လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် စက်မှုကုန်ချော (CMP) တင်ပို့မှုမှ ဒေါ်လာသန်း ၁၃၀၀ ကျော် မြင့်တက်ခဲ့သဖြင့် ပို့ကုန်တင်ပို့မှု ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၁၂၀၀ ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၆ ရက်အထိ ခုနစ်လနီးပါးတွင် ပြည်ပသို့ စက်မှုကုန်ချော (CMP) တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၄၈ ဘီလျံကျော် တင်ပို့ထားပြီး ယခင်နှစ် ကာလတူတွင်မူ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၉၅ ဘီလျံ ကျော်သာ တင်ပို့ထားနိုင်သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လနီးပါးတွင် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁,၃၈၉ ဒသမ ၁၈၆ သန်းအထိ ပိုမိုတင်ပို့ ထားနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လနီးပါးတွင် စက်မှုကုန်ချော (CMP) တင်ပို့မှု အဓိက မြင့်တက်ခဲ့သဖြင့် ပြည်ပပို့ကုန် ကဏ္ဍတွင်လည်း အမေရိကန်ဒေါ်လာ ၉ဒသမ ၆၀၅ ဘီလျံ ကျော်အထိ တင်ပို့ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ် ကာတူတွင် ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၄၁ ဘီလျံကျော်သာ တင်ပို့ထားနိုင်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လနီးပါးတွင် အမေရိကန်ဒေါ်လာ ၁,၂၀၂ ဒသမ ၃၉၉ သန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း စသည်တို့အပြင် အခြားသော လုပ်ငန်းများကိုလည်း CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိက တင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ တင်ပို့နေခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လနီးပါးတွင် လယ်ယာထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၁၆၀ ကျော် ပိုမိုရရှိထားသည်။
တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၂၁၀ ကျော် ပိုမိုရရှိထားသည်။
ရေထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၄၉၀ နီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ပိုမိုရရှိထားသည်။
သစ်တောထွက်ပစ္စည်းနှင့် သတ္တုတွင်းထွက် ပစ္စည်းများသည် နိုင်ငံသယံဇာတထွက်ကုန်များ ဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုကို ကန့်သတ်ထားသည်။ ထို့ကြောင့် အဆိုပါကဏ္ဍများမှ တင်ပို့မှုသည် ယခင်နှစ်များထက် လျော့နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။