မြန်မာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းနှင့် စီမံကိန်း ၈၀

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းနှင့် စီမံကိန်း ၈၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာငြိမ်း)
Published 19 May 2019
နီလာ

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန် အစိုးရက ဦး စားပေး အကောင်အထည်ဖော်မည့် အဓိကကျသည့် စီမံကိန်း ၈၀ ကို ရန်ကုန်စီမံကိန်းဘဏ် (Yangon Project Bank) တွင် ထည့်သွင်းဖော်ပြထားသည်။

ယင်းစီမံကိန်း ၈ဝတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်မည့် စီမံကိန်းများ ပါဝင်သကဲ့သို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဆောင်ရွက်မည့် စီမံကိန်းများလည်း ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်မည့် စီမံကိန်း ၁၆ ခု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်မည့် စီမံကိန်း ၃၁ ခု၊ Ministry of Municipal Affairs (Yangon Region) က အကောင်အထည်ဖော်မည့် စီမံကိန်း ၁၁ ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မည့် စီမံကိန်း ၁၁ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မည့် စီမံကိန်း ၁၁ ခုဖြင့် စုစုပေါင်း စီမံကိန်း ၈၀ ပါဝင်သည်။

“ဒီစီမံကိန်းဘဏ်ဟာ တစ်နေရာတည်းမှာ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် ဗဟိုဌာနအဖြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာဖြစ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးများ၏ အဓိက လိုအပ်ချက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ဖြန့်ဝေပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာ၍ ယှဉ်ပြိုင်မှုကို အခြေခံသည့် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားသည်။

စီမံကိန်းများနှင့် ရန်ကုန်

အဆိုပါစီမံကိန်း ၈၀ အနက် ၁၉ ခု ကို  မေ  ၁၀ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အခမ်းအနား၌ပင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင်နည်းပညာဇုန်၊ ဇရပ်ကွင်း စက်မှုဥယျာဉ် မြို့တော်စီမံကိန်း၊ New Chity Light Industrial Park Project၊ Yangon City Renewal Project၊ ၊ Yangon Construction Materials Trade Centre၊ Pho Sein Higherise Project၊၊Yangon Financial Tower Project၊ Crossborder E- Commerce Project Platform၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ ဟံသာဝတီစက်မှုဇုန် စီမံကိန်း၊ မော်တော်ယာဉ်အစိတ်အပိုင်း တပ်ဆင်ခြင်းစီမံကိန်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်မှ ပရိဘောဂနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်မှုလုပ်ငန်းဇုန်၊ သားရေပစ္စည်းဆိုင်ရာ စက်မှုလုပ်ငန်းဇုန်၊ စိုက်ပျိုးရေးအခြေခံ အဆင့်မြင့်နည်းပညာ စက်မှုဇုန်များ စသည်တို့ ပါဝင်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်တိုင်းအတွင်း စျေးများ အဆင့်မြှင့်တင်ခြင်းနှင့် တည်ဆောက်ခြင်းများ လုပ်ကိုင်မည့်စီမံကိန်း ၃၁ ခုပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်မည့် ဒလမြို့တော် ဗဟိုဖွံ့ဖြိုးရေးစီမံကိန်း၊ စံကြီးဝ Transportation Hub၊ ရန်ကုန်မြို့သစ်စီမံကိန်းအဆင့် (၁)နှင့် (၂)၊ မှော်ဘီစိုက်ပျိုးရေး အသက်မွေးပညာ သင်တန်းကျောင်း၊ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုစီမံကိန်း၊ ရန်ကုန် အထူးစီးပွားရေးဇုန်အပြင် အိမ်ရာစီမံကိန်းများကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်မိုးပျံလမ်းစီမံကိန်း၊ Eco Green City၊ ကန်တော်လေးအိမ်ရာ အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ကိုရီးယား- မြန်မာစက်မှုဇုန်၊ ဦးဝိစာရအိမ်ရာ၊ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ စသည်ဖြင့် စီမံကိန်းပေါင်း ၁၁ ခုအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မည့် စီမံကိန်းပေါင်း ၁၁ ခုကို ထည့်သွင်းဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးသည့်နေရာတွင် ရန်ကုန်တိုင်းဒေသကြီး၏ အခန်းကဏ္ဍကို ဖော်ပြရာ၌ ရန်ကုန်မြို့တော်သည် အမိမြေ၏ တစ်ရာခိုင်နှုန်းမျှပင်မရှိသော အကျယ်အဝန်းပေါ်တွင် မြန်မာ့လူဦးရေ၏ ၁၀ ပုံတစ်ပုံခန့်၊ မြို့ပြလူဦးရေ၏ သုံးပုံတစ်ပုံခန့် နေထိုင်လျက်ရှိပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ၏ လေးပုံတစ်ပုံခန့်ကို ထုတ်လုပ်ဖြည့်ဆည်းလျက်ရှိကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တော်သည် အခြားနိုင်ငံတကာ အဓိကမြို့တော်များနည်းတူ  ဖွံ့ဖြိုးတိုးတက်ရေး အချက်အချာ၊ ရင်းနှီးမြှုပ်နှံမှုတို့၏ ဆုံဆည်းရာ၊ မြန်မာ့စီးပွားရေး၏ မောင်းနှင်အားဖြစ်သည်ဟုလည်း ဆိုနိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

အဆိုပါစီမံကိန်းဘဏ်သည် မြန်မာ့ဖွံ့ဖြိုးရေးခရီးစဉ်အတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည် သည့်အပြင် ပြည်တွင်း ပြည်ပ စီးပွား ရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများက ယုံကြည်မှုအပြည့်အဝဖြင့် ပူးပေါင်းဖော်ဆောင်ကာ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်တွန်းထားသည်။

ရှစ်နှစ်နီးပါးအတွင်း ရန်ကုန်တိုင်းသို့ FDI ဝင်ရောက်မှုအခြေအနေ

ရန်ကုန်တိုင်းဒေသကြီးသို့ ရှစ်နှစ်နီးပါးအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ပမာဏ ဒေါ်လာ ၂၂ ဘီလျံကျော် ဝင်ရောက်ထားပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၅၀ ခန့် ရှိသည်။

“ရန်ကုန်တိုင်းဒေသကြီးရဲ့ ရင်းနှီးမြှုပ်နှံမှု စီးဝင်လာမှုကိုကြည့်မယ်ဆိုရင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမ ှုပမာဏ စုစုပေါင်း ဒေါ်လာ ၂၂ ဘီလျံကျော်ရှိပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၅၀ ရှိတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် မတ်လအထိ ကျပ် ၈၅၅၉ ဘီလျံရှိပြီ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်မှ လက်ရှိအချိန်အထိ စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၁၆၁ ခုနှင့် နိုင်ငံခြား မတည်ရင်းနှီးမြှုပ်နှံမှုပေါင်း ၂၉၄ သန်းကျော်၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပေါင်း  ၃၀ မှ မတည်ရင်းနှီးငွေပမာဏ သန်းပေါင်း ၆၅၀၉၄ ကျော်ကို စတင်ဆောင်ရွက်ခဲ့ပြီဟု သိရသည်။

အလုပ်အကိုင်ရရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ စတင်ဖွဲ့စည်းစဉ်မှ လက်ရှိအချိန်အထိ ၉၆၇၂၅ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာ၌ အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေနှင့် စက်မှုဇုန်များတွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်ရန် အဓိကထား ဖိတ်ခေါ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“၂၀၁၉ မှာရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး Target ထားတာက အထည်ချုပ်လုပ်ငန်းကဏ္ဍ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အထည်ချုပ်လုပ်ငန်းကို Taraget ထားခဲ့တယ်။ အထည်ချုပ်လုပ်ငန်းတွေ တော်တော်များများလည်း တိုးချဲ့တယ်။ ပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍရယ် ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ ပတ်သက်တဲ့ဟာတစ်ခုကို ဒီနှစ်မှာ ထပ်ထည့်ထားတာပါတယ်” ဟု   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခု နှစ် ဧပြီအထိ  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်၊ British Virgin Islands၊ Somoa၊ ကိုရီးယားနှင့် ဆေးရှားလ်နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၈ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခုနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၉ ခုကို အတည်ပြုမိန့် ထုတ်ပေးခဲ့ပြီး မတည်ငွေရင်းပမာဏ စုစုပေါင်း ဒေါ်လာ ၁၅၀ ဒသမ ၉၂၇ သန်းနှင့် ကျပ်၂၀၃၅၄ ဒသမ ၈၄၅သန်း၊ အလုပ်အကိုင်အခွင့်အလမ်း ၅၃၀၇၁ ဦးတို့ အတွက် ဖန်တီးပေးနိုင်မည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃ ရက်အထိ သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၄၇ ဒသမ ၃၅၅ သန်း ဝင်ရောက်ထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၇၁၈ သန်းကျော် ပိုမိုဝင်ရောက်ထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၁၅၅ ဒသမ ၆၈၇ သန်းဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၆၆၈ ဒသမ ၂၇၀ သန်းဖြင့် ဒုတိယ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂၇၄ သန်းဖြင့် တတိယအများဆုံးဖြစ်သည်။

လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၉၃ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ သန်း ၆၀ ကျော်၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတွင် ဒေါ်လာ ၅၄ သန်းကျော်၊ စက်မှုဇုန် တည်ဆောက်ရေးလုပ်ငန်းတွင် ဒေါ်လာ ၄၈ ဒသမ ၄ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၃၄ သန်းနီးပါးနှင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၁၄ သန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၁၀ သန်းကျော် ဝင်ရောက်ထားပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁၃၄ သန်းကျော် ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာဆောင် ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော် လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုလွယ်ကူချောမွေ့စေရန် အကာအကွယ်ပေးရန်နှင့် ဖြေလျှော့ပေးရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်း၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုတည်းအဖြစ် ပြဋ္ဌာန်းပေးထားသည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ကုမ္ပဏီမှတ်ပုံတင်ရန် လိုအပ်သည့် အဆင့်များကို လျှော့ပေးခဲ့သည်။ MyCo ဟုခေါ်သည့် အီလက်ထရွန်နစ်ကုမ္ပဏီ မှတ်ပုံတင်စနစ်ကိုလည်း တည်ထောင်ထားပြီး ကုမ္ပဏီများအားလုံး အင်တာနက်မှတစ်ဆင့် လွယ်ကူစွာ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လျှောက်ထားခြင်း အဆင့်အများစုကိုလည်း ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲထားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဦးစားပေးမည့် ကဏ္ဍများကို ထုတ်ပြန်ကာ ဦးစားပေးကဏ္ဍအလိုက် ဖွံ့ဖြိုးမှုဇုန်အလိုက် အခွန်သက်သာခွင့်ကို သုံးနှစ်မှ ခုနစ်နှစ်အထိပေး၍ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်လျက်ရှိသည်။

သို့သော်လည်း အခြားတစ်ဖက်တွင် ယခုနှစ်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် မြန်မာ့နိုင်ငံရေးအခြေအနေ၊ အလားအလာများအပေါ် ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေဆဲသာ ဖြစ်သည်။

အခြေခံအဆောက်အအုံ လိုအပ်ချက်များက ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းဖြစ်ခဲ့သော်လည်း လျှပ်စစ်မီး အပြည့်အဝမရခြင်းနှင့် မြေရရှိရန်ခက်ခဲခြင်း၊ ကျွမ်းကျင်လုပ်သား ပြည့်ဝစွာမရှိသေးခြင်းတို့ ကြုံတွေ့နေရသည်ဟု သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သို့ တင်ပြလာသည့် လုပ်ငန်းများအပေါ် MIC နှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးကော်မတီများက လုပ်ကိုင်ခွင့်ချထားပေးရန် လိုလိုလားလားနှင့် ၀ိုင်းဝန်းလုပ်ကိုင်ပေးကြသော်လည်း အခြားသက်ဆိုင်ရာဝန်ကြီးဌာနများတွင် လိုင်စင်ရရှိရန်နှင့် ခွင့်ပြုချက်ရရှိရန် လျှောက်ထားရာတွင် အချိန်ကြာမြင့်မှုနှင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ လုပ်ထုံးလုပ်နည်းများ ရေရာမှုမရှိခြင်းနှင့် သတင်းအချက်အလက် ပြည့်စုံစွာ မရရှိခြင်းများကလည်း အခက်အခဲဖြစ်ကြောင်း သိရသည်။

“လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေပေးဝေမှုစနစ်များ၊ ရေဆိုးစီမံခန့်ခွဲမှုစနစ်များ၊ လမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေး၊ ကွန်ရက်ချိတ်ဆက်မှု စတဲ့အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ ကောင်းမွန်ပြည့်စုံခြင်းမရှိပါက စက်မှုဇုန်များနဲ့ အထူးစီးပွားရေးဇုန်များအပါအဝင် စီးပွားရေးလုပ်ငန်းများအနေနဲ့ ထိရောက်ကောင်းမွန်စွာ လည်ပတ်နိုင်မှာမဟုတ်ကြောင်း သတိပြုရန်လည်း လိုအပ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အာရှ၏ နောက်ဆုံးစီးပွားရေးဥပစာ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြသည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို အာရှ၏ နောက်ဆုံးစီးပွားရေးဥပစာဖြစ်သည့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသူများကို စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက  လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လက်ရှိရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသူများကိုလည်း လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက ကြွယ်ဝစေမည်ဖြစ်သည့် လုပ်သာကိုင်သာရှိသော၊ လွယ်ကူချောမွေ့သော၊ ကြိုတင်ခန့်မှန်းနိုင်သော ရင်းနှီးမြှုပ်နှံသူများအတွက် မိတ်ဖက်ဖြစ်သော စီးပွားရေးဝန်းကျင်တစ်ခု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခုကို ကျွန်မတို့က ဖန်တီးပေးမှာဖြစ်ပါကြောင်း အခိုင်အမာပြောကြားလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနေသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်တောက်ပရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ အထောက်အပံ့များကို အစိုးရဘက်မှလည်း အင်တိုက်အားတိုက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန်အတွက် အောင်မြင်မှုရရှိခဲ့သည့် အစီအမံများစွာကို အထူးစီးပွားရေးဇုန်အတွင်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါအခြေခံကောင်းများကို နမူနာယူ၍ နိုင်ငံတစ်ဝန်း ဖြန့်ကြက်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေမှာ သိသာထင်ရှားသည့် တိုးတက်မှုများကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent