မြန်မာပြည် အလယ်ပိုင်းဒေသထွက် သရက်သီးများ တရုတ်စျေးကွက် အတွင်းသို့ တင်ပို့ရောင်းချမှု စျေးကောင်းရနေပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်းသို့ သရက်သီးတင် ယာဉ်စီးရေ ၁၀၀ ကျော် နေ့စဉ်ပုံမှန် ဝင်ရောက်

မြန်မာပြည် အလယ်ပိုင်းဒေသထွက် သရက်သီးများ တရုတ်စျေးကွက် အတွင်းသို့ တင်ပို့ရောင်းချမှု စျေးကောင်းရနေပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်းသို့ သရက်သီးတင် ယာဉ်စီးရေ ၁၀၀ ကျော် နေ့စဉ်ပုံမှန် ဝင်ရောက်
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်စျေးကွက်အတွင်း ဝယ်ရောင်းလုပ်နေသူများအား တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်စျေးကွက်အတွင်း ဝယ်ရောင်းလုပ်နေသူများအား တွေ့ရစဉ်
Published 22 May 2019
ထွန်းနေလှိုင် (နောင်ပိန်)

မြန်မာပြည်အလယ်ပိုင်းဒေသထွက် သရက်သီးများ တရုတ်စျေးကွက်အတွင်းသို့ တင်ပို့မှုမှာ စျေးကောင်းရနေပြီး နယ်စပ်ကုန် စည်စျေးကွက်တစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တစ်ရက်လျှင် သရက်သီးတင်ယာဉ် စီးရေ ၁၀၀ ကျော် နေ့စဉ်ပုံမှန် ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။

“အခုအချိန်မှာတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်စျေး ကွက်အတွင်းကို ဖရဲ၊ သရက်၊ ကန်စွန်းဥ တင်ယာဉ်တွေ ဝင်ရောက်မှုရှိပါတယ်။ ဖရဲနဲ့ ကန်စွန်းကတော့ တစ်စီး၊ နှစ်စီးလောက်ပဲ ဝင်တော့တာပါ။ အဓိကကတော့ သရက်သီး အဝင်များတယ်။ သရက်သီးကားက တစ်ရက်ကို အစီးရေ ၁၀၀ ကျော် ပုံမှန်ဝင်တယ်။ အများဆုံးကတော့ အစီးရေ ၂၀၀ လောက်ထိ ဝင်ရောက်မှုရှိပါတယ်။ အခု သရက်သီးတွေထဲမှာ မြန်မာပြည်အလယ်ပိုင်းဒေသ ကျောက်ဆည်၊ မန္တလေးဘက်က သရက်သီးတွေ အများဆုံး ဝင်ရောက်ပါတယ်” ဟု မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် အရှေ့မြောက် တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဦးကျော်ကျော်လှိုင်က ပြောကြားသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ သရက်သီးစျေးကွက် အတွင်းသို့ စိန်တစ်လုံး သရက်သီးဝင်ရောက်မှု နည်းသွားပြီး ရွှေဟင်္သာ၊ မယ်သီ၊ ရင်ကွဲသရက်မျိုးများ ပိုမိုဝင်ရောက်လာကာ ဇူလိုင်လခန့်မှသာ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသထွက် စိန်တစ်လုံး သရက်မျိုးများ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

“ဒီတစ်နှစ်က သရက်သီးစျေးကောင်းတယ်လို့ပြောရမယ်။ အခု စိန်တစ်လုံးကို အ ကုန်ခူးလို့ ကုန်တော့မယ်။ သရက်သီးစျေး ကောင်းပေမယ့် အရင်နှစ်တွေကလောက်တော့ အသီးမများဘူး။ အခုတော့ ရင်ကွဲတွေ၊ ဟင်္သာတွေ ခူးနေပြီ” ဟု မန္တလေးတိုင်းဒေသကြီး၊ ကင်းပက်ကျေးရွာနေ သရက်စိုက်ပျိုးသူ မနွယ်က ပြောကြားသည်။

“နယ်စပ်ကုန်စည် သစ်သီးစျေးကွက် တွေထဲမှာတော့ လက်ရှိအချိန်မှာ သရက်သီး ပဲ အဝင်များနေတယ်။ စျေးနှုန်းက အရင်နှစ် တွေကထက်စာရင် မဆိုးဘူး။ စျေးကောင်း တယ်။ ၁၃ ဒသမ ၅ ကီလိုဂရမ်ခြင်းတစ်ခြင်း ရှိတဲ့ စိန်တစ်လုံးသရက် အိတ်စွပ် အနိမ့်စျေး ၇၀ ယွမ်ကနေ အမြင့်စျေး ၁၂၀ ယွမ်၊ စိန်တစ် လုံးသရက် အိတ်လွတ်အနိမ့်စျေး ၄၅ ယွမ်က နေ ၆၅ ယွမ်၊ မယ်သီသရက် အိတ်စွပ်အနိမ့် စျေး ၈၀ ယွမ်ကနေ အမြင့်စျေး ၁၀၀ ယွမ်၊ ရွှေဟင်္သာသရက် အိတ်စွပ်အနိမ့်စျေး ၇၀ ယွမ်ကနေ အမြင့်စျေး ၁၅၀ ယွမ်၊ ရွှေဟင်္သာ သရက်အိတ်လွတ် အနိမ့်စျေး ၄၅ ယွမ်ကနေ အမြင့်စျေး ၆၀ ယွမ်၊ ရင်ကွဲသီးသရက်အိတ် စွပ် အနိမ့်စျေး ၅၀ ယွမ်ကနေ ၇၀ ယွမ်ထိ၊ ရင်ကွဲသီးသရက် အိတ်လွတ်အနိမ့်စျေး ၂၅ ယွမ်ကနေ ၃၀ ယွမ်ထိစျေး ရှိနေပါတယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။

မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်ရှိ သစ်သီးကုန်စည်စျေးကွက် အတွင်းသို့ မေ ၂၀ ရက်တွင် သရက်သီး ၁၃၄ စီး၊ ဖရဲ တစ်စီး၊ ကန်စွန်းတစ်စီး ဝင်ရောက်ခဲ့ပြီး မေလ ၁ ရက်မှ ၁၉ ရက်ထိ သရက်သီးကား စီးရေ ၂၂၅၉ စီးမှ သရက်သီးတန်ချိန် ၁၃၄၅၁ ဒသမ ၅ တန်၊ ဖရဲသီးကားစီးရေ ၈၅၁ စီးမှ ဖရဲသီးတန်ချိန် ၁၀၀၉၂ ဒသမ ၅ တန်၊ သခွားမွှေး ကားစီးရေ လေးစီးမှ သခွားမွှေးတန်ချိန် ၄၃ တန် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent