ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) တွင်ပါဝင်သော နိုင်ငံများ၏ ပြည်သူများကို ယုံကြည်အောင် ဆောင်ရွက်နိုင်မှသာ စီမံကိန်းရည်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံး အချက်မှာ ဒေသခံ ပြည်သူများ၏ ယုံကြည်ထောက်ခံမှုကို ရရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ဧပြီ ၂၆ ရက်၌ ကျင်းပသော ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အဆင့်မြင့် ဆွေးနွေးပွဲ (High Level Meeting) မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဧပြီ ၂၇ ရက် ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
စီးပွားရေးအရသာမက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်သိမှုကို အခြေခံပြီး စီမံကိန်းများ၏ ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး အရေးကြီးဆုံးအချက်မှာ ဒေသခံပြည်သူများ၏ ယုံကြည်ထောက်ခံမှုကို ရရှိရန် လိုအပ်ကြောင်း၊ BRI အနေဖြင့် ပြည်သူများ၏ဘဝအပေါ် ကောင်းမွန်သော သက်ရောက်မှုရှိမည် ဖြစ်ကြောင်းနှင့် BRI တွင် ပါဝင်သော နိုင်ငံများ၏ ပြည်သူများကို ယုံကြည်အောင် ဆောင်ရွက်နိုင်မှသာ စီမံကိန်းရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်အပါအဝင် သဘောတူညီထားသော လမ်းညွှန်မူဝါဒများကို စွဲကိုင်ပြီး BRI တွင် ပါဝင်ဆောင်ရွက်သော နိုင်ငံများအကြား တူညီဆန္ဒ တည်ဆောက်နိုင်ပါက အရည်အသွေး မြင့်မားသော ပူးပေါင်းဆောင်ရွက်မှုကို သေချာစွာ ဖြစ်ပေါ်စေမည်ဟု မြန်မာနိုင်ငံက ရှုမြင်ကြောင်း၊ ထို့ပြင် BRI အောက်ရှိ စီမံကိန်းများသည် ပါဝင်သော နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ ဦးစားပေး ကိစ္စရပ်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကုန်းမြေပေါင်းကူး တံတားသဖွယ် တည်ရှိနေသည့်အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံတို့ကဲ့သို့သော စီးပွားရေး စျေးကွက်ကြီးမားသည့် နိုင်ငံများနှင့်လည်း နီးကပ်စွာ တည်ရှိနေကြောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံး အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားရှိနိုင်ရေးဟာ မြန်မာနိုင်ငံ၏ မူဝါဒဖြစ်ကြောင်း၊ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်းထိ စပ်နေသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် ဆက်ဆံမှုနှင့် ဘက်ပေါင်းစုံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းထားရှိခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍနှင့် ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ပထဝီအနေအထားအရ နီးကပ်စွာ တည်ရှိခြင်းကြောင့်လည်းကောင်း၊ ရှိရင်းစွဲရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရှိမှုနှင့် ခိုင်မာကောင်းမွန်သော အိမ်နီးချင်းကောင်းပီသမှု တို့ကြောင့်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် BRI ဖိုရမ်မှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအား လွယ်ကူချောမွေ့စေရန် နယ်စပ်ဒေသများတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်ရန်လည်း သဘောတူညီထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထပ်မံဆောင်ရွက်ရမည့် ခြေလှမ်းတစ်ရပ်မှာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ၊ စင်္ကြံများ၏ လမ်းကြောင်းနှင့် ပုံစံတို့ကို ရွေးချယ်သတ်မှတ်ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်သူများ၏ မျှော်မှန်းချက်နှင့် မြန်မာနိုင်ငံ၏ ဦးစားပေး လိုအပ်ချက်များအပေါ် အခြေခံထားသည့် ရေရှည်အမျိုးသား ဖွံ့ဖြိုးမှု မဟာဗျူဟာများ၊ အစီအစဉ်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် လမ်းများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် လျှပ်စစ်ဓာတ်အားရရှိရေး ကဲ့သို့သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုအပေါ် အလေးထားပြီး မြန်မာနိုင်ငံအတွင်း ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့်လာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် ဦးစားပေးကိစ္စရပ်များနှင့်အညီ ရွေးချယ်ထားသော BRI စီမံကိန်းများသည် ပြည်တွင်းဆက်သွယ် ချိတ်ဆက်မှုကို မြှင့်တင်နိုင်ရုံသာမကဘဲ နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှုကိုပါ တိုးမြှင့်ပေးသွားနိုင်မယ်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် သတိထားရမည့် အချက်မှာ ကောင်းမွန်သော တိုးတက်မှုများနှင့်အတူ တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်း၊ မူးယစ်နှင့် လူကုန်ကူးမှုများ ကဲ့သို့သော ဆိုးကျိုးများ ဒွန်တွဲဖြစ်ပေါ် လာလေ့ရှိကြောင်း၊ ချိတ်ဆက်မှုကြောင့် ရရှိလာသော တိုးတက်မှု ရလဒ်များကို ပိုမိုချဲ့ထွင်နိုင်ရန် လိုအပ်သကဲ့သို့ အခြားဖြစ်ပေါ်လာနိုင်သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မကောင်းသော အကျိုးဆက်များကိုလည်း နည်းပါးအောင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ကောင်းမွန်သော တိုးတက်မှု၊ လူနေမှုကို အထောက်ကူ ဖြစ်စေမယ့် ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်ရေးအတွက် အဂတိကင်းစင်စေရန်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပါးစေရန် လိုအပ်ကြောင်း၊ ကမ္ဘာကို ပိုမိုကြွယ်ဝစေရန်နှင့် သာယာလှပစေရန်အတွက် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အလေးထားမှုများကို ဖြည့်ဆည်းသွားနိုင်ရန် BRI မိတ်ဖက်နိုင်ငံများနှင့် မြန်မာနိုင်ငံ အတူတကွ ပူးတွဲလုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။