မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှစ်နိုင်ငံအကြား လက်ရှိထူထောင်ထားသည့် ယန္တရား များမှတစ်ဆင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှစ်နိုင်ငံအကြား လက်ရှိထူထောင်ထားသည့် ယန္တရား များမှတစ်ဆင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး
စတုတ္ထအကြိမ်မြောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ - MOFA)
စတုတ္ထအကြိမ်မြောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ - MOFA)
Published 4 May 2019

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မေ ၃ ရက်တွင် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် (အာရှနှင့်ပစိဖိတ်) မစ္စတာ မာဘုအူဇမန် (Mr. Mahbub Uz Zaman Secretary – Bilateral, Asia and the Pacific) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် အစီအမံများ စီစဉ်ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားရေးတို့အတွက် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ထားရှိမှု၊ နေရပ်စွန့်ခွာ သွားသူများအား ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက် ပြီးစီးမှုတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်းကျင်တွင် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာ သွားသူများ အနေဖြင့် ၎င်းတို့ဆန္ဒအလျောက် နေရပ်ပြန်လာရာတွင် စနစ်တကျ စိစစ်လက်ခံရေးနှင့် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများအား ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် အစည်းအဝေးတွင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှစ်နိုင်ငံအကြား လက်ရှိထူထောင်ထားသော ယန္တရားများမှတစ်ဆင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာ သွားသူများအား ပြန်လည်စိစစ် လက်ခံရာတွင် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များကို နှစ်ဖက်အဖွဲ့ငယ်များ ဖွဲ့စည်းလျက် အဖြေရှာ ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က နေရပ်စွန့်ခွာသွားသူများကို ပြန်လည်စိစစ်လက်ခံရာတွင် နှစ်နိုင်ငံအကြား သဘောတူလက်မှတ် ရေးထိုးထားသည့် “Arrangement on Return of the Displaced Persons from Rakhine State” နှင့် “Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of the Displaced Persons from Rakhine State” တို့ကို အခြေခံ၍ စနစ်တကျ ပြန်လည်စိစစ် လက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေး ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့က နှစ်နိုင်ငံအကြား ဖြစ်ပွားလေ့ရှိသည့် ကိစ္စရပ်များကို နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်း အဖြေရှာ ဆောင်ရွက်ခြင်းဖြင့်သာ အဖြေရှာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းနှင့် နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင်လည်း နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် အစီအမံများအတိုင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော အစီအစဉ်များ၊ မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဗဟိုဌာနတို့နှင့် ပူးပေါင်းလျက် ရခိုင်ပြည်နယ်အတွင်း အာဆီယံမှ ပံ့ပိုးဆောင်ရွက် သွားနိုင်မည့် ကဏ္ဍများနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား အထောက်အကူ ဖြစ်စေမည့် အစီအစဉ်များကိုလည်း အသိပေး ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent