အိုးလ်ထရက်ဖို့ဒ်မှာ သရေတစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ မန်ယူနဲ့ ချယ်လ်ဆီး

အိုးလ်ထရက်ဖို့ဒ်မှာ သရေတစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ မန်ယူနဲ့ ချယ်လ်ဆီး
Photos: AFP
Photos: AFP
Published 29 April 2019

Super Sunday ရဲ့ Big Match ပွဲစဉ်အဖြစ် မန်ယူနဲ့ချယ်လ်ဆီးတို့ အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့ အမှတ်ခွဲယူခဲ့ကြပါတယ်။

မန်ယူအသင်းဟာ အခုပွဲသရေရလဒ်ကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ အခွင့်အရေးအတော်နည်းသွားခဲ့ပါတယ်။

အခုပွဲမှာလည်း ဂိုးသမား ဒီဟေးယားရဲ့အားနည်းမှုကြောင့် ချယ်လ်ဆီးဘက်ကို ချေပဂိုးပြန်ပေးလိုက်ရတာဖြစ်တယ်။

ပွဲအစ(၁၁)မိနစ်မှာ မာတာက အသင်းဟောင်းဘက်ကို ဂိုးပြန်သွင်းပြီး မန်ယူအသင်းကို ဦးဆောင်စေခဲ့တာပါ။

မာတာဟာ မာ့ခ်ဟုချ်ပြီးနောက် ချယ်လ်ဆီ-မန်ယူတွေ့ဆုံမှုတွေမှာ နှစ်သင်းစလုံးအတွက် ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်(၄၃)မိနစ်မှာ ရူဒီဂါ ကိုက်(၃၀)အကွာကန်ချက်ကို ဖမ်းရာမှာ မသေသပ်လို့ ပြန်အံထွက်လာတဲ့ဘောလုံးကို မားကို့စ်အလွန်ဆိုက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာဖြစ်တယ်။

အသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ဒီဟေးယားဟာ နောက်ပိုင်းပွဲတွေမှာ အမှားများနေပြီး ဝေဖန်စရာဖြစ်လာပါတယ်။

ဒီဟေးယားအနေနဲ့ နောက်ဆုံး(၄)ပွဲမှာ သူ့ရဲ့အမှားတွေကြောင့် (၃)ဂိုးအထိပေးခဲ့ရပြီး ယခင်(၁၂၃)ပွဲမှာ မှားယွင်းမှုအကြိမ်အရေအတွက်နဲ့ တူညီနေပါတယ်။ 

မန်ယူအသင်းဟာ ချေပဂိုးပြန်မပေးရခင်အချိန်အထိ ချယ်လ်ဆီးထက် ကစားပုံပိုကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းက အနိုင်ရသင့်တဲ့ပုံစံမျိုး ကစားပြသွားနိုင်ခဲ့တာဖြစ်တယ်။

နှစ်သင်းစလုံး နိုင်ပွဲလိုနေလို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာကြောင့် ဒဏ်ရာရမှုတွေရှိခဲ့ပြီး ချယ်လ်ဆီးအသင်းက ရူဒီဂါနဲ့ မန်ယူအသင်းက ဘာယီတို့ ဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်(၂)နေရာအတွက် (၄)သင်းယှဉ်လုရာမှာ စပါး(၇၀ မှတ်)၊ ချယ်လ်ဆီး(၆၈ မှတ်)၊ အာဆင်နယ်(၆၆ မှတ်)၊ မန်ယူ(၆၄ မှတ်)တို့ အစဉ်လိုက်ရပ်တည်နေပြီး လက်ကျန်(၂)ပွဲမှာ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမရှိပါဘူး။

Most Read

Most Recent