လည်း မြို့နယ်ပေါင်း ၃၃၀ မှ လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၃၃၀ နှင့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဦးရေ ၁၁၀ စုစု ပေါင်း ၄၄၀ ရှိသည့် ပြည်သူ့လွှတ် တော်တွင် ဆက်လက်ဆွေးနွေး ရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် မဆွေးနွေးမီ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြည် ထောင်စုတရား စီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ဆွေးနွေးမည်ဖြစ်ပြီး လာ မည့်အပတ်အတွင်း ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီ အတွင်းရေးမှူး ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောကြားသည်။

ပါတီတစ်ခုတည်းက လွှတ်တော်နှစ်ရပ်တွင် ကြီးစိုးနေသော် လည်း အချို့သော ဥပဒေကြမ်းများ တွင် လွှတ်တော်နှစ်ရပ် သဘောထား တူညီပြီး အချို့သော ဥပဒေကြမ်းများ တွင် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲသည့်အတွက် စတုတ္ထအကြိမ် မြောက် ပြင်ဆင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကြမ်းရှေ့ ဆက်မည်သည့် အခြေအနေရှိမည်ကိုတော့ လွှတ်တော်ကိုယ်စားလှယ် အချို့လည်း မခန့်မှန်းနိုင်သေး။

“လောလောဆယ်မှာကတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်၊ ကော်မတီရဲ့ စစ်ဆေးချက်အပေါ်မှာပဲ မူတည်မှာပါ” ဟု လွှတ်တော်ကိုယ် စားလှယ်ဦးကျော်စိုးလင်းက ပြောကြားသည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူရမည် ဖြစ်သည်။                 

 

Most Read

Most Recent