ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ဒေသခံတို့ကြားက အဖြေမရသေးတဲ့ပြဿနာ

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ဒေသခံတို့ကြားက အဖြေမရသေးတဲ့ပြဿနာ
အောင်သပြေကျေးရွာဒေသခံများက ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းကားကြီးများ ဖြတ်သန်းခြင်းမပြုရန် ပိတ်ဆို့တားဆီးစဉ်နှင့် စက်ရုံအတွင်းဖျက်ဆီးခံရမှုအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
အောင်သပြေကျေးရွာဒေသခံများက ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းကားကြီးများ ဖြတ်သန်းခြင်းမပြုရန် ပိတ်ဆို့တားဆီးစဉ်နှင့် စက်ရုံအတွင်းဖျက်ဆီးခံရမှုအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 20 May 2019
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းမှာ တည်ဆောက်နေဆဲဖြစ်တဲ့ တစ်ရက် တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့၊ ကုမ္ပဏီတို့အကြား ပဋိပက္ခဖြစ်ပွားမှုတွေက ယခု မေလအတွင်းမှာ ပိုမိုပြင်းထန်လာခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး ဒေသခံတွေနဲ့ ဘိလပ်မြေ စက်ရုံစီမံကိန်းတို့ အကြားက ခပ်စိတ်စိတ်ဖြစ်ပွားလာတဲ့ ပြဿနာတွေဟာ ဒေသခံတွေ မျှော်လင့်ခဲ့သလို ညှိနှိုင်းဆွေးနွေးမှုတွေနဲ့အတူ တည်ငြိမ်အေးချမ်းစွာ ပြီးဆုံးမသွားဘဲ ၂၀၁၉ ခုနှစ်မှာ ပိုမိုဆိုးရွားရှုပ်ထွေးလာခဲ့ပါတယ်။

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေဟာ ၂၀၁၉ ခုနှစ် မေလဆန်းပိုင်းအထိ တည်ငြိမ်နေခဲ့ရာက မေ ၁၄ ရက်မှာတော့ တစ်ကျော့ပြန် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျေးရွာချင်းဆက် လမ်းပေါ်မှာ စီမံကိန်းလုပ်ဆောင်နေတဲ့ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဘက်က လုပ်ငန်းဆောင်ရွက်နေတဲ့ စက်ယန္တရားတွေ ဖြတ်သန်းသွားလာနေတာကို အောင်သပြေကျေးရွာ ဒေသခံတွေက ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။

 

ကန့်ကွက်တားဆီးမှုတွေ ပြင်းထန်လာတဲ့ စီမံကိန်း

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် အောင်သပြေ-သရက်ကိုင်း ကျေးရွာ ချင်းဆက် လမ်းပေါ်ကသွားလာနေတဲ့ ကုမ္ပဏီဘက်က စက်ယန္တရားတွေ ဖြတ်သန်းသွားလာမှုကို ဒေသခံတွေက မေ ၁၄ ရက် နံနက်ပိုင်းမှာ စတင်တားဆီးခဲ့ကြပြီး တားဆီးထားမှုတွေကို ဖယ်ရှားပေးဖို့ ရဲတပ်ဖွဲ့က အကြိမ်ကြိမ် သတိပေးပြောကြားခဲ့ပါတယ်။ မေ ၁၅ ရက် နံနက် ၅ နာရီခန့်မှာတော့ ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းအသုံးပြုပြီး လမ်းပိတ်ဆို့တားဆီးထားတဲ့ ဒေသခံတွေကို မျက်ရည်ယိုဗုံး၊ ရော်ဘာ ကျည်တွေအသုံးပြုပြီး ပစ်ခတ် လူစုခွဲခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်လူစု ခွဲရာမှာ အပြန်အလှန်ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို  ရဲတပ်ဖွဲ့က လူစုခွဲရာမှာ ဒေသခံတွေက လေးခွများ၊ တုတ်များဖြင့် ပြန်လည်ခုခံပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းပိတ်ဆို့ထားတဲ့ အောင်သပြေကျေးရွာ ဒေသခံတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရော်ဘာ ကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက်မှာ ဒေသခံအချို့ဟာ စက်ရုံစီမံကိန်း ဝင်းအတွင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အဆောက်အအုံအချို့နဲ့ ယာဉ်ယန္တရားတွေ ထိခိုက်ပျက်စီးခဲ့ရပြန်ပါတယ်။ ပဋိပက္ခ အရှိန်ပြင်းထန်နေချိန်မှာ မီးလောင်မှုကိုငြိှမ်းသတ်ဖို့ ရောက်ရှိလာတဲ့ မီးသတ်ယာဉ်တွေကိုပါ ဒေသခံတွေက ထပ်မံပိတ်ဆို့ တားဆီးခဲ့ပါတယ်။ ပိတ်ဆို့တားဆီးထားမှုကို ဖယ်ရှားပေးဖို့ပြောပေမယ့် ဒေသခံတွေက ဆက်လက်တားဆီး ပိတ်ဆို့ထားမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က အဆင့်ဆင့်အလိုက် လူစုခွဲဖို့ ပြင်ဆင်ခဲ့ပြီးနောက် ဒေသခံတွေအနေနဲ့ နောက်ဆုံး လာရောက် ညှိနှိုင်းဆွေးနွေးလိုပါက ညှိနှိုင်းဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ နံနက် ၁၁ နာရီ ကျော်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ထွေအုပ်၊ ဒေသခံတွေနဲ့ ညှိနှိုင်းသဘောတူညီချက် ရရှိသွားတာကြောင့် လမ်းပိတ်ဆို့မှု တွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။

စက်ရုံစီမံကိန်းအတွင်း ဒေသခံတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကြောင့် အဆောက်အအုံအချို့ မီး လောင်ခြင်း၊ အဆောက်အအုံအချို့ ဖျက်ဆီးခံရခြင်း၊ ကားနှစ်စီးမီးလောင်ပျက်စီးခြင်း၊ ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီးခြင်း ကုမ္ပဏီက အသုံးပြုလျက်ရှိသည့် စက်ယန္တရား အချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေဟာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ် မြေ စက်ရုံစီမံကိန်း ဖျက်သိမ်းပေးရေး၊ ဖမ်းဆီးခံ တောင်သူများပြန်လွှတ်ပေးရေးနဲ့ စွဲဆိုထားတဲ့ပုဒ်မ တွေကို ရုပ်သိမ်းပေးဖို့အတွက် ဆက်လက် တောင်းဆိုနေကြဆဲဖြစ်ပြီး အခြေအနေတွေ တင်းမာနေဆဲဖြစ်ပါတယ်။

ပဋိပက္ခဖြစ်စဉ်အပေါ်  ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်

မေ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဖြစ် ပွားခဲ့တဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေ ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာက “မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာနေ ဦးရွှေအုန်းပါ ရှစ်ဦး ဦးဆောင်သော အင်အား ၄၀ ဦးခန့် သည် မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ဘိလပ်မြေစက်ရုံသွား အောင်သပြေကျေးရွာနှင့် သ ရက်ကိုင်းကျေးရွာချင်းဆက်လမ်းအား ပိတ်ဆို့၍  “ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်”ရည်ရွယ်ချက်ဖြင့် စုဝေးဆန္ဒပြခဲ့သောကြောင့် နံနက် ၉ နာရီတွင် ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ကာ လူစုခွဲရန်သတိပေးပြောကြားခဲ့ကြောင်း၊ သို့သော် လူစုခွဲခြင်း မရှိသည့်အပြင် လုပ်ငန်းခွင်သို့သွား ရောက်သူ တရုတ်နိုင်ငံသား Mr. Zhang Peng  နှင့် ကုမ္ပဏီပိုင် KIA အမျိုးအစား ယာဉ်တို့အား တားဆီးပြီး လေးခွဖြင့်ပစ်ခတ်သောကြောင့် Mr. Zhang Peng  တွင် ယာနား နောက်ပေါက်ပြဲ ဒဏ်ရာရရှိ၍ ယာဉ်၏တံခါးမှန်ကွဲကြေပျက်စီးခဲ့သဖြင့် ဦးရွှေအုန်းပါ ရှစ်ဦးတို့အား ပုသိမ်ကြီး မြို့မရဲစခန်းက (ပ)၂၄၇/ ၂၀၁၉၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်  စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့ကြောင်း၊ မေ ၁၅ ရက် နံနက်ပိုင်းတွင် မန္တလေးခရိုင် ရဲတပ် ဖွဲ့မှူးဦးစီးသည့် ပူးပေါင်းအဖွဲ့က တရားခံများကို ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ရန် စက်ရုံသို့သွားရောက်ခဲ့ရာ အောင်သပြေ ကျေးရွာ နှင့် သရက်ကိုင်းကျေးရွာချင်းဆက် လမ်းသို့ရောက်ရှိစဉ် အောင်သပြေကျေးရွာမှ ဦးရွှေအုန်းပါ ကျေးရွာသူ ကျေးရွာသား ၁၀၀ ဦးခန့်က အနီးရှိ သစ်ကိုင်းသစ်ရွက်များကို မီးရှို့တားဆီးခြင်း၊ ကျောက်တုံးများဖြင့် လမ်းပိတ်ထားခြင်း၊ လေးခွ၊ ကုန်းသီး၊ ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းများကြောင့် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအောင် အပါအဝင် အရာရှိ နှစ်ဦး၊ အခြားအဆင့် ခြောက်ဦးတို့တွင် ရင်ဘတ်၊ ခြေထောက်၊ လက်များတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက မပြုလုပ်ရန် သတိပေးတားဆီးခဲ့သော်လည်း ဆန္ဒပြသူများမှာ ရပ်တန့်ခြင်း မရှိသည့်အပြင် ပိုမိုဆိုးရွားစွာ အကြမ်းဖက်လာသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး၊ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် သတိပေး ပစ်ခတ်ခဲ့ရကြောင်း၊ ထိုအချိန်တွင် ဆန္ဒပြလူအုပ်၏ရှေ့မှ အလံကိုင်ကာ ရဲတပ်သားအောင်ကိုလတ်ကို ရိုက်နှက်သဖြင့် ရိုက်နှက်သူများ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရာ အောင်သပြေကျေးရွာနေ  Channel Mandalay နှင့် Upper Myanmar သတင်းဂျာနယ်မှ နန္ဒတစ်ကိုယ်တော်(ခ)အောင်ကြည်မြင့်၊ ချစ်မင်းသူနှင့် မင်းနိုင်တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နောက်ရှိ ဆန္ဒပြလူစုလူဝေးမှာ အောင်သပြေကျေးရွာထဲ သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ မေ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် အောင်သပြေကျေးရွာနေ ခွေးကိုပါအဖွဲ့ (စိစစ်ဆဲ) ၅၀ ဦးခန့်သည် ဘိလပ်မြေစက်ရုံအတွင်းသို့ ဝင်ရောက်၍ ဆောက်လုပ်ဆဲ အဆောက်အအုံ များကို ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ခြင်း၊ လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ငါးထပ်ဆောင်ပြတင်း မှန်များအား ရိုက်ခွဲခြင်း၊ ဆိုင်ကယ်နှစ်စီး၊ ဘက်ဟိုးယာဉ်နှစ်စီး၊ မြေသယ်ယာဉ်နှစ်စီးတို့၏မှန်များကို ရိုက်ခွဲခြင်း၊ မာစီးဒီးနှင့်ဟိုင်းလတ်ယာဉ်နှစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ မီးစက်နှစ်လုံးနှင့် စတိုခန်းတစ်ခန်းတို့အား မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ၎င်းအပြင်စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော တရုတ်နိုင်ငံသား Mr. Xu Jianguo မှာ ကျောက်ခဲထိမှန်ကာ ပေါက်ပြဲ ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်ရုံအတွင်း ဝင်ရောက်၍ လုံခြုံရေးရယူပြီး မီးငြှိမ်းသတ်ခဲ့ရာ ဝင်ရောက် ဖျက်ဆီးသူများမှ အောင်သပြေကျေးရွာသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပြီး ဖျက်ဆီးမီးရှို့မှုကြောင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၄၆၇ ဒသမ ၅ သိန်း ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် အမှတ် (၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောင်သပြေကျေးရွာ ရာအိမ်မှူး ဦးမိုးလင်းပါကျေးရွာသူ ရွာသား ၃၀ ဦးခန့်နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် လူစုခွဲကာ ပြန် လည်ထွက်ခွာသွားကြကြောင်း၊ ယင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဆန္ဒပြသူများအား အကြိမ်ကြိမ်မပြုလုပ်ရန် သတိပေးတားမြစ်ခဲ့သော်လည်း ပိုမိုဆိုးရွားစွာ အကြမ်း ဖက်လာသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အောင်သပြေကျေးရွာသားများမှ လေးခွ၊ ကုန်းသီး၊ ကျောက်ခဲများဖြင့်ပစ်ခတ်သဖြင့်  ပြည်ကြီး တံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး နေမျိုးအောင် အပါအဝင် အရာရှိနှစ်ဦး၊ အခြားအဆင့် ခြောက်ဦး ဒဏ်ရာရရှိကာ စက်ရုံအတွင်းရှိ ယာဉ်နှစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ မီးစက် နှစ်လုံး၊ စတိုခန်းတစ်ခုတို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ငါးထပ်ဆောင်၊ ဆိုင်ကယ် နှစ်စီး၊ ယာဉ်ငယ်တစ်စီး၊ ဘက်ဟိုး နှစ်စီး၊ မြေသယ်ယာဉ် နှစ်စီး မှန်များ ရိုက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း၊ ဆန္ဒပြသူများဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု ကို ရဲတပ်ဖွဲ့ထံ အသိပေးအကြောင်းကြားခြင်းမရှိသေးကြောင်း၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပါဝင်ကျူးလွန်သူ နန္ဒတစ်ကိုယ်တော်(ခ)အောင် ကြည်မြင့်ပါ ကျားသုံးဦး (ဖမ်းမိ) နှင့် ဦးရွှေအုန်းပါ ၁၁ ဦး(ဖမ်းမမိ)တို့အား ပုသိမ်ကြီးမြို့မရဲစခန်း၌(ပ)၂၄၉/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/ ၄၃၅/၁၁၄ ဖြင့်လည်းကောင်း၊ ခွေးကိုပါအဖွဲ့(စိစစ်ဆဲ)ကို (ပ)၂၅၀/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/ ၄၄၀/၃၃၆/၁၁၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း”မြန်မာနိုင်ငံရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခဖြစ်စဉ်တွေနဲ့ပတ် သက်ပြီး ရဲတပ်ဖွဲ့က အောင်သပြေကျေးရွာ ဒေသခံ ၂၀ ကျော်ကို ရာဇ သတ်ကြီးပုဒ်မ ၅၀၅ (ခ) (နိုင်ငံတော်အကြည်ညိုပျက်စေမှု) အပါ အဝင် ပုဒ်မရှစ်ခုခန့်ဖြင့် အမှုအသီး သီးခွဲပြီး အမှုဖွင့်အရေးယူထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတဲ့ ဒေသခံတွေထဲက ငါးဦးခန့် ဖမ်းဆီးထားပြီး ကျန်ရှိနေတဲ့ ဒေသခံတောင်သူတွေကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မမျိုးစုံနဲ့ ဒေသခံတွေအပေါ် အမှုဖွင့် ထားမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ခံထားရတဲ့ ဒေသခံတွေက အဖမ်းခံသွားမည် မဟုတ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ အမှုဖွင့်ခံထားရသူတွေကို ရဲတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမည်ဆိုပါက ဒေသခံတွေနဲ့ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေဖြစ်ပွားလာနိုင်ပြီး မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“ကျွန်တော်တို့ ဒေသခံတွေကို ခေါင်းမထောင်နိုင်အောင်လို့ အခုလိုအမှုဖွင့်တာလို့ မြင်တယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ အမှုဖွင့်ခံထားရတာ မသိသေးဘူး။ ကျွန်တော်ကတော့ အဖမ်းခံမှာ မဟုတ်ဘူး။ ကျွန်တော့်ကို အသေ ပစ်သတ်ချင် ပစ်သတ်သွား။ ကျွန်တော်ကတော့ အဖမ်းခံမှာမဟုတ် ဘူး။ ကျွန်တော်တို့ ဒေသခံတွေ တောင်းဆိုနေတာက ဒီစီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကနေ လာ ရောက်စစ်ဆေးပေးဖို့၊ လက်ရှိမှာ  စီမံကိန်းလုပ်ငန်းတွေရပ်ဆိုင်းထားဖို့၊ မတရားအမှုဖွင့်ဖမ်းဆီးခံထား ရတဲ့တောင်သူတွေကို ပြန်လွှတ်ပေးဖို့၊ အမှုတွေရုပ်သိမ်းပေးဖို့ တောင်း ဆိုထားတယ်။ အဖမ်းခံမှာတော့ မဟုတ်ဘူး”လို့ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မမျိုးစုံနဲ့အမှုဖွင့်ခံထား ရပြီး ဖမ်းဝရမ်းပါထုတ်ခံထားရတဲ့ တောင်သူခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးရွှေအုန်းက ပြောပါတယ်။

လတ်တလောမှာတော့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းနဲ့ စီမံကိန်းအနီး မှာရှိတဲ့ အောင်သပြေကျေးရွာမှာ အခြေအနေတွေ တည်ငြိမ်နေတယ် ဆိုပေမယ့် ဒေသခံတောင်သူတွေကတော့ သူတို့ရွာအတွင်းကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးမှာကို စိုးရိမ်နေကြပါတယ်။ အဲဒီလို ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးတာတွေဖြစ်လာရင် နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ယခု ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခဖြစ်စဉ်ဟာ ကျေးရွာကအသုံးပြုနေတဲ့ ရေတွင်းတွေကို ကုမ္ပဏီဘက်က မြေဖို့ပစ်ခြင်း၊ အသုံးမပြု ရန် တားမြစ်ခြင်းတို့ပြုလုပ်ခဲ့ခြင်းမှစတင်ကာ တင်းမာမှုတွေဖြစ်ပွားလာခဲ့ပြီးနောက် ကျေးရွာချင်းဆက်လမ်းပေါ်ကနေ သွားလာနေတဲ့ ကုမ္ပဏီကားတွေကို ဒေသခံတွေက တားဆီးပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ယခင်အစိုးရ ခွင့်ပြု ခဲ့တဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း စီမံကိန်း တည်နေရာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ဆိုတဲ့ မြို့နယ်နှစ်ခုအတွင်းမှာ တည်ရှိနေတာဖြစ်ပါ တယ်။ ထုံးကျောက်ကုန်ကြမ်း ထုတ်လုပ်မယ့်နေရာဟာ မတ္တရာမြို့နယ် အတွင်းမှာ ပါဝင်နေပြီး စက်ရုံ တည်ဆောက်နေတဲ့ မြေဧရိယာက ပုသိမ်ကြီးမြို့နယ်အတွင်းမှာပါဝင်နေတာ ဖြစ်ပါတယ်။ စီမံကိန်းဧရိယာ အကျယ်အဝန်းက ၆၁၇ ဧက ရှိပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာ သတ္တုတွင်းဝန်ကြီးဌာနက ဓာတ်သတ္တုအကြီးစားထုတ်လုပ်ခွင့်ကို ၂၀၄၀ ပြည့်နှစ် ဇွန်လအထိ ၂၅ နှစ် လုပ်ကိုင်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။ စီမံကိန်းမှာ အသုံးပြုမယ့်စွမ်းအင်က ကျောက်မီးသွေးလောင်စာကို အသုံးပြုသွားမှာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေတန်ချိန် ၅၀၀၀ ကျ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ‘မြင့်’ရင်းနှီး မြှုပ်နှံမှုအုပ်စု ကုမ္ပဏီ(Alpha)က အကောင်အထည်ဖော် တည်ဆောက်နေတာဖြစ်ပါတယ်။ အစိုးရ နဲ့ စီမံကိန်းအကြား ကနဦး ခွင့်ပြုချက်ချထားခဲ့ချိန်က သဘောတူညီချက်အချို့ကို ကြည့်ရမယ်ဆိုရင် ပုံသေမြေငှားရမ်းခ (Dead Rent)အနေနဲ့ တစ်နှစ်လျှင် တစ်စတုရန်းကီလိုမီတာအတွက် ကျပ် သိန်း ၂၀ ပေးဆောင်ရမှာဖြစ်ပြီး သတ္တုခွန် သုံးရာခိုင်နှုန်းကို ကုမ္ပဏီဘက်က နိုင်ငံတော်ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် စီမံကိန်းအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိ စေရေးအတွက် တာဝန်ခံရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ် လာလို့ တိုင်ကြားလာခဲ့ပြီဆိုပါက ကုမ္ပဏီက ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်တဲ့အပြင် ဖြေရှင်းဆောင် ရွက်ပေးနိုင်မှုမရှိခဲ့ရင် လုပ်ငန်းရပ်ဆိုင်းတာ၊ ပေးသွင်းထားတဲ့ အခွန်အခတွေကို ပြန်လည်သိမ်းယူပြီး  လုပ်ကွက် ပြန်လည်သိမ်းယူခံရနိုင်ကြောင်း သဘောတူညီချက် ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် စီမံကိန်း ဟာ သတ်မှတ်ကာလဖြစ်တဲ့ ခွင့်ပြုချက်ထုတ်ပေးပြီး ခြောက်လအတွင်း လုပ်ငန်းစတင်လုပ်ဆောင်ရမှာ ဖြစ် ပြီး လုပ်ငန်းစတင်ဆောင်ရွက်တာမရှိဘူးဆိုရင် အာမခံပေးသွင်း ငွေကို နိုင်ငံတော်ကသိမ်းယူမှာဖြစ်ပြီး ခွင့်ပြုမိန့်ဟာ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်တဲ့အကြောင်း စီမံ ကိန်းနဲ့သက်ဆိုင်တဲ့ ခွင့်ပြုမိန့်မှာဖော်ပြထားပါတယ်။ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ခွင့်ပြုမိန့်ကို အရင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်မှာ ခွင့်ပြုပေးခဲ့တာဖြစ်ပါ တယ်။ ဒီနေရာမှာ စီမံကိန်းနဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက် က ခွင့်ပြုပေးထားတဲ့ခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အချက်အချို့တွေ့ရပါတယ်။ ခွင့်ပြု မိန့်ထုတ်ပေးထားတဲ့စည်းကမ်း ချက်(၄)မှာ ဖော်ပြထားတာက “ဤ ခွင့်ပြုမိန့်အား ထုတ်ပေးသည့်နေ့မှ စ၍ ခြောက်လအတွင်း လုပ်ငန်းများ စတင် ဆောင်ရွက်ခြင်းမပြုပါ က အာမခံငွေအား နိုင်ငံတော်က သိမ်းယူမည်ဖြစ်သည့်အပြင် ဤခွင့်ပြုမိန့်သည် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရ မည်”လို့ ဖော်ပြထားပြီး စည်းကမ်းချက်(၆)မှာ “ဤခွင့်ပြုမိန့်၌ သတ်မှတ်စည်းကမ်းဘောင်အတွင်း မြေ ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သော၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် သက်ဆိုင်သော အငြင်းပွားမှုများ၊ စောဒကတက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုနှင့်ပတ်သက်သော တိုင်ကြားချက်များ၊ အငြင်းပွားမှုများဖြစ်ပွားပါက ကုမ္ပဏီမှသာတာဝန်ခံဖြေရှင်းရန်၊ မဖြေရှင်းနိုင်ပါက လုပ်ကိုင် ခွင့် ရပ်ဆိုင်းခြင်း၊ ပေးသွင်းထားသည့် အခွန်အခနှင့် အခြားပေးသွင်းမှုများ သိမ်းယူခြင်း၊ လုပ်ကွက်ပြန် လည် သိမ်းယူခြင်းခံရမည်ကို သဘောတူဝန်ခံ ကတိပြုရမည်”လို့ ဖော်ပြထားပါတယ်။

ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ခွင့်ပြုမိန့် ချထား ပေးခဲ့တဲ့ စီမံကိန်းဟာ ယခု ၂၀၁၉ ခုနှစ်မှာဆိုရင် လေးနှစ်ကျော် ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စီမံကိန်းဟာ တည်ဆောက်ရေး လုပ်ငန်းအချို့သာ ဆောင်ရွက်နေတာတွေ့ရပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်တာ မရှိသေးပါဘူး။ ဒီလို လုပ်ငန်းကြန့်ကြာနေမှုတွေ နဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကတော့ စီမံကိန်းအပေါ် ဒေသခံအချို့က ကန့်ကွက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ပြောဆိုထားပါတယ်။ စက်ရုံစီမံကိန်းကို နိုင်ငံ တော်အစိုးရ ခွင့်ပြုချက်အတိုင်း လုပ် ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်ပြီး ဒေသခံများပြောဆိုနေ သည့် နစ်နာနေမှုများမှာ မည်သည့်အရာများ နစ်နာနေသည်ကို မသိရှိရဘဲ နစ်နာသည့်အကြောင်းအရာ များကို တိတိကျကျ သိရှိရန်လိုကြောင်း စက်ရုံတာဝန်ရှိသူက သတင်းမီဒီယာများကို ဖြေကြားထား သည်။ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေရှိနေသလို ထောက်ခံနေကြတဲ့ ဒေသခံအချို့လည်းရှိနေပြန်တာတွေ့ရပါတယ်။ စီမံကိန်းကို ထောက်ခံတဲ့ဒေသခံအချို့ကတော့ စီမံကိန်းဟာ ကျေးရွာဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေတာကြောင့်ဆိုပြီး ထောက်ခံတဲ့အကြောင်း ပြောဆိုထားကြပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းကို ကန့် ကွက်ထားကြတဲ့ဒေသခံတို့ တိုင် ကြားထားတဲ့ တိုင်ကြားစာတွေနဲ့   ပတ်သက်ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆီကနေတစ်ဆင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အကြောင်းပြန်ကြားစာတစ်စောင် ပြန်ကြားပေးခဲ့ပါတယ်။ အကြောင်းပြန်ကြားစာမှာ သတ္တုတွင်းအကြီးစား ခွင့်ပြုထုတ်လုပ်မိန့်ကို ပယ်ဖျက်ပေးပါရန် တင်ပြလာကြောင်း၊ ဒေသခံ ငါးဦး၏ တင်ပြမှုနှင့်ပတ် သက်၍စိစစ်သုံးသပ်တွေ့ရှိမှုမှာ ခွင့်ပြုမိန့်တွင်ပါရှိသော ထုံးကျောက်အစား အခြားအဖိုးတန်ဓာတ်သတ္တု ပစ္စည်းများဖြစ်သည့် ရွှေ၊ ကြွေထည်၊ သလင်းကျောက်များတူးဖော်၍ ည အချိန်သယ်ဆောင်ခိုးယူခြင်း၊ ခွင့်ပြုဧရိယာ ကျော်လွန်ခြင်းနှင့် ပတ် သက်၍တင်ပြလာမှုအပေါ် ကွင်းဆင်းအဖွဲ့များ၏စစ်ဆေးတွေ့ရှိချက်အရ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနက ဓာတ်ခွဲစမ်းသပ်မှုအရ CaO 52.74%, MgO 1.15%, SiO2 1.71% တို့ ပါဝင်ပြီး အခြားအဖိုးတန် ရွှေနှင့် ဓာတ်သတ္တုများပါဝင်ခြင်း မရှိကြောင်းနှင့် သယ်ယူမှုများမရှိ ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ မရှိသေးသဖြင့် သတ်မှတ်ဧရိယာ ကျော်လွန်မှုမရှိကြောင်း၊ လူထုအပေါ် ကျန်းမာရေးထိခိုက်နိုင်မှု နှင့်ပတ်သက်၍ သတ္တုတွင်းဒီဇိုင်း (Mine Design)တွင်သတ်မှတ်ထားသည့် အကွာအဝေးမှာ မီတာ ၂၀၀ ကွာဝေးသဖြင့် ထုံးကျောက်လုပ် ကွက်နှင့် အောင်သပြေကျေးရွာမှာ မိုင်အားဖြင့် အနည်းဆုံးတစ်မိုင်ကွာဝေးသောကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်ကြောင်း၊ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်စီမံကိန်းမှာ အောင်သပြေကျေးရွာနှင့် နီးကပ်နေမှုနှင့်ပတ်သက်၍ အဆိုပါ စက်ရုံစီမံကိန်းမှာ စက်မှုဝန်ကြီးဌာန၏ကွပ်ကဲမှုအောက်တွင် တည်ရှိသဖြင့် ဆက်လက်တည်ဆောက်ရန်သင့်-မသင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနဖြင့်သာညှိနှိုင်းဆောင်ရွက်သင့် ကြောင်း စတဲ့ အချက်လေးချက်နဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြန်ကြားခဲ့တဲ့ အကြောင်းပြန် ကြားချက်နဲ့ ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဌေးလင်း က “သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ဝန်ကြီးဌာနက ဖြေကြားထားတာက အဓိကဖြစ်တဲ့ သတ္တုမိုင်း  လုပ်ငန်းနဲ့ပတ်သက်ပြီး သူက ဦးစားပေးပြန်ဖြေကြားတာပေါ့။ ဝန်ကြီးဌာနအဖြေကို လေ့လာကြည့်ရ သလောက်က သက်ဆိုင်ရာ ကုမ္ပဏီ၊ ဒေသခံတို့အကြား ညှိနှိုင်းဆွေးနွေး ဖြေရှင်းရင်အဆင်ပြေမယ်လို့ ပြန် ကြားထားတာတွေ့ရတယ်။ ဒါကြောင့် ကုမ္ပဏီနဲ့ဒေသခံတွေအကြား ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် သယံဇာတဝန်ကြီးဌာနအဖြေက သင့်တော်တယ်လို့ ထင်ပါတယ်။ စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနကို မေးမြန်းကြည့်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်လုပ်ဆောင်ပြီး စက်ရုံစီမံကိန်းကို ဆက်လုပ်သွားမယ် အကြောင်းပြန် ကြားပေးခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး  ဘိလပ်မြေစီမံကိန်းနဲ့ ဒေသခံတို့စိုးရိမ်သောက

တစ်နေ့ တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းအတွက် ထုံး ကျောက် ကုန်ကြမ်းထုတ်လုပ်မယ့် လုပ်ကွက်ဧရိယာဟာ မတ္တရာမြို့နယ်အတွင်းမှာ တည်ရှိနေပြီး ကုန် ချောထုတ်လုပ်မယ့် စက်ရုံနေရာဟာ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ အငြင်းပွားမှု ပဋိပက္ခ ပြဿနာတွေဟာ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အဓိကပြဿနာဖြစ်နေတဲ့ စက်ရုံစီမံကိန်းဟာ ပုသိမ်ကြီးမြို့ နယ်အတွင်းက အောင်သပြေ ကျေးရွာနဲ့ကပ်လျက်တည်ရှိနေတာက စတယ်ဆိုရင် မမှားပါဘူး။ စက်ရုံ တည်ဆောက်နေတဲ့ မြေဧရိယာက ကျေးရွာနဲ့ခြံစည်းရိုးသာကွာခြားနေတာကြောင့် ဒေသခံတွေဟာ ကျောက်မီးသွေးလောင်စာစွမ်းအင်ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်မှာနဲ့ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာပြီး လူမှုစီးပွားဘဝတွေထိခိုက်မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ စီမံကိန်းဘက်ကတော့ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ထိခိုက်မှုမရှိအောင် လုပ်ဆောင်ထားပြီးဖြစ်တယ် လို့ ပြောဆိုထားပါတယ်။

 

ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ဒေသခံတို့အကြား မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခပြဿနာတွေဟာ အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတို့အကြားမှာ ညှိ နှိုင်းဆွေးနွေးလုပ်ဆောင်မှု အားနည်းခဲ့တာကြောင့် ဖြစ်တယ်လို့  ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်က   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ထောက်ပြ ပြောကြားခဲ့ပါတယ်။

“အောင်သပြေဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုနဲ့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ လုပ်ဆောင်ပေးရမှာပေါ့။ လတ်တလောမှာတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ညှိနှိုင်းဆွေးနွေးဖို့  သွားဖို့ရှိပါတယ်။ ကျွန်တော်ကတော့ နေပြည်တော်မှာ လွှတ်တော်အစည်းအဝေး တက် ရောက်နေပါတယ်။ ဒေသခံတွေကတော့ ပြည်ထောင်စုအဆင့်က အစိုးရ အဖွဲ့ လာရောက်တွေ့ဆုံပြီး ညှိနှိုင်း ဆွေးနွေးစေချင်ကြတယ်။ ဒေသခံတွေက နယ်လုံဝန်ကြီးတို့၊ ထွေအုပ် တို့လို လာရောက်ဆွေးနွေးတာကို သဘောမကျဘူး။ ကျွန်တော်တို့ အစိုးရအဖွဲ့ကနေ ထဲထဲဝင်ဝင်ဝင် ရောက် ညှိနှိုင်းဆွေးနွေးစေချင်ကြတာပေါ့။ အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတွေအကြားမှာ ညှိနှိုင်းဆွေးနွေး မှုမရှိဘူးဆိုရင် ပြဿနာတွေကဆက် ဖြစ်နေကြဦးမှာပဲ။ သုံးပွင့်ဆိုင်အကျေ အလည်ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ဘာမှဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ညှိနှိုင်းဆွေးနွေးမှု အားနည်းလို့ အခုလိုတွေဖြစ်နေကြတာပေါ့”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ တည်ဆောက်နေတဲ့ တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိ လပ်မြေစက်ရုံစီမံကိန်းနဲ့ပတ်သက် ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စီမံကိန်းကိုကန့်ကွက်နေသူများဟာ လူအနည်းငယ်သာဖြစ်ပြီး ထောက်ခံထားသူ အများအပြားရှိကြောင်း၊ ကန့်ကွက်နေသည့် ဒေသခံများကို နောက်ကွယ်မှစေခိုင်းနေမှုများ ရှိနေတယ်လို့ ပြောကြားထားပါတယ်။

“မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကုမ္ပဏီဟာ MIC ခွင့်ပြုမိန့်ကျပြီးသား။ သူက ဒေသခံ ၅၀၀ ကျော်ကို အလုပ်အကိုင်တွေ ပေးထားတယ်။ ဒါပေမဲ့ ဆန္ဒပြနေကြတယ်။ သူတို့ဆန္ဒပြနေတဲ့ အကြောင်းရင်းကလည်း ဘာမှ မလုံလောက်ဘူး။ နောက်က အဖွဲ့က မြှောက်ပေးနေလို့ ဖြစ်နေတာ။ ဒါဟာ အပွင့်လင်းဆုံး ကျွန်တော် ပြောတာ။ ဒီဟာနဲ့ပတ်သက်ပြီး အလုပ်မလုပ်ရလို့ ဒေသခံတွေနဲ့ သံဃာတော်တွေ အပါအဝင် အမြန်ဆုံးဖြေရှင်းပေးဖို့ ကျွန်တော့်ဆီကို စာတွေတင်ထားတယ်။ ဒါတွေကို ကျွန်တော် ဖြေရှင်းသွားရဦးမယ်။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့  ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေရှိမှ အလုပ် အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ။ ကျွန်တော်တို့ဟာ စီမံကိန်းတွေကို အလွယ်တကူမပေးပါ ဘူး။ နိုင်ငံတော်အတွက် အခွန်အခ ရရမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရပါမယ်။ ဒါကြောင့် အကုန်လုံးကို စစ်ဆေးစိစစ်ပြီးမှာသာ ပေးတာဖြစ်ပါတယ်။ မြင့်ကုမ္ပဏီနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင် MIC ကလည်း ခွင့်ပြုမိန့်ကျပြီးသား၊ ရွာသားတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းရနေ ပြီ။ ဒါကိုလမ်းဖောက်တာအကြောင်းပြုပြီး ကန့်ကွက်နေကြတာ။ စက်ရုံစီမံကိန်းကိုလည်း နယ်လုံဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ပြီးသား။ သက်သေ အထောက်အထားတွေလည်း ရှိပြီးသားပါ။ စီမံကိန်းကို လူ ၅၀၀၀ ကျော် ထောက်ခံထားတဲ့ လက်မှတ်တွေရှိပြီးသားပါ။ ကန့်ကွက်နေတဲ့သူ တွေက ၅၀ တောင်မှ မပြည့်ပါဘူး။ ကန့်ကွက်နေတိုင်း မှန်တယ်လို့ ခင်ဗျားတို့ ယူဆလား။ ဒါနဲ့ပတ်သက်ပြီး အမှန်တရားဖော်ထုတ်ပေးဖို့ ခင်ဗျားတို့မှာလည်းတာဝန်ရှိတယ်။ နယ်မြေ ကွင်းဆင်းပြီး မေးပေးကြပါ။ ကန့်ကွက်နေသူတွေက မှန်သလားဆိုတာ။ နောက်တစ်ခုက MIC က ခွင့် ပြုပေးထားပြီးသားကို ကျွန်တော်တို့ အစိုးရက ကာကွယ်ပေးရပါတယ်”လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က စီမံကိန်းနဲ့ ပတ်သက်ပြီး ပြောကြားထားတာဖြစ် ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားချက်အချို့နဲ့ပတ်သက်ပြီး စီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတွေက မြေပြင်မှာ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲမှုတွေရှိနေတာကြောင့် ကန့်ကွက်ခဲ့ကြပါတယ်။ ၎င်းတို့ဒေသခံများကို မည်သည့်အဖွဲ့ အစည်းကမှ မြှောက်ပင့်ပေးနေခြင်း မဟုတ်ဘဲ စက်ရုံစီမံကိန်းဟာ ကျေးရွာအနီးမှာ တည်ဆောက်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေး ထိခိုက်မှုတွေရှိ လာနိုင်တာကို စိုးရိမ်တဲ့အတွက်ကန့်ကွက်နေကြတာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင်ကျေးလက်လမ်း ဖောက်လုပ်မှုမှာလည်း ဒေသခံများ၏ ယာမြေတွေထဲက ယာမြေအချို့ လမ်းဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့အတွက် နစ်နာမှုတွေရှိနေတဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုမရှိ ခဲ့တာကြောင့် ကန့်ကွက်နေခြင်းသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းဟာ အရင်အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းဆိုပေမယ့် လက်ရှိအစိုးရမှာလည်း တာဝန်ရှိနေပါတယ်။ အရင်အစိုးရလက်ထက်က ချထား ပေးခဲ့တဲ့စီမံကိန်းဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လက်ရှိအရပ်သားအစိုးရလက်ထက် မှာ လုပ်ငန်းတွေကို စတင်အကောင် အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။

စီမံကိန်းကို ထောက်ခံထားသူ အများအပြားရှိတယ်လို့ ပြောဆိုထားပေမယ့် အသုံးပြုမယ့်လောင်စာ စွမ်းအင်က ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုမှာဖြစ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်လာစေဖို့အတွက် သတိပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆောက်နေတဲ့ စက်ရုံဟာ ဒေသခံရွာသားတွေ နေထိုင်တဲ့ ကျေးရွာအနီးမှာ ကပ်လျက်တည်ဆောက်နေတာကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတာဖြစ်ပါ တယ်။ တည်ဆောက်နေတဲ့ စက်ရုံဟာ လူနေထိုင်ရာ ကျေးရွာနဲ့ ခြံစည်းရိုးသာ ခြားနားနေတာကြောင့် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီ၊ မညီဆိုတာကို နှစ်ဖက်ရေရှည် အကျိုးစီးပွားအတွက် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ စီမံကိန်းကို လူ နည်းစုကနေ ကန့်ကွက်နေတယ်လို့ ပြောဆိုထားတာနဲ့ပတ်သက်ပြီး ကန့်ကွက်နေတဲ့လူနည်းစုဟာ စက်ရုံစီမံ ကိန်းအနီးမှာရှိတဲ့ အောင်သပြေ ကျေးရွာက ဒေသခံတွေဖြစ်ပါတယ်။ စီမံကိန်းအနီးမှာက အောင်သပြေ ကျေးရွာတစ်ရွာပဲ နီးနီးကပ်ကပ် တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အဓိကကန့်ကွက်ကြသူတွေဟာ အောင်သပြေကျေးရွာသားတွေပဲ  ဖြစ်တာကြောင့် လူနည်းစုဖြစ်နေ တာမဆန်းဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အဆိုပါကျေးရွာမှာရှိတဲ့ ဒေသခံတွေ အရင်ဆုံး ထိခိုက်နစ်နာမှုတွေ ဖြစ်လာမှာဖြစ်တာကြောင့် ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်မှုကြောင့် ဒေသခံသုံးဦး အချုပ် ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး တောင်သူ ၂၀ ဝန်းကျင် အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ယခုမေလ အတွင်း ထပ်မံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်ကြောင့် အလွတ်တန်း သတင်းထောက်တစ်ဦးအပါအဝင် ဒေသခံ လေးဦး ဖမ်းဆီးခံထားရပြီး အောင် သပြေကျေးရွာ ဒေသခံ ၂၀ ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မမျိုးစုံ တို့ဖြင့် ရဲတပ်ဖွဲ့ကအမှုဖွင့် တရားစွဲ ဆိုထားပါတယ်။

 

စီမံကိန်းက ဒေသဖွံ့ဖြိုးမှုအတွက်  ဘာတွေ မျှော်လင့်နိုင်မလဲ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပြောကြားခဲ့သလို နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်တာ အမှန်ပင်ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရှိမှာသာ တိုင်းပြည်အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ လိုအပ်နေတဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေကို ဖန်တီးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံယေဘုယျကျတဲ့ အချက်တွေသာ ဖြစ်ပါ တယ်။ သို့သော် ရင်းနှီးမြှုပ်နှံမှုတွေ နဲ့အတူ ဝင်ရောက်လာမယ့် စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးနဲ့ နိုင်ငံတော်အတွက် အဓိကအကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သလို အမှန်တကယ်အကျိုးပြုနိုင်ဖို့ အဓိကဖြစ်ပါတယ်။

တစ်နေ့ တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ် မြေစက်ရုံစီမံကိန်းဟာ လူမှုစီးပွား ဘဝ ထိခိုက်မှုအနည်းဆုံး၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး၊ ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက် နိုင်မှုမရှိတာ စတဲ့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတို့ အတွက် ဆောင်ရွက်သင့်တာ အမှန် ဖြစ်ပါတယ်။ သို့သော် အဆိုပါအချက်တွေနဲ့ ပြောင်းပြန်အချိုးကျနေမယ် ဆိုရင်တော့ ခွင့်ပြုခဲ့သူတွေရဲ့တာဝန်၊ သက်ဆိုင်ရာ စီမံကိန်းအကောင်ထည်ဖော်သူတွေရဲ့တာဝန်ဖြစ်တဲ့ အပြင် ဒေသအပါအဝင် နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံး နစ်နာမှုပဲဖြစ်ပါလိမ့်တယ်။ လက်ရှိမှာတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကြားမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

အောင်သပြေကျေးရွာ ဒေသခံတောင်သူတွေကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေ ကွင်းဆင်းစစ် ဆေးပြီး ညှိနှိုင်းဆွေးနွေးပေးဖို့တောင်းဆိုထားကြပါတယ်။ အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတို့အကြား ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လက်မပြုလုပ်မချင်းကတော့ ပဋိပက္ခတွေနဲ့ မလိုလားအပ်တာတွေ ထပ်မံဖြစ်ပွားနေဆဲဖြစ်နိုင်ပါတယ်။ အကယ်၍ အစိုးရ အဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတို့အကြား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေး အောင်မြင်ခဲ့မယ်ဆိုရင်တော့ လက် ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ပြေလည်နိုင်မှာပဲဖြစ်ပါတယ်။

 

Most Read

Most Recent