၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ ၆၈၀ ဦးအား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေ ကျပ်သန်း ၆၃၀၀ ထုတ်ချေးထား

၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ ၆၈၀ ဦးအား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေ ကျပ်သန်း ၆၃၀၀ ထုတ်ချေးထား
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 21 May 2019
စည်သူအောင်

စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ် ငန်းဆိုင်ရာချေးငွေများ ရယူနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများနှင့် လုပ်ငန်းရှင်များသို့ အသိပေးကြေညာထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးချေးငွေများကို တောင်သူလယ်သမားများအပါအဝင် လုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိစေရန် ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ထုတ်ချေးပေး လျက်ရှိသည်။

ချေးငွေအား နှစ်တိုးချေးငွေ သုံးနှစ်၊  နှစ်ရှည်ချေးငွေ ငါးနှစ်သတ်မှတ်ပြီး နှစ်တိုးချေးငွေအတွက် ကျပ်သိန်း ၅၀၀ အထိ၊ နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးလျက်ရှိသည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် ကိုးရာခိုင်နှုန်းဖြစ်ပြီး ငွေချေးယူသူ၏ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့အပေါ် စိစစ်၍ ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကို သတ်မှတ်ထုတ်ချေးပေးလျက်ရှိသည်။ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေကို မြို့နယ်ပေါင်း ၉၆ ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူ ၆၈၀ သို့ ငွေကျပ် ၆၃၂၆ သန်း ကျော် ထုတ်ချေးထားပြီးဖြစ်သည်။

ချေးငွအတွက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) မူရင်း၊ မွေးမြူရေးလုပ်ငန်း သို့မဟုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော လုပ်ငန်းများဖြစ်ပါက လန (၃၉)၊ ပုံစံ (၁၀၅)၊ (၁၀၆) မူရင်းနှင့် ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံအဖြစ် တင်သွင်းရမည်ဖြစ်သည်။

ချေးငွေအတွက် အာမခံပစ္စည်း လုံလောက်စွာမပေးနိုင်ပါက မြန်မာ့အာမခံ လုပ်ငန်းနှင့်ဆက်သွယ်၍ ချေးငွေအာမခံစနစ်  (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ ကျပ်သိန်း ၂၀၀ ထက်ပိုသော ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနှင့် ဘဏ်ရာဖြတ်အစီရင်ခံစာတို့ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။

ချေးငွေရယူလိုသူများသည် ၎င်း၏ အမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ သို့မဟုတ် နီးစပ်ရာဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများအား လျှောက်ထားနိုင်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အမှတ် (၂၆/၄၂) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ (ဖုန်း ၀၁ -၃၉၁၂၃၅၊ Fax ၀၁-၃၈၁၇၀၃ တို့တွင်လည်း စုံစမ်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးစိုက် ဧက ၁ရဒသမ၉သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တန် ၂၅ဒသမ ၆ သန်းခန့်ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက ၁၅ ဒသမ ၂၉ သန်းကျော်၊ နွေစပါးဧက ၂ ဒသမ ၆၁ သန်းကျော် စိုက်ပျိုးရန်လျာထားခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ မိုး စပါးဧက ၁၅ ဒသမ ၀၈ သန်းကျော် စိုက်ပျိုးထားကြောင်း သိရသည်။     

Most Read

Most Recent