ကမ္ဘာ့အဆင့် (၆) နေရာတွင် ရပ်တည်နေသည့် နာမည်ကြီး အမေရိကန်ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ်သည် မေလတတိယပတ်အတွင်း ကျင်းပမည့် ပီဂျီအေချန်ပီယံရှစ် မေဂျာပြိုင်ပွဲမှသာ ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် တိုက်ဂါးဝုဒ်သည် ဧပြီဒုတိယပတ်က ကျင်းပသည့် မာစတာမေဂျာပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီးနောက် ပြိုင်ပွဲများယှဉ်ပြိုင်မှု ရပ်နားထားခြင်းဖြစ်သည်။
မာစတာချန်ပီယံဆုမှာ တိုက်ဂါးဝုဒ်အတွက် ကစားသမားဘဝတစ်လျှောက် ၁၅ ကြိမ်မြောက်ရယူနိုင်သည့် မေဂျာချန်ပီယံအောင်မြင်မှုဖြစ်ပြီး ၂၀၀၈ ခုနှစ် ဇွန်နောက်ပိုင်း မေဂျာပြိုင်ပွဲတစ်ခုတွင် ပထမဆုံး အကြိမ် ပြန်လည်ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
တိုက်ဂါးဝုဒ်သည် ယင်းပြိုင်ပွဲအပြီးတွင် အခြားပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းမရှိဘဲ အနားယူနေပြီး ယခုတစ်ပတ်ကျင်းပမည့် Wells Fargo Championship ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးအဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်။ ၎င်းသည် ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲတွင် လေးကြိမ်ဗိုလ်စွဲထားပြီး သမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။