ဘတ်ဂျက် ခွင့်ပြုငွေများကို သတ်မှတ် ကာလအတွင်း အချိန်မီသုံးစွဲနိုင်မှု မရှိ၍ အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) သို့ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လပတ်တွင် ပြန်လည်အပ်နှံငွေ ကျပ်ဘီလျံ ၁၂၃၁ ဒသမ ၁၀၇ ရှိသည့်အနက် လျှပ်စစ်၊ စီမံဘဏ္ဍာ၊ ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ဝန်ကြီးဌာန ခုနှစ်၏ ပြန်အပ်ငွေမှာ ကျပ်ဘီလျံ ၈၉၈ ဒသမ ၁၂၆ ထိ ရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီထံမှ သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ၆/ ၂၀၁၉ ကို ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော်သို့ တင်ပြ ရာ အထက်ပါအတိုင်း ပါရှိခြင်း ဖြစ်သည်။
အထွေထွေ ပိုလျှံရန်ပုံငွေသို့ သာမန် အသုံးအစရိတ် ပိုလျှံငွေ ကျပ်ဘီလျံ ၆၁၉ ဒသမ ၇၆၁၊ ငွေလုံးငွေရင်း အသုံးစရိတ် ပိုလျှံငွေ ကျပ်ဘီလျံ ၅၂၂ ဒသမ ၅၂၂ နှင့် ကြွေးမြီအသုံးစရိတ် ပိုလျှံငွေ ကျပ်ဘီလျံ ၈၈ ဒသမ ၈၂၄ အပ်နှံခဲ့ရာ စုစုပေါင်း ငွေကျပ် ဘီလျံ ၁၂၃၁ ဒသမ ၁၀၇ ရှိသည့်အနက် ပိုလျှံငွေမှ လွှဲပြောင်း သုံးစွဲငွေကျပ် ဘီလျံ ၂၈၉ ဒသမ ၂၁၆ ရှိခဲ့ပြီး အသားတင် ပိုလျှံငွေအပ်နှံမှု ငွေကျပ် ဘီလျံ ၉၄၁ ဒသမ ၈၉၁ ရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြောကြားထားသည်။
ထိုသို့ အထွေထွေ ပိုလျှံရန်ပုံငွေသို့ အပ်နှံငွေတွင် အသားတင် အပ်နှံငွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျပ်ဘီလျံ ၁၅ ဒသမ ၅၃၈၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကျပ်ဘီလျံ ၇၃ ဒသမ ၅၇၃၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကျပ်ဘီလျံ ၁၂၁ ဒသမ ၆၁၆၊ ပညာရေးဝန်ကြီးဌာနက ကျပ်ဘီလျံ ၁၃ ဒသမ ၇၅၀၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ်ဘီလျံ ၅၀ ဒသမ ၈၅၈၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ဘီလျံ ၅၂၇ ဒသမ ၈၉၅နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကျပ်ဘီလျံ ၉၄ ဒသမ ၈၉၆ စုစုပေါင်း ကျပ်ဘီလျံ ၈၉၈ ဒသမ ၁၂၆ ရှိကြောင်း ကော်မတီက ပြောကြားသည်။
ထို့ပြင် ဘတ်ဂျက် ခွင့်ပြုငွေများကို သတ်မှတ် ကာလအတွင်း အချိန်မီ သုံးစွဲနိုင်မှု မရှိ၍ အထွေထွေ ပိုလျှံရန်ပုံငွေ စာရင်းသို့ ပြန်လည် အပ်နှံမှုများ ရှိနေပြီး အထွေထွေ ပိုလျှံရန်ပုံငွေသို့ အသားတင် ပြန်လည် အပ်နှံငွေသည် မူလ ခန့်မှန့်ခြေ၏ ၈ ဒသမ ၉၃ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်ဟု ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ် ပြောကြားထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က နွေရာသီအတွင်း မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးဌာနမှ နှစ်စဉ်တင်ပြ တောင်းခံသည့် ဘတ်ဂျက် ပမာဏများ အားလုံးကို ခွင့်ပြုပေးရန် လိုကြောင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကဏ္ဍသည် ယခု ရေတွင်းတူး ယခု ရေကြည်သောက်လို့ ရသည့်ကိစ္စရပ်များ မဟုတ်ကြောင်း ဖြေကြားခဲ့သည့်အတွက် အဝေဖန်ခံခဲ့ရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာနမှ နှစ်စဉ်တင်ပြ တောင်းခံသည့် ဘတ်ဂျက် ပမာဏများ အားလုံးကို ခွင့်ပြုပေးရန် လိုကြောင်း တောင်းဆိုခဲ့သော်လည်း ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ အထွေထွေပိုလျှံ ရန်ပုံငွေသို့ အပ်နှံငွေတွင် လျှပ်စစ်နှင် စွမ်းအင်ဝန်ကြီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြီးလျှင် ပြန်လည် အပ်နှံငွေ ဒုတိယ အများဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။ စိုးမင်းထိုက်၊ စည်သူ