မြန်မာနိုင်ငံ၏ တည်ငြိမ်မှု အခြေအနေသည် ပြင်းထန်သည့် တိုက်ပွဲများဖြင့် ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်း BNI သုံးသပ်

မြန်မာနိုင်ငံ၏ တည်ငြိမ်မှု အခြေအနေသည် ပြင်းထန်သည့် တိုက်ပွဲများဖြင့် ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်း BNI သုံးသပ်
Published 1 May 2019

ရန်ကုန်မြို့၌ ဧပြီ ၂၉ ရက်က BNI ၏ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန် အကိုးအကား ၂၀၁၇-၂၀၁၈ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်နေစဉ်

မြန်မာနိုင်ငံ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိသော်လည်း နိုင်ငံ၏ တည်ငြိမ်မှု အခြေအနေသည် ပြင်းထန်သည့် တိုက်ပွဲများဖြင့် ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်း BURMA NEWS INTERNATIONAL (BNI) ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း စာအုပ်တွင် သုံးသပ် ဖော်ပြထားသည်။

BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၇-၂၀၁၈  စာအုပ် မိတ်ဆက်ပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါစာအုပ်၏ အနှစ်ချုပ်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ အများစု၏ ရှုမြင်ချက်အရ NCA တွင် လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စုဖွဲ့မှုသည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း အားလုံး ပါဝင်ရေးမူကို အခိုင်အမာဆုပ်ကိုင်ပြီး NCA လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အားစုများသည် ၈၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စာအုပ်တွင် ဖော်ပြထားသည်။

ထိုသို့သော အခြေအနေသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် NCA ကို အမွေဆက်ခံရသော NLD အစိုးရအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်အတွက် စိန်ခေါ်မှု အခက်အခဲတစ်ရပ် ဖြစ်နေသကဲ့သို့ NCA အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရာတွင်လည်း အခက်အခဲများနှင့် တစ်ဆို့မှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စာအုပ်တွင် သုံးသပ်ထားသည်။

NCA လမ်းကြောင်းအရ အကောင်အထည်ဖော်မှုတွင် ၂၁ ရာစုပင်လုံ အစည်းအဝေး သုံးကြိမ် ကျင်းပနိုင်ခဲ့သော်လည်း လေးကြိမ်မြောက် အစည်းအဝေး ကျင်းပနိုင်ရေးအတွက်  ကြန့်ကြာနေသကဲ့သို့ အချို့သော NCA- SEAOs များက NCA အရ တရားဝင် ဆွေးနွေးပွဲများတွင် ပါဝင်မှု ယာယီ ရပ်ဆိုင်းခြင်းနှင့် NCA အရ အကောင်အထည်ဖော်ရသော  JMC ယန္တရား အဆင့်ဆင့်တွင် ပါဝင်မှု ယာယီ ရပ်ဆိုင်းခြင်းများ ကြုံတွေ့ခဲ့ရကြောင်း၊ အခြားတစ်ဖက်တွင်လည်း NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာရေး ကြိုးပမ်းရာတွင် တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံ ဆွေးနွေးမှုများ ရှိသော်လည်း မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ  NCA မဟုတ်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းအား တောင်းဆို တင်ပြလာခဲ့ကြောင်း၊ ထို့ကြောင့် NLD အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ကြီးမားစွာ ကြုံတွေ့နေရသည်ဟု BNI က သုံးသပ်ခဲ့သည်။

ထို့ပြင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများမှာ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်စေ၊ NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်ဖြစ်စေ မရပ်စဲနိုင် ဖြစ်နေပြီး ထို့ကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို ကြွေးကျော် လျှောက်လှမ်းနေသော NLD အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် အပြုသဘောဖြင့် ရှုမြင် သုံးသပ်ခြင်းမျိုး မရရှိဘဲ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများမှ တိုက်ပွဲများက NLD အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ပိုမိုဝေ၀ါး သွားစေသည့် အနေအထား ဖြစ်ကြောင်းလည်း  BNI က သုံးသပ်ထားသည်။

နိုင်ငံအတွင်း ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲ ပဋိပက္ခထိန်းချုပ်ရေး၊ ဖြစ်နိုင်ခြေရှိသော ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများ NCA တွင် ပါဝင်သည် ဆိုသော်လည်း လက်နက် ဖျက်သိမ်းရေး၊ နယ်နိမိတ်စည်း သတ်မှတ်ရေးနှင့် နိုင်ငံရေးအာဏာ မျှဝေရေးကဲ့သို့  အဓိက အရေးပါသည့် အခန်းကဏ္ဍများအတွက် ထိရှလွယ်သည့် ကဏ္ဍတစ်ရပ်အဖြစ် အဖြေရှာရေးသည် မသေချာ မရေရာဘဲ ဝေ၀ါးနေဆဲ ဖြစ်ကြောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ၊ နယ်မြေချဲ့ထွင်မှုများ၊ စစ်ရေးအရ ပြင်ဆင်မှုများသည် EAO အချို့နှင့် NCA သဘောတူညီမှု ရရှိထားသည် ဆိုသော်လည်း ဆက်လက် ဖြစ်တည်နေသည့်အတွက် စစ်ပွဲဖြစ်ပွားရာ ဒေသများရှိ ဒေသခံ ပြည်သူများအတွက် စစ်ဘေးသင့်မှုမှ လွတ်မြောက်ရေး စိုးရိမ်နေရဆဲ ဖြစ်ကြောင်း BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စာအုပ်တွင် ဖော်ပြခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး စသော ရည်မှန်းချက်များအတွက် အခက်အခဲ၊ စိန်ခေါ်ချက်များ၏ အကဲဆတ်သည့် အကြောင်းတရားများကို နားလည် သဘောပေါက်ရန်နှင့် ဖြေရှင်းနိုင်ရေးအတွက်မူ သတိကြီးစွာဖြင့် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်ရန် များစွာလိုအပ်နေသေးကြောင်း  BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စာအုပ်တွင် သုံးသပ်ခဲ့သည်။

 

Most Read

Most Recent