မင်းသားနဲ့မင်းသမီး မတရား ဇာတ်နာ ပြပြီး ဇာတ်စထွက်တာနဲ့ သေသွားခဲ့သလို စခဲ့တဲ့ ဇာတ်လမ်းတွေလိုပါပဲ။ မျက်ရည်တွေ ချူရင်း အလွမ်းဇာတ်ကွက်က မတက်တဲ့ ဇာတ်လမ်းတွေကြည့်ရတာ များနေတဲ့ ဒီအ ခင်းအကျင်းတွေထဲ လူပိန်းကြိုက်ဇာတ်မျော ကြီးတွေပဲ တွေ့တွေ့နေရတယ်။ ဖတ်ခဲ့ရဖူး တဲ့ ဇာတ်လမ်းတွေထဲမှာတော့ ရွှေဘ လာ ရင် ပွဲပြီးတဲ့ဇာတ်လမ်းအသွားတွေပါပဲ။ ဒီလို နဲ့ နေရောင်ဟာ အိမ်ရှေ့ပြတင်းပေါက်က ဝင်လာပြီး အိမ်နောက်ဖေးပေါက်က တိတ် တိတ်လေး ဆင်းသွားတယ်။ပြေးလိုက်ကြ၊ ပြေးနေကြတယ်။ ဒါပေမဲ့ လရောင်ဟာ ဖမ်း ဆုပ်ဖို့ခက်တဲ့ လကွယ်ညတွေလို၊ ဇာတ်လမ်း ဟာ ကျောရိုးမဲ့မဲ့လာတဲ့ တွားသွားသတ္တဝါ တစ်ကောင်လို။ မိုးလင်းမိုးချုပ် ဒီအကြောင်း အရာတွေကိုပဲ ထိုင်တွေးနေရတာက စိတ်အ ချဉ်ဖောက်ထားတဲ့ ကဇော်ခွက်လိုပါပဲ။ ဒီလို နဲ့ ဇာတ်လမ်းဟာ လမ်းရိုးအတိုင်းသွားနေ ရင်း အချိန်တန်တော့ ရွှေဘလာမယ်ဆိုတဲ့ အသိတွေက ဝင်နေတယ်။ ပြင်ပလောက ဟာလည်း ရွှေဘလိုလူတွေကို မျှော်နေကြ တော့တယ်။ ရွှေဘလိုလူတွေ တစ်ယောက် ပြီး တစ်ယောက် ပြောင်းသွားတယ်။ ဒါပေမဲ့ ရွှေဘလိုလူတွေက ကယ်တင်တာ မဟုတ်ဘဲ ချနင်းတဲ့အကွက်တွေ မြင်နေရတယ်။ ဒီလိုနဲ့ ဇာတ်မျောကြီးဟာ ဘာမှ ထူးခြားမလာဘဲ ဆက်တိုက် ကြည့်နေရပြန်တယ်။ လူပြိန်း တွေကတော့ လက်ခုပ်တီးနေကြတုန်းပဲ။
လမိုက်ညမို့ ထင်တယ်။ကြယ်ကလေး တွေ ပိုမြင်နေရတယ်။ နွေက တဖြည်းဖြည်းနဲ့ ရေဓာတ်တွေကို ကောင်းကင်ကြီးဆီ စုပ်ယူခဲ့ တယ်။ ဒီလိုနဲ့ ညကောင်းကင်ယံထဲ မိုးတိမ် တွေနဲ့။ မိုးတိမ်တွေမြင့်နေရင် မိုးမရွာတတ် သေးဘူးတဲ့။ ဒါဆို အပူဒဏ်ကို ရင်ကော့ အောင် ခံနေရမယ့်အဖြစ်က ညတာကို ပို ရှည်ပြီး လမိုက်ညကို ပိုမှောင်စေခဲ့ပြီ။ လေ ပြေဆိုတာက တစ်ခါတစ်ရံ လမ်းမှားတတ်တဲ့ အမျိုးလား။ လေပြေတွေ မျှော်ရတာက လည်း ဘယ်တော့မှ ပြန်မလာတော့မယ့် ချစ် သူကို မျှော်နေရသလို၊ လာနိုးနိုးနဲ့ ညတွေ ဟာ အလျားလိုက် ရှည်ထွက်ကျလာတာပဲ။ နွေညဟာ လေပြေရူးရူးပူပူတွေနဲ့ အပေါစား ဟာသ ပြောတတ်တဲ့ ရွာထဲက လူကြီးရူးရူး နေတဲ့ ဦးကြီးတစ်ယောက်လို၊ တစ်ချက် တစ် ချက် ဆရာထထလုပ်ရင်း သူ ရှိ သေးကြောင်း ကြားရသေးတယ်။ လေရူးက နွေညကို တစ် ချက်တစ်ချက် မိုးသားတိမ်တွေ ခေါ်လာ လိုက်၊ ပြန်မောင်းထုတ်လိုက် ဆော့ကစား နေခဲ့တယ်။ နွေညတွေထဲ မြေကမ္ဘာဆီက စုပ်ယူသွားခဲ့ ရေငွေ့လေးတွေကို ကောင်း ကင်ကနေ မိုးစက်တွေအဖြစ် ပြန်ကျလာဖို့ မျှော်လင့်နေဆဲ။
ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေကိုပဲ ထပ်တလဲလဲ ပြန်ကြည့်နေရသလို ဇာတ်အိမ် ရဲ့ စလယ်ဆုံးက ကြိုတင်ချိတ်ဆက်ထားတဲ့ ဆက်တင်တွေနဲ့။ ဇာတ်လမ်းတိုင်းမှာတော့ ခံနေရတဲ့သူတွေက ပြောင်းလဲမသွားခဲ့ဘူး။ အနိုင်ကျင့်နေတဲ့သူတွေသာ ပြောင်းသွားခဲ့ တယ်။ ဘယ်ဇာတ်လမ်းလာလာ၊ ဘယ်သူ တွေ စင်ပေါ်တက်တက် ဒီလူတွေပဲ အနိုင် ကျင့်ခံရတာပဲ။ ဒီလူတွေပဲ သေပေးရ၊ ဒီလူ တွေပဲ ဖြတ်လျှောက်ပေးရနဲ့ တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး အနိုင်ကျင့်ခံခဲ့ရ တယ်။ ဒါပဲ အချိန်တန်ရင် ပြီးပါပြီဆိုတဲ့ စာတန်းက အားလုံးကို မီးပိတ် နှုတ်ဆက်ခဲ့ ဦးမယ်။ ကြည့်နေရတဲ့ ကျွန်တော်တို့ အံတ ကြိတ်ကြိတ်နဲ့ ဘာမှ မပြောချင်၊ ဆဲချင်တဲ့ စိတ်ကို ထိန်းခဲ့ရတဲ့ ဇာတ်ကွက်တွေက များ လှပြီ။ ကျွန်တော်တို့တွေက ခေတ်ကြီးတစ်ခု လုံး ဆုတ်ကပ်ထဲက နယ်ရုပ်လေးတွေလိုပါ။ ဘယ်အချိန် ဇာတ်ကွက်အပြောင်းခံရမယ် မှန်းမသိတဲ့ ဇာတ်ညွှန်းမဖတ်ဖူးတဲ့ သရုပ် ဆောင်တွေလို။ ကပြသူရဲ့ဇာတ်ကွက်က တော့ ဇာတ်ညွှန်းအတိုင်းပါပဲ။ ဘယ်အချိန် မှာ ဘာကို ဆွဲထုတ်ပြီး ဘာကို ထိုးကျွေးရမယ် ဆိုတဲ့ ဇာတ်ကွက်က လက်ဝါးရိုက်ပြီးသား။ အရောင်တွေ မတူတာနဲ့ မြင်ကွင်း မတူဘူး ထင်နေအောင် လုပ်ထားတာ။ တကယ် တော့ ဇာတ်ညွှန်လည်း သူ၊ ဒါရိုက်တာလည်း သူပဲဆိုတော့ ဘယ်အချိန်မှာ ဘယ်အကွက် ထိုးထည့်ပြီး ပရိသတ်တွေကို ဇာတ်ရှိန် ပြောင်းရမလဲ သိပြီးသား။
ညတွေ တဖြည်းဖြည်း ရှည်လာတယ်။ ဟိုတစ်လောက ကြည့်ခဲ့ဖူးတဲ့ နိုင်ငံခြား ဇာတ်လမ်းတွဲကို သတိရမိတယ်။ ဇာတ်လမ်း က ပလင်ကိုု လုကြတဲ့ဇာတ်လမ်း၊ အာဏာ လုတဲ့ဇာတ်။ ဒီလိုနဲ့ ဇာတ်လမ်းထဲမှာ နွေဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးပြီး ဆောင်းက တဖြည်းဖြည်း ရောက်လာတယ်။ အဲဒီလိုနဲ့ အေး စက်စက်ဆောင်းရာသီဟာ နှစ်ပေါင်းများစွာ ကြာမြင့်မယ့်အကြောင်း ဟောကိန်းတွေ ထုတ်ကြ၊ လူကြီးတွေက နောက်ဆုံးကြုံခဲ့ရ တဲ့ ဆောင်းအကြောင်း ပြောနေကြတယ်။ သူတို့ဆီမှာ ဆောင်းကိုအရမ်းကြောက်ခဲ့၊ ည မှောင်မှောင်ကို အရမ်းကြောက်ခဲ့၊ အမှောင်ဆိုတာ သေဆုံးပြီးသူတွေ ပြန်လည်ရှင်သန် ခွင့်ရတဲ့ အချိန်လို့ သူတို့တွေ မှတ်ထားကြ တယ်။ ရုပ်ရှင်ကတော့ ရုပ်ရှင်အတိုင်း သွားတာပဲ။ အချိန်တန်ရင် အမှန်တရားနိုင်မယ် ဆိုတာ ပြပေမဲ့ ကြားထဲမှာ ငွေကြေးနဲ့ အကပ် အယက်ကောင်းသူတွေ အားသာကြောင်း ပြသွားခဲ့တယ်။ အရှက်မဲ့သူတွေနဲ့ သစ္စာမဲ့သူ တွေ၊ နဂါးတွေ၊ မြေခွေးတွေ၊ တစ္ဆေသရဲတွေ ဒါတွေဟာ နိမိတ်ပုံတွေ ယူပြီး တစ်ကွက်ချင်း စီ ပြသွားတာ ထိုင်ကြည့်နေခဲ့။ ဇာတ်လမ်းထဲ က ဇာတ်ကောင်တိုင်း ဘယ်အချိန် ဘယ်သူ ကို နောက်ကျောကနေ ဓားနဲ့ ထထိုးမလဲ၊ ခြေ လိမ်ထိုးမလဲ မှန်းရခက်တဲ့ မျက်လုံးတွေနဲ့ စကားတွေဟာ ကြောက်ဖို့ကောင်းတဲ့ အနိဋ္ဌာရုံတွေ ဖြစ်လာခဲ့တယ်။
နှင်းတွေ တဖွဲဖွဲ ကျနေတဲ့ နေ့ရက်တွေ ရောက်လာခဲ့တယ်။ အလိုရမက်ကြီးသူတွေ ရဲ့ ရန်ပွဲတွေဟာ ရုပ်မြင်သံကြားဖန်သား ပြင်ကနေ ပြင်ပလောကထဲ ခုန်ဆင်းလာ ခဲ့တယ်။ ဇာတ်မျောကြီးဟာ ပုံသေကားချပ် တစ်ခုအတိုင်း ဖြစ်ပျက်နေတော့တယ်။ ကြိုတင်လက်ဝါးချင်းရိုက်ထားတဲ့အကွက်တွေ ပြန်မြင်နေရတယ်။ ကမ္ဘာဦးကတည်းက အမှောင်တွေဆီကို အလင်းရောင်ဖျော့ဖျော့ လေးက ထိုးထွင်းနေရာယူရင်းက အမှောင် တွေ ပြန်လည်ဦးမော့လာတဲ့အခါ လူတွေက ကိုယ့်တရား ကိုယ်ပြန်စီရင်တော့တယ်။ ကိုယ့်အတ္တကိုကိုယ် နန်းတင်ရင်း ဇာတ်တူ သားစားဖို့ ဝန်မလေးတော့တဲ့ ဇာတ်ကွက် တွေ ကပြကြတော့တယ်။ ဒီဇာတ်ကွက်တွေ ဟာ ပြင်ပမှာလား၊ ဇာတ်လမ်းထဲမှာလား မသိရအောင် ပွဲကြည့်သူတွေအားလုံး ဇာတ် ကွက်ရဲ့ဒုက္ခကို ခါးစည်းခံနေရတယ်။ ဒီလိုနဲ့ ကျွန်တော်တို့တတွေဟာ ကိုယ်ရှင်သန်ဖို့အတွက် ကျန်တဲ့သူတွေကို ချနင်းတဲ့ ံကညါနမ ွောန ဇာတ်ကောင်တွေလို ဖြစ်လာတယ်။
ရသေ့ကိုးသောင်းဇာတ်ထုပ်ကို ကြည့် နေရသလိုပါပဲ။ ဒီပုတ်က ဒီပဲ ထွက်ထွက်လာတဲ့ ဒိုင်ယာလောခ့် အပေါစားတွေ။ ဘုရင်မဟာ ဇာတ်သိမ်းလှဖို့ သူ့ရာဇဝင်ကို အကောင်းဆုံးရေးဖို့ ကြိုးစားနေတာပါပဲ။ ရာဇ ဝင်ဆိုတာက ရာဇဝင်ဆရာတွေရဲ့စိတ်ထဲက အဖြစ်အပျက်အစုတ်အပြတ်တွေပဲ မဟုတ်လား။ သူတစ်မျိုး ကိုယ်တစ်မျိုး ရေးနေကြတဲ့ ဇာတ်လမ်းမျောမျောတွေလိုပေါ့။ ပျက်ယွင်း နေတဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ဖို့ သူ့အစွမ်းနဲ့ လည်ပတ်နေတဲ့စနစ်ဘီးကြီးကိုဖြတ်ဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံး နန်းသိမ်းတိုက်ပွဲ မ ရောက်ခင်ထိ သူဟာ ကြင်နာတရားပြည့်တဲ့ မေတ္တာရှင်ယောင်ယောင်၊ နဂါးကြီးစီးပြီး အလှပြနေတဲ့ နတ်မိမယ်။ ဇာတ်ကွက်ထဲမှာတော့ နှင်းတွေ တဖွဲဖွဲ ကြွေကျနေတာပဲ။ နှင်းစက်တွေအောက် ပြည်သူတွေ မီးလောင် တိုက်သွင်းခံရတဲ့ ဇာတ်ကွက်ဟာ ရုပ်ရှင် ထဲမှာတော့ ငိုစရာနဲ့ နာကျည်းစရာအတိ။ ဘုရင်ဆိုးကို ဖြုတ်ချဖို့ သူကိုယ်တိုင်က ဘုရင်ဆိုး ဖြစ်သွားတာလား။ ဒါမဟုတ် သူရဲ့ စိတ်နေစိတ်ထားအမှန်က ဒီလိုပဲလားဆို တာကတော့ ဇာတ်ညွန်းရေးတဲ့သူသာ သိတဲ့ အကြောင်းပါ။ စနစ်ကိုပြင်ဖို့ ကြိုးစားရင်း စနစ်က ကိုင်တွယ်တာခံရတဲ့သူတွေ မျက်စိ ရှေ့တင် ဒုနဲ့ဒေး မြင်ရတဲ့အခါ ပုံပြင်တွေထဲ က ဘီလူးတွေဟာ ပြင်ပလောကထဲ ခုန်ဆင်း လာနေတော့တယ်။ ဒီလိုနဲ့ ဘုရင်မကြီးဟာ ဇာတ်တူသားစားတဲ့ဟင်္သာတွေလို တစ်စ တစ်စ ကြွေကျပျက်စီးရတာပါပဲ။ ဒီလို ဘုရင် မကြီးဟာ သူ့စကားတွေကို မေ့ပြီး အာဏာ ရူးနေတဲ့ ဘုရင်မကြီးဖြစ်လို့ သူရဲ့ ဇာတ်သိမ်း ကို သူ မသိတော့ဘူး။ ဒီလိုနဲ့ ကျွန်တော် ကြည့်နေခဲ့တဲ့ ရုပ်ရှင်ဟာ ဇာတ်မျောကြီး တစ်ခုဖြစ်ခဲ့ပြီ။ လွတ်မြောက်စေသူလို့ ဟစ် ကြွေးသူတွေဟာ ဒီသံသရာထဲ လည်နေတဲ့ ဘီးလို ဖြတ်ဖို့ခက်တဲ့ ပြကွက်တွေ ပြန်လာ ရင်း အရာရာဟာ ပိုနေမြဲ ကျားနေမြဲ။ ဇာတ်တော်တွေထဲမှာ လူကောင်းဟာ အမြဲနိုင်တယ်၊ အမြဲမှန်တယ်ဆိုပြီး ရေးကြ တာပဲ။ အမှန်တရားဆိုတာ လူတွေအတွက် အရေးကြီးတဲ့အကြောင်း၊ ရိုးသားရင် ကြီးပွား တဲ့အကြောင်း ရေးကြ၊ ဖတ်ကြရတာပဲ။ ဒါ ပေမဲ့ မြင်နေရတဲ့ ဇာတ်ကွက်တွေထဲမှာ တော့ ရိုးသားသူဟာ ငတ်ပြတ်သေတာပါပဲ။ အမှန်တရား လက်ကိုင်ထားသူက လူမွေးလူ ရောင်ပြောင်တဲ့ဇာတ်မျိုး တစ်ခါမှ မတွေ့ဖူး ဘူး။ ဒီလိုနဲ့ ပုံပြင်တွေဟာ စိတ်ကူးယဉ်ရုံ သက်သက်ဖြစ်လာခဲ့တယ်။ ပုံပြင်ထဲက လော ကကြီးဟာ အပြင်မှာ လက်တွေ့မကျတဲ့ အ ဖြစ်တွေ ဖြစ်လာတယ်။ ကျွန်တော်တို့ တွေ့ နေရတဲ့ခေတ်ဟာ ပုံပြင်ကို ဆန့်ကျင်နေတဲ့ ခေတ်ကြီး ဖြစ်လာတယ်။ ဒီလိုနဲ့ အမှောင် ဟာ ကျွန်တော်တို့တတွေကို ကြီးပြင်းစေ ခဲ့တယ်။ လူကြီးတွေကိုကြည့်နေရင်း ဆိတ် ပါးစပ်တွေလို ပြောချင်ရာ ပြောတတ်လာ တယ်။ လေထဲ လွင့်ထွက်သွားမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ဟာ ကျော့ ကျော့မေ့ာမော့ လမ်းလျှောက်ရင်း မျက်နှာ ပြောင်တိုက် အရှက်နည်းလာတော့တယ်။ စင်ပေါ်တက် ဇာတ်ကနေတဲ့သူတွေဟာ စင်ပေါ်သာ ရောက်ချင်မှန်း သိသာနေခဲ့ တယ်။ ဇာတ်ကွက်ကို လက်ခုပ်ချူ မျက်ရည်ခံ ထိုးဖို့အတွက် ဖြစ်သလို လူတွေကို ထိုးကျွေး ဖို့ အသင့်ရှိနေတဲ့ ဇာတ်ဆရာက သူတို့ဟာ အရင့်အရင် ပေါဇာတ်တွေနဲ့ ဘာမှ မထူးတဲ့ အပြင် ပိုဆိုးပိုယုတ်မာလာတယ်ဆိုတာ မသိနိုင် မမြင်နိုင်အောင် မျက်စိတွေက ရမက် ကြီးနေခဲ့တယ်။
နွေဦး ရောက်ပြီထင်တယ်။ အပူတွေ တိုးလာဆဲ။ နေမြင့်ရင် အရူးရင့်သလို ကျွန် တော်တို့ဟာ ရယ်စရာပြက်လုံးတွေနဲ့ ခွက် ထိုးခွက်လန် ရယ်နေရတယ်။ ငယ်ငယ်က ရွာဘုရားပွဲမှာ အငြိမ့်ကခဲ့တဲ့ အဖြစ်တွေ သတိရလာတယ်။ ပွဲလမ်းသဘင် ရှားတော့ စင်ပေါ်တက်ရဖို့က အရေးကြီးတယ်။ ဘယ် နေရာ ပါရပါရ ဖြစ်တယ်ဆိုတဲ့ခေတ်။ ဘယ် ဇာတ်ကက သူကြီးသမီးက ခေါင်းဆောင် မင်းသမီး။ စပါးကောင်းတဲ့နှစ်တွေဆို မြို့ က မင်းသားတွေ ငှားတယ်။ သူကြီးကတော်က ရွာက ကာလသားတွေနဲ့ သူ့သမီးတွေ တွဲက မှာ စိုးတာကြောင့်လည်းပါတယ်။ အငြိမ့်ခုံ ပေါ် သူကြီးသမီး ခေါင်းဆောင်မင်းသမီး တက်ရင် နှစ်တိုင်းကြေညာချက်တစ်ခု ထုတ် တယ်။ “မင်းသမီးချောကို မဝေဖန်ရ၊ မျက် စောင်းမထိုးရ၊ ဇီးစေ့နဲ့ မပစ်ရ၊ လက်ခေါက် မမှုတ်ရ၊ မဝေဖန်ရ”တဲ့။ မကောင်းဘူး ပြော တဲ့ကောင် မနက်ကျ ထိပ်တုံးထဲ ရောက်နေ တာ အမြဲတွေ့ရတယ်။ ဒါကတော့ အမြဲပါ။ ဘယ်သူကြီးဖြစ်ဖြစ် သူ့ကို ထိရင်တော့ အမြဲ ထိပ်တုံးမှာ အိပ်ရတာက ကျွန်တော်တို့ ငယ်ငယ် ဇာတ်ကပွဲတွေရဲ့ လက္ခဏာပဲ။
နွေဆိုတာက ပူတာပါပဲ။ မိုးဦး လေဦး ကို မျှော်ရပြန်ပေါ့။ ဒီလိုပဲ ဟိုမျှော်ဒီမျှော်ရ နဲ့ ရွှေပြည်တော်က မျှော်တိုင်းဝေးနေတာ ပါပဲ။ ကျွန်တော်တို့ဟာ ယုတ္တိမတန်တဲ့ ဇာတ် ကွက်တွေနဲ့ အပြောချိုချိုလုပ်သွားတဲ့ သူရဲ ကောင်းတွေကို သိပ်ကြိုက်ကြတာ။ ဖတ်ခဲ့ဖူး တဲ့သူရဲကောင်း ဝတ္ထုထဲက စာတစ်ပုဒ်လို ပေါ့။ “ခုကြီးမြတ်နေတယ်ပြောတဲ့ အိမ်တော် တွေအားလုံးဟာ အရင်က ယုတ်မာကြမ်း တမ်းတဲ့လူဆိုးတစ်ယောက်က စတာပါ။ လူ တစ်ယောက်နှစ်ယောက် သတ်ရင် လူသတ်သမားလို့ခေါ်တယ်။ လူ ၁၀၀ လောက် သတ် ရင် သူရဲကောင်းလို့ သတ်မှတ်တယ်။ ပြည်သူ တွေအားလုံး မဝရေစာနဲ့ တိုင်းပြည်တစ်ခုလုံး ငတ်ပြတ်သေတာကိုပဲ ဘုရင်လို့ သတ်မှတ် တဲ့ ခေတ်မှာ ငါ့ကို ခေါင်းဖြတ်တာက တရား မျှတမှုတဲ့လား”ဆိုတဲ့ဇာတ်ကွက်ထဲက ဗီ လိန်စကားတွေကို ပြန်အမှတ်ရမိတယ်။ ကျွန်တော်တို့တတွေဟာ ဇာတ်မျောကြီးထဲ ဘာမှန်းမသိ ကပြနေကြရတဲ့ နယ်ရုပ်တွေ။ ဒီလိုနဲ့ ဇာတ်ကမျောနေတယ်။ ရွှေဘလိုလူ တွေ တစ်ယောက် ပြီးတစ်ယောက် ပြောင်းပြီး ကျွန်တော်တို့ဟာ ပုံပြင်တွေထဲ မျောနေ တုန်း။ သူရဲကောင်းလို့ ထင်မှတ်ခံရတဲ့ သစ္စာ ဖောက်သူတစ်ယောက်ရဲ့ဇာတ်မျောကြီးကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေရတုန်း။