အချိန်တိတိကျကျလေးတော့ လျှပ်စစ်မီးပျက်ပေးပါ

အချိန်တိတိကျကျလေးတော့ လျှပ်စစ်မီးပျက်ပေးပါ
ရန်ကုန်မြို့လယ် ဓာတ်တိုင်တစ်ခုတွင် တပ်ဆင်ထားသည့် ဓာတ်ကြိုးများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့လယ် ဓာတ်တိုင်တစ်ခုတွင် တပ်ဆင်ထားသည့် ဓာတ်ကြိုးများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 20 May 2019
နေဝန်းထက်

မြန်မာနိုင်ငံတွင် နေထိုင်ကြသူများအတွက် လျှပ်စစ်မီး မှန်မှန်မရခြင်းသည် ပြဿနာတစ်ရပ် အဖြစ်တည်ရှိနေခြင်း မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ပြီးဆုံးခဲ့သည့် ဆယ်စု နှစ်များကပင် မြန်မာပြည်သူများသည် လျှပ်စစ်မီး မမှန်ခြင်းကြောင့် ကြုံတွေ့လာရသည့် ပြဿနာများ ကို အလျဉ်းသင့်သလို ဖြေရှင်းကြရင်း အဆိုပါ လျှပ်စစ်မီးမမှန်ခြင်း ပြဿနာသည် ပြဿနာတစ်ရပ် အဖြစ်ပင် မသတ်မှတ်ကြတော့ခြင်း ဖြစ်ပေလိမ့်မည်။ ထမင်းပေါင်းအိုးဖြင့် ထမင်းချက်ရင်း လျှပ်စစ်မီးပျက်ခဲ့သည့် ရက်များစွာကိုလည်း မြန်မာပြည်သူ အားလုံးနီးပါး ကြုံတွေ့ဖူးကြမည် ဖြစ်သည်။

“မီးပျက်တာက ဟိုးအရင်ကဆိုလည်း နေ့ဝက်ခြားစီ မီးပေးတာမျိုး။ တစ်ရက်ခြားစီ မီးပေးတာမျိုး တွေက အမြဲဖြစ်နေကျလေ။ မီးပျက်တာကတော့ မဆန်းတော့ပါဘူး။ မနက် ထမင်းထချက်တယ်။ မီးပျက်သွားလို့ ထမင်းမနပ်တဲ့နေ့တွေလည်း များခဲ့ဖူးပြီးပြီ။ ဒီတော့ မီးပြတ်တာက အရင်ကလည်း ပျက်တာပဲ၊ အခုလည်း ပျက်နေဆဲပဲလေ။ မထူးပါဘူး။ မီးလာတဲ့အချိန် စောင့်ရုံပေါ့” ဟု လျှပ်စစ်မီးမမှန်ခြင်းနှင့် ပတ်သက်ပြီး အိမ်ထောင်ရှင်မတစ်ဦးက ရင်ဖွင့်ပြောကြားသည်။

ထို့အတူပင် ရုံးချိန်အမှီ၊ အလုပ်အချိန်မီ ပြင်ဆင်လုပ်ကိုင်ရသည့် အလုပ်များတွင်လည်း လျှပ် စစ်မီးမမှန်ခြင်းသည် သက်ရောက်မှုရှိနေသည်။ နိစ္စဓူဝလုပ် ကိုင်ရသည့် လုပ်ငန်းများတွင်လည်း လျှပ် စစ်မီးသည် သက်ရောက်မှု ရှိနေသည်။ ထို့ကြောင့်ပင် လျှပ်စစ်မီးမမှန်ခြင်း ဖြစ်ပေါ်လာပါက နေ့စဉ် လုပ်ကိုင်ရသည့် အလုပ်များတွင် အဆင်မပြေ မချောမွေ့မှုများ ကြုံတွေ့ရတော့မည် ဖြစ်သည်။

“ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့ မနက်ကတည်းကရုံးတက်။ ပြီးရင် ညနေမှ ပြန်ရောက်။ တစ်နေ့တာအတွက် ပြင်ဆင်ရတာတွေက ပုံမှန်လိုလို လုပ်ရမယ်ဟာတွေပေ့ါဗျာ။ မနက် မီးပူတိုက်နေရင်း မီးပျက်သွားလို့ ရုံးကို အဝတ်အစား မကြေတကြေလေးနဲ့လည်း ခဏခဏသွားဖူး တယ်။ ကြက်ဥကြော်ရင်း မီးပျက်သွားလို့ ကြက်ဥဆီရောနဲ့လည်း ထမင်းချိုင့်ထည့်ဖူးတယ်။ အခု လည်း ဒီလိုပါပဲ။ ဒါတွေက မဆန်းတော့ပါဘူးဗျာ” ဟု ပုဂ္ဂလိက ရုံးဝန်ထမ်းတစ်ဦးက သူနှင့် လျှပ်စစ်မီးအကြား ဆက်နွှယ်နေသည့် အကြောင်းအရာအချို့ကို ပြောပြဖူး၏။

မိုးများရွာ၍ လေများတိုက်လာသည့်အခါ မြန်မာနိုင်ငံတွင် နေထိုင်ကြသူများသည် မီးပျက် တော့မည်ဟု ပြောဆိုကြသည်က အမြဲလိုပင် ဖြစ်နေသည်။ ၎င်းတို့ ပြောသည့်အတိုင်းလည်း မိုးရွာ၍ လေကြမ်းသည့်အချိန်တွင် လျှပ်စစ်မီးများ ပျက်ခဲ့ဖူးသည်။ သက်ဆိုင်ရာက ထိုအချိန်များ၌ သစ်ကိုင်း ကျိုးခြင်း၊ ဓာတ်တိုင်လဲခြင်း၊ မီးကြိုးပျက်ကျခြင်းများကြောင့် လျှပ်စစ်မီး ပျက်ရသည်ဟု နောက်ပိုင်းနှစ်များတွင် ပုံမှန်ထုတ်ပြန်လေ့ရှိသော်လည်း  မြန်မာနိုင်ငံသူ နိုင်ငံသား များအတွက်ကတော့ မိုးရွာလျှင် မီးပျက်၍ လေတိုက်လျှင်လည်း မီးပျက်နိုင်သည်ဟု ရှေးယခင်နှစ်များ စွာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ်မူတည်ပြီး ပြောဆိုနေကြခြင်း ဖြစ်ပေမည်။

အထူးသဖြင့် ရေအားလျှပ်စစ်ကို အဓိကထားအသုံးပြုနေသော မြန်မာနိုင်ငံသည် ပူပြင်းသည့် နွေ ရာသီကာလများ၌ လျှပ်စစ်မီး မမှန်ခြင်းကို ပိုမိုကြုံတွေ့ရတတ်သည်။ ပူပြင်းသည့် ကာလများဖြစ်ခြင်း ကြောင့် မြစ်ချောင်းများ၊ ဆည်များတွင် ရေနည်းလာပြီး ရေနည်းလာ ခြင်းကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရာနေရာများ၌ လျှပ်စစ်ဓာတ်အားကို လျှော့ချထုတ်လုပ်ရပေတော့မည်ဖြစ်သည်။ ထို့ကြောင့် လည်း နွေရာသီကာလများတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်မီးသည် မကြာမကြာ ပျက်မှုများ ရှိနေခဲ့ပြီး ထိုသို့ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်တစ်စုပင် မကတော့ပေ။

နွေရာသီကာလများတွင်  CNG ဆိုင်များ၌ ဓာတ်ငွေ့ဝယ်ယူရန် တန်းစီနေသည့် ယာဉ်တန်းများစွာကို တွေ့ရှိနိုင်သည်။ ထိုယာဉ် တန်းများအတွင်း ခရီးသည်တင် ဘတ်စ်ကားများလည်း ပါဝင်သည်။ အငှားယာဉ်များလည်း ပါဝင်သည်။ အခြားသော သဘာဝ ဓာတ်ငွေ့ အသုံးပြုသည့် မော်တော်ယာဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ရှည်လျားလှသော မော်တော်ယာဉ်တန်းများသည် CNG ဆိုင်များ၌ လျှပ်စစ်မီး မမှန်သည့် အချိန်ကာလများတွင် ပိုမို၍ အချိန်ယူ တန်းစီစောင့်ဆိုင်းနေရသည်။ ထိုသို့ဖြစ်ခြင်းမှာ လျှပ်စစ်မီးပျက်ခြင်းကြောင့် CNG ဆိုင်များတွင် သဘာဝဓာတ်ငွေ့များ ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

“အဓိက ကျွန်တော်ထင်တာကတော့ဗျာ။ အရင်ကဆို ဆိုင်တွေက ၂၄နာရီ ရောင်းတယ်။ အခုက အဲဒီလိုမဟုတ်ဘူး။ မနက်ဆို သူတို့ ဆိုင်ဖွင့်ချိန်တွေက ၆ နာရီ ဆိုပေမယ့် နချို့က လေးနာရီ လောက်ဆို စရောင်းပေးတယ်။ ည ဆယ်နာရီလောက်ထိပေါ့။ ဒါပေမဲ့ ဒီမှာ မြင်တဲ့အတိုင်း ၉၇ တွေလိုမျိုးဆို သူက တစ်ခါတည်းအပြည့် ဂက်စ်ဖြည့်ဖို့ဆို အနည်းဆုံးနာရီဝက်လောက် အချိန်ယူရတယ်။ ကျွန်တော်တို့ကားတွေက ၁၀ မိနစ် လောက်ဆိုရပြီ။ ဒီတော့အဲဒီမှာတင် အချိန်တွေက ပိုကုန်နေရော။ ပြီးတော့ မီးပျက်ရင် ဆိုင်တွေက မရောင်းတော့ဘူး။ ရပ်ထားရော။ အဲဒီကျ စောင့်နေတော့ပဲ။ ရောင်းတဲ့ဆိုင်ကတော့ ရောင်းပါတယ်။ ဒါပေမဲ့ Pressure မပြည့်ဘူး” ဟု  YBS ယာဉ်မောင်းတစ်ဦးက CNG ဆိုင် များ၌ ကြုံတွေ့ရသည့် အတွေ့အကြုံကို ပြောပြဖူးပြန်သည်။

အလားတူ လျှပ်စစ်မီးမမှန်ခြင်းကြောင့် ပြည်သူများ အလုပ်လုပ်ကိုင်သည့် နေရာအများစုတွင်လည်း နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများ ရှိနေပြန်သည်။ ပျက်လိုက်လာလိုက် ဖြစ်နေခဲ့ဖူးသည် လျှပ်စစ်မီးကြောင့် လုပ်ငန်းသုံး ဓာတ်လှေကားများ ခေတ္တရပ်တန့်ခြင်းကိုလည်း ရုံးဝန်ထမ်းများ ကြုံတွေ့ဖူးကြသည်။

လျှပ်စစ်မီး မှန်မှန်မပေးနိုင်ခြင်းနှင့် ပတ်သတ်ပြီး YESC-Call Center ကဲ့သို့ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များ ထုတ်ပြန်သည့် နေရာများက မီးမှန်ရခြင်းသည် ရေအားလျှပ်စစ် ထုတ်လုပ်ရာနေရာ များတွင် ရေနည်းလာခြင်းကြောင့် ဝန်အားလျှော့ပေးရခြင်းကြောင့်လည်းကောင်း၊ သစ်ကိုင်းများကျိုး ခြင်း၊ သို့မဟုတ် ခုတ်ထွင်နေခြင်းများ၊ မီးကြိုးများ ပျက်ကျခြင်းများ ကြောင့်လည်းကောင်း စသည်ဖြင့် ထုတ်ပြန်ကြေငြာမှုများကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးမှုများတော့ ရှိနေသည်။ အဆိုပါ ထုတ်ပြန်ချက် များကိုလည်း ပြည်သူများက စိတ်ဝင်တစားပင် ဖတ်ရှုပြီး လျှပ်စစ်မီးအခြေအနေကို မှန်းဆတွက်ချက် နေကြရသည်။ သို့ရာတွင် တရားဝင် ထုတ်ပြန်ထားခြင်းများနှင့် လက်တွေ့ဖြစ်ပေါ်နေသည့် အကြောင်းတရားများက ကွဲလွဲချက်များစွာ ရှိနေစဲပင်ဖြစ်သည်ကို ပြည်သူများ ကြံတွေ့နေရစဲပင် ဖြစ်သည်။

မေလအတွင်း၌  YESC Call-Center က ရန်ကုန်မြို့တွင် လျှပ်စစ် မီးပျက်တောက်မည့် အချိန်နှင့် လျှပ်စစ်မီးပြန်လည်ဖြန့်ဝေမည့်အချိန်များကို နာရီအလိုက်၊ မြို့နယ် အလိုက် သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ပေးထားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရှိ မြို့နယ်များတွင် လျှပ်စစ်မီးကို အချိန်အတိအကျဖြင့် ဖြန့်ဝေမည့် သဘောသက်ရောက်နေခဲ့သည်။ ထို့ကြောင့် လျှပ်စစ်မီး မမှန်ခြင်းကို နှစ်များစွာ ကြုံတွေ့လာခဲ့သည့် ရန်ကုန်မြို့သူမြို့သားများအတွက်  လျှပ်စစ်မီး မှန်မှန်လာခြင်းနှင့် မှန်မှန်ပျက်ခြင်းကို ကြုံတွေ့ရတော့မည်ဟု တွေးထင်ခဲ့ကြသည်။

သူတို့အတွက် လျှပ်စစ်မီး မမှန်ခြင်းသည် ဆန်းကြယ်သည့် ပြဿနာတစ်ရပ် မဟုတ်တော့ပေ။ သို့ရာတွင် လျှပ်စစ်မီး မှန်မှန်ပျက်ခြင်းနှင့် မှန်မှန်လာခြင်းကတော့ သူတို့၏ မဆန်းကြယ်သည့် ပြဿနာများကို ဖြေရှင်းနိုင်မည့် အဖြေတစ်ခုအဖြစ် ထင်မြင်ခဲ့ကြသည်။ ထုတ်ပြန်ထားသည့် အချိန်အတိုင်း အတိအကျ လျှပ်စစ်မီးပေးမည်၊ ဖြတ်တောက်မည်များကို တွက်ဆပြီး နေ့စဉ်လုပ်ငန်း ဆောင်တာများကို တွက်ချက်လုပ်ကိုင်နိုင်တော့မည်ဟု ထင်မြင်မိခဲ့ကြပြန်သည်။

“YESC-Call Center က မီးလာမယ့်အချိန်တွေ၊ ပျက်မယ့် အချိန်တွေကို မြို့နယ်အလိုက် လေး ထုတ်ပြန်ထားတာတွေ့တယ်။ အဲဒီတော့ ကျွန်တော်ထင်လိုက်တာက ဒီအချိန်အတိုင်းလေးကို တွက်ပြီး လုပ်လို့ရပြီပေါ့ဗျာ။ မီးလာမယ် ပြောထားတဲ့အချိန်မှာ လုပ်စရာရှိတာတွေ ပြီးပြတ်အောင်လုပ် မယ်ပေါ့။ ဒါပေမဲ့ ဖြစ်မလာပါဘူး” ဟု YESC-Call Center ၏ ထုတ်ပြန်ထားမှုနှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သူ၏ ထင်မြင်ခဲ့မှုကို ပြောပြခဲ့သည်။

YESC-Call Center က ထုတ်ပြန်ထားမှုများသည် လက်တွေ့ လျှပ်စစ်မီး ဖြန့်ဝေချိန်များနှင့် တော့ ကွဲလွဲချက်များစွာ ရှိနေခဲ့သည်ကို တွေ့ရသည်။ လျှပ်စစ်မီး ဖြတ်တောက်ချိန် မမှန်ခြင်း၊ လျှပ်စစ်မီး ဖြန့်ဝေသည့် အချိန်မမှန်ခြင်းများကို မြင်တွေ့နေရသည်။ ထိုအရာများတွင် အကောင်းဘက်က ဟု မြင်နိုင်သည့် လျှပ်စစ်မီးကို သတ်မှတ်ထားသည့် အချိန်ထက် ပိုမိုဖြန့်ဝေပေးခြင်းများ ရှိသကဲ့သို့ သတ်မှတ်ထားသည့် အချိန်အတိုင်း လျှပ်စစ်မီး မဖြန့်ဝေခဲ့ခြင်းများလည်း ရှိနေသည်။ ထို့သို့ လျှပ်စစ် မီးမမှန်ခြင်းကို မထူးမဆန်းတော့သည့် အခြေအနေအဖြစ် သတ်မှတ် လက်ခံလိုက်ကြသူများအကြား တွင် ဆန္ဒတစ်ခုက YESC – Call Center က ထုတ်ပြန်မှုကြောင့် ဖြစ်ပေါ်လာခဲ့သည်။ ထိုဆန္ဒမှာ လျှပ် စစ်မီး မှန်မှန်ပျက်တောက်ပေးရေးပင်ဖြစ်သည်။ သူ တို့ဆိုလိုကြသည့် အဓိပ္ပာယ်မှာ ထုတ်ပြန်ထားသည့် အချိန်အတိုင်း အတိအကျ လျှပ်စစ်မီးပေးခြင်း၊ သတ်မှတ်ထားသည့် အချိန်အတိုင်းပင် လျှပ်စစ်မီး ပြန်လည်ဖြတ်တောက်ရေးပင်ဖြစ် သည်။ သို့မှသာလျှင် သူတို့လုပ် ကိုင်ရမည့် အလုပ်များအတွက် တိကျသည့် တွက်ဆမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆင်မပြေမှုများ ကြားမှ အဆင်ပြေခြင်းအကြောင်း အရင်းအနည်းငယ်လောက်ကို ရှာဖွေတွေ့ရှိနိုင်မည်ဟု ထင်မြင်လာ ကြခြင်းဖြစ်သည်။

တိကျသည့် အချိန်ဖြင့် လျှပ်စစ်မီး ဖြန့်ဝေမှုဖြစ်ပေါ်လာသည့်အခါ အိမ်ထောင်ရှင်မတစ်ဦး အတွက် ထမင်း၊ ဟင်းချက်ရန်အချိန်ကို တွက်ဆပြင်ဆင်နိုင်တော့မည်ဖြစ်သည်။ ရုံးဝန်ထမ်းတစ်ဦးအတွက် မည်သည့်အချိန်တွင် မည်သည့်အလုပ်ကို ကြိုတင်လုပ်ဆောင်ရမည်ကို တွက်ဆနိုင်မည်ဖြစ်သည်။ ထို့အတူ CNG ဆိုင်များတွင် တန်းစီနေရသည့် ယာဉ်မောင်းများအတွက်လည်း တန်းစီ စောင့်ဆိုင်းနေရသည့် အချိန်များစွာထဲမှ အနည်းငယ်ကို လျှော့ချနိုင်ရန် တွက်ဆလာနိုင်မည်ဖြစ် သည်။

ထို့အတူပင် သူတို့၏ အလုပ်ချိန်ပြီးစီး၍ အနားယူရန် အချိန်များတွင်လည်း လျှပ်စစ်မီးနှင့် ပတ်သက် သည့် ဖျော်ဖြေရေးပစ္စည်းများကို အသုံးပြုရန် တွက်ဆမှုများ လုပ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်မီး မှန်မှန်မလာခြင်းသည် မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် မထူးဆန်းသည့် အကြောင်းတရား ဖြစ်နေခဲ့ပြီးဖြစ်သော်လည်း တိကျသည့် အချိန်ဖြင့် လျှပ်စစ်မီးပျက်ခြင်းကို လိုလားနေ ကြပြီဖြစ်သည်။ အချိန်မှန်မှန် လျှပ်စစ်မီးပျက်ပေးခြင်းဖြင့် သူတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို အဆင်ပြေစွာ လုပ်ဆောင်နိုင်ရန် တွက်ဆနိုင်မည်ဟုလည်း အမြင်သစ်ကို မြင်လာကြပြီလည်း ဖြစ်သည်။

ဘဏ်ဝန်ထမ်းတစ်ဦးက ထိုသို့သော် အမြင်သစ်အား ဖွင့်ဟပြောပြခဲ့သည်။ သူပြောပြခဲ့သည်က “ကျွန် တော်ဗျာ ဟိုတစ်နေ့က EPC ကို ဖုန်းဆက်လိုက်တယ်။ မီးဘယ်တော့  ပျက်မှာလဲလို့ဆိုပြီး။ သူတို့က ပြန်မေးတယ်ဗျ။ အစ်ကိုဘာဖြစ်လို့ မီးမပျက်တာကို ပျက်မှာလဲ မေးတာလဲ ဆိုပြီး။ ကျွန်တော်လဲရှင်းပြလိုက်တယ်။ ခင်ဗျားတို့ ပြောတော့ နေ့ လယ်  တစ်နာရီ ပျက်မယ်ဆိုလို့ ကျွန်တော် လုပ်စရာရှိတာတွေကို တစ်နာရီ ထိုးခါနီးလို့ မလုပ်ပဲထားလိုက်တာ။ ပြီးတော့ မပျက်ဘူး။ ပြန် လာရမယ်ဆိုတဲ့ အချိန်ကျမှ ပျက်သွားတယ်။ ကျွန်တော် ဘာမှလည်း မလုပ်လိုက်ရဘူးဗျာ။ အဲဒီတော့ ပျက်မယ်ဆိုလည်း တိတိကျကျတော့ ပျက်ပေးပါ။ မဟုတ်ရင် အလုပ်ပျက်လို့ပါ ဆိုပြီးတော့ပေါ့ဗျာ”ဟု ပင် ဖြစ်သည်။                 

 

 

Most Read

Most Recent