ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထူးခြားတဲ့ ရေဖြူထွက်ချောင်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထူးခြားတဲ့ ရေဖြူထွက်ချောင်း
ရေဖြူထွက်ရှိရာ ကျောက်တမံကိုင်ထားသော ရေကန်ငယ်အတွင်း ခရီးသွားများ ရေစိမ်နေစဉ်
ရေဖြူထွက်ရှိရာ ကျောက်တမံကိုင်ထားသော ရေကန်ငယ်အတွင်း ခရီးသွားများ ရေစိမ်နေစဉ်
Published 20 May 2019
စည်သာ (တောင်ကြီး)

ဒီတစ်ခေါက် ထူးထူးခြားခြားအနေနဲ့ ရေဖြူထွက်တဲ့ ချောင်းလေးရှိတဲ့ ဒေသကို မိတ်ဆက်ပေးချင်ပါတယ်။ တကယ်ကိုပဲ Adventure Trip ခရီးစဉ် တစ်ခုအဖြစ် သည်းထိတ်ရင်ဖိုနဲ့ ဗီယက်နမ်က သဲချောင်းလေးထဲ လမ်းလျှောက်ရသလို၊ ယိုးဒယား စမ်းချောင်း စျေးတန်းမှာ သွားနေရသလို ခံစားစေရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။

ထူးဆန်းတဲ့ ရေဖြူထွက်လို့ခေါ်တဲ့ စမ်းချောင်းလေး

အဲဒီနေရာကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် တပ်ကုန်းကျေးရွာမှာရှိတဲ့ ရေဖြူထွက် စမ်းချောင်းလေးပဲ ဖြစ်ပါတယ်။ တောင်ကျချောင်းရေ ဖြစ်ပြီးတော့ ချောင်းရိုးစီးဆင်းရာ တစ်လျှောက်မှာ ရေတိမ်တစ်လှည့် ရေနက်တစ်လှည့်နဲ့ တောင်ကြားထဲမှာ ကွေ့ပတ်စီးဆင်းနေတာ ဖြစ်ပါတယ်။ ချောင်းဖျားထိပ်နား မရောက်ခင်လေးမှာ ထူးဆန်းစွာ ရေဖြူတွေထွက်နေတဲ့ နေရာလေးတစ်ခု ရှိပြီးတော့ အဲဒီနေရာလေးကို  ကျောက်တမံကိုင်ထားပြီး ရေကူးကန် အငယ်လေး တစ်ခုလို လုပ်ထားကာ အမျိုးသား၊ အမျိုးသမီးတွေ အဲဒီနေရာလေးထဲမှာ ရေဝင်စိမ်နေတာကို မြင်ရပါတယ်။ ဒါပေမဲ့နေရာက ကျဉ်းနေတော့ တစ်ခါမှ လူ ၁၀ ဦး သာသာလောက် စိမ်နိုင်တော့ တချို့များတော့ ချောင်းဖျားမှာ ရေသွားကူးနေကြသူတွေပဲ များပါတယ်။ ဒီလို ရေဖြူထွက်နေတာကိုပဲ အထူးအဆန်းလုပ်ပြီးတော့ လူတွေလာကြည့်ကြပြီးတော့ ချောင်းရိုးတစ်လျှောက် ရေကစား၊ ရေကူးပြန်ကြသူတွေပဲ များပါတယ်။

ရေတွေ ဘာလို့ ဖြူနေတာလဲ

ဘူမိဗေဒ ပညာရှင်တစ်ဦး ပြောပြချက်အရ ကန့်ကြော၊ ထုံးကျောက်ကြောကို ရေတွေက ဖြတ်သန်းစီးဆင်း လာရာကနေ ထုံးကျောက်အမှုန့်တွေလို့ ယူဆရတဲ့ အမှုန်တွေ ပြန့်ကြဲထွက်ပြီး ရေထဲမှာ အဖြူရောင်အဖြစ် မြင်နေရတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီရေကန်ငယ်လေးထဲမှာ ဖြူဖွေးနေပြီး ရေကန်မှတစ်ဆင့် လျှံကျနေတဲ့ နေရာတွေမှာလည်း ရေတွေဖြူနေတာ တွေ့ရပါတယ်။

တခြားချောင်းရိုး တစ်လျှောက်မှာတော့ ရေတွေထူးခြားမှု မရှိပါဘူး။ အဲဒီ ရေဖြူထွက်နေရာလေး တစ်ဝိုက်နဲ့ ပတ်ဝန်းကျင်နားလေးမှာပဲ ရေတွေ အဖြူရောင် ဖြစ်နေတာကို မြင်တွေ့ရပါတယ်။

ရေတွေအရောင်စုံရှိတဲ့ ရွာငံမြို့နယ်

တစ်ခါတုန်းကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်ကပေါ့။ တောကျယ်ရေတံခွန် ခေတ်စားပြီးတော့ ရေပြာကန်ဆိုတာ ပေါ်ထွက်လာပြီးတော့ နေ့ချင်းညချင်း ဆိုသလို ရေပြာအိုင် နာမည်ကြီးသွားပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ရေပြာအိုင်ကို မြန်မာနိုင်ငံ တစ်ဝန်းက ပြည်သူလူထုတွေ မရောက်ဖူးတဲ့သူ မရှိသလောက် ဖြစ်သွားပါပြီ။ ခု နောက်တစ်ခါ တပ်ကုန်းရွာနားက ရေဖြူထွက် စမ်းချောင်းကလေးဆိုပြီး ပေါ်ထွက်လို့ လာပြန်ပါပြီ။

တည်နေရာကတော့ ရွာငံကို လာမယ်ဆိုရင် ဝင်တဲ့လမ်းအတိုင်း ဖြတ်သန်းလာတဲ့ ရွာကလေးတွေကတော့ ပဲယဉ်းတောင်၊ ယကြီး၊ ဘုရားကြီးကုန်း၊ အလယ်ချောင်၊ မြိုင်ကျော်တာနဲ့ တပ်ကုန်းကျေးရွာဆိုတဲ့ ဆိုင်းဘုတ်ကို ရောက်ပါပြီ။ တပ်ကုန်းကျေးရွာ ဆိုင်းဘုတ်အတိုင်းပဲ အထဲကို ဝင်သွားရင် တပ်ကုန်းဘုန်းတော်ကြီးကျောင်း မရောက်ခင်မှာ လမ်းညာချိုးကွေ့မှာ ရေဖြူထွက်သွားလမ်း ဆိုင်းဘုတ်ပြထားပါတယ်။ အဲဒီလမ်းအတိုင်း သွားမယ်ဆိုရင် ချောက်ထဲနည်းနည်း ဆင်းရပါမယ်။ တောလမ်းကတော့ ကတ္တရာလမ်း မဟုတ်တဲ့အတွက် လမ်းလုံးဝ မကောင်းပါဘူး။ ကားနိမ့်ရင် အောက်ပိုင်းလည်း မလွတ်တဲ့အတွက် ဖြည်းဖြည်းမောင်းသင့်ပါတယ်။ လမ်းဆုံးရင် လမ်းနှစ်သွယ် ရောက်တဲ့အခါမှာ ဘယ်ဘက်လမ်းအတိုင်း ဝင်သွားရင် တောင်ထိပ်ကို ရောက်ပါပြီ။ မြိုင်ကနေ သွားလို့ရတဲ့ လမ်းလည်း ရှိပါသေးတယ်လို့ ဒေသခံတွေ ပြောပါတယ်။ တောင်ထိပ်မှာ ကားကိုရပ်ခဲ့ပြီးတော့ တောင်ကြားလမ်းအတိုင်း လမ်းလျှောက် ဆင်းလိုက်ရင် အောက်ခြေမှာ ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းရိုးတစ်လျှောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီချောင်းရိုးတစ်လျှောက် အပေါ်ဘက် ချောင်းဖျားကို ဆန်တက်သွားရင်းနဲ့ စိုက်ကွင်းတွေ၊ ခြံတွေကို ဖြတ်သန်းသွားလာ ကြရပါတယ်။ ချောင်းရိုးကလည်း ကွေ့ကောက်စီးဆင်း နေတဲ့အတွက် ခြံတွေကို ဖြတ်လိုက်၊ ချောင်းကို ဖြတ်ပြီး တစ်ဖက် ကုန်းပေါ်တက်လိုက်နဲ့ ဘယ်ရောက်ညာရောက်နဲ့ သွားနေကြရပါတယ်။ နောက်ဆုံးမှာတော့ တကယ်ကို အမောအပန်း ပြေစေမယ့် ရေဖြူထွက် ရေကန်လေးဆီကို ရောက်တဲ့အခါမှာတော့ စိတ်ကျေနပ်မှု တစ်စုံတစ်ရာ ရရှိလိမ့်မယ်ဆိုတာ အာမခံပါတယ်။

ငုပ်ချောင်း (ခေါ်) ရေဖြူထွက်ချောင်း

တပ်ကုန်းကျေးရွာ အရှေ့ဘက် လှပုံရုပ်တောင်ရှိ ရေဖြူထွက်ချောင်း နေရာတစ်ဝိုက်မှာ ရေထွက်ပေါင်း ၃၀ ကျော်တို့မှ စတင်စီးဆင်းလာပြီး ရေဖြူထွက်သည်လည်း ရေထွက်တစ်ခု အပါအဝင်ဖြစ်ပြီး ရေဖြူထွက်၏ အထက်ဘက် ပေ ၅၀၀ ခန့် အကွာမှာ ရေနွေးထွက်ချောင်းလည်း ရှိပါတယ်။ ထိုသို့ ရေထွက်ပေါင်း ၃၀ ချောင်းရိုးတစ်လျှောက် စီးဆင်းလာပြီး ဆင်ခေါင်းရေထွက်မှာ သွားပေါင်းစည်းလိုက်ပြီး ပန်းလောင်မြစ်အတွင်း စီးဝင်သွားကြောင်း သိရပါတယ်။ ထိုချောင်းကို ကင်းတားဆည်၏ အဓိက ပင်မချောင်း တစ်ခုဖြစ်သော ငုတ်ချောင်းဟုခေါ်ပြီး အဆိုပါ ငုပ်ချောင်းဟာ ရွာများကို ဖြတ်သန်းစီးဆင်းရာတွင် မြေအောက်တွင်း ငုပ်လျှိုးပြီး မြေပေါ် ပြန်လည်ပေါ်လာသည့် နေရာပေါင်း ကိုးငုတ်၊ ကိုးပေါ်ရှိကြောင်း၊ ပန်းလောင်မြစ်အတွင်း မရောက်ခင် ထိုသို့ ကိုးကြိမ်ငုပ်ပြီး ကိုးခါပြန်ပေါ် လာသည်ဟု သိရပါတယ်။

အဆိုပါ ရေဖြူထွက် ရေကန်လေးဟာ သီးသန့်ရေဖြူများ ထွက်နေခြင်းဖြစ်ပြီး ရေထွက်ပေါက်မှတစ်ဆင့် အဖြူရောင် အမှုန်များ ထွက်လာကာ ချောင်းမကြီး စီးဆင်းရာ တစ်လျှောက်မှာလည်း အဖြူရောင်များ ပါသွားသည်ကို မြင်တွေ့ရပါတယ်။ နားလည်သူများ ပြောကြားချက်အရ အဆိုပါ ရေဖြူများသည် ကန့်ဓာတ်၊ ဆာလဖာဓာတ်နဲ့ ထုံးဓာတ်များ ပါဝင်နေခြင်းကြောင့် ရေဖြူခြင်းဖြစ်ပြီး၊ မြေအောက်မှ စီးဝင်လာသောရေများ  အဆိုပါ ဆာလဖာ၊ ထုံးကျောက်တောင်ကြောဖြတ်၍ မြေပေါ်သို့ ပြန်လည်ပေါ်ထွက်လာချိန် ရေဖြူထွက်အဖြစ် အဖြူရောင် ရေထွက်အဖြစ် ပြန်လည်ထွက်ရှိ လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

ဆုတောင်းစကား

တကယ်လို့ ခရီးသွားတွေအနေနဲ့ သွားလည်ဖြစ်ခဲ့မယ် ဆိုရင်ပေါ့လေ။ မိသားစုဖြစ်ဖြစ်၊ မိတ်ဆွေ အပေါင်းအသင်းတွေ ဖြစ်ဖြစ်၊ စုပြီးသွားလည် ကြတော့မယ်ဆိုရင် ကိုယ့်စားစရာ အမှိုက်သရိုက်တွေ၊ ဘီယာဘူးခွံတွေ၊ တစ်ခါသုံး ဖော့ဘူးနဲ့ ပလတ်စတစ် အမှိုက်တွေ၊ ရေသန့်ဘူးခွံတွေကို စားသောက်ပြီးရင် အပေါ်ကို ပြန်တက်လာပြီးတော့ ကိုယ့်အမှိုက်လေးတွေ ကိုယ်ပြန်သိမ်းပေးကြဖို့ တစ်ဆက်တည်း မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။

 

Most Read

Most Recent